(ဖေ့စ်ဘုတ် philomath page မှာ ၂၀၁၉ နှစ်ဆန်းပိုင်းလောက်တုန်းက AI နဲ့ ပတ်သက်ပြီး စာရေးသူရဲ့ အတွေးအမြင်အချို့ကို တင်ပြထားတဲ့ ဆောင်းပါးလေးပါ။ နဲနဲရှည်သွားတဲ့အတွက် အပိုင်း ၁ ဆိုပြီး သုံးပိုင်းခွဲပြီး တင်ပြထားပါတယ်။)

ဒီ Post လေးမှာတော့ လူသားတို့ရဲ့ အခမ်းနားဆုံးလည်းဖြစ် ၊ နောက်ဆုံးတီထွင်မှုလည်းဖြစ်တဲ့ AI နည်းပညာနဲ့ သူ့ရဲ့ နောက်ဆက်တွဲ ခြိမ်းခြောက်မှု အန္တရာယ်တွေကို သုံးသပ်တင်ပြချင်ပါတယ်။ ဒါပေမယ့် AI ဆိုတာဘာလဲမပြောခင် AI နည်းပညာနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ဘာတွေပြောထားခဲ့လဲ အရင်လေ့လာကြည့်ရအောင်။ မိုက်ခရိုဆော့ကုမ္ပဏီသူဌေးကြီး ဘီလ်ဂိတ်က “AI နဲ့ ပတ်သက်ပြီး တချို့သူတွေက ဘာလို့စိတ်မပူကြတာလဲမသိဘူး” လို့ဆိုပါတယ်။ SpaceX ကို တည်ထောင်ခဲ့သူ အယ်လွန်မားစ်ခ်ကတော့ AI ဆိုတာ မကောင်းဆိုးဝါးတစ်ကောင်လိုဘဲလို့ နှိုင်းယှဥ်သုံးနှုန်းပါတယ်။ ရူပနက္ခတ္တဗေဒ ပညာရှင် စတီဗင်ဟော့ကင်းကတော့ AI ပေါ်ပေါက်လာခြင်းဟာ လူသားတို့ရဲ့ တိုးတက်ပြောင်းလဲမှုတွေထဲက အဆိုးဝါးဆုံးဖြစ်ရပ် ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဘာလို့ ဒီလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ပညာရှင်တွေက AI နဲ့ ပတ်သက်ပြီး စိတ်ပူပန်နေကြတာလဲ။ သူတို့ စိတ်ပူနေကြတဲ့ အဲဒီ AI နည်းပညာဆိုတာကရော ဘာကြီးလဲ။ စိတ်ပူဖို့ရော လိုအပ်လို့လား။ ကဲ စာရေးသူနဲ့ အတူတူ ဒီမေးခွန်းတွေရဲ့ အဖြေကို လေ့လာကြည့်ကြရအောင်။

AI ရဲ့ အရှည်ကောက်က Artificial Intelligence ပါ။ တိုက်ရိုက်ဘာသာပြန်ရင် ဖန်တီးပြုလုပ်ထားတဲ့ အသိဉာဏ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ တစ်နည်းအားဖြင့် စက်ပစ္စည်းအသိဉာဏ် (Machine intelligence) ကိုခေါ်တာပါ။ အသိဉာဏ်ဆိုတာ လူသားတို့ရဲ့ ပြယုဂ်တစ်ခုပါ။ လူနဲ့ တိရစ္ဆာန်ကို ပိုင်းကန့်စည်းခြားပေးထားတာလည်း ဒီအသိဉာဏ်ဘဲ ဖြစ်ပါတယ်။ စက်ပစ္စည်းဆိုတာက လူတွေ အလုပ်သက်သာအောင် လူတွေကိုယ်တိုင်ကဘဲ တီထွင်ဖန်တီးခဲ့ကြတဲ့ သက်မဲ့ ရုပ်ဝတ္ထုပစ္စည်းပါ။ ဒီတော့ ဒီလို လူကဖန်တီးခဲ့ကြတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေက တစ်ချိန်ချိန်မှာ အသိဉာဏ်ရှိလာပြီး လူတွေကို ယှဥ်ပြိုင် ခြိမ်းခြောက်နိုင်လိမ့်မယ်ဆိုတဲ့အချက်က တချို့လူတွေအတွက် သိပ္ပံစိတ်ကူးယဥ်ဝတ္ထု ဆန်နေပါလိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီအတိုင်း အပြင်မှာ တကယ်ဖြစ်နေပြီလားဆိုတာကို သိရဖို့ သမိုင်းထဲက သာဓကတချို့ကို ပြန်ကြည့်ကြဖို့လိုပါမယ်။ So, let’s go explore some history!!!     

၁၉၉၇ ခုနှစ် မေလ ၁၁ ရက်နေ့မှာ Deep Blue လို့အမည်ရတဲ့ ကွန်ပြူတာနဲ့ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဂယ်ရီကက်စပါရော့တို့ စစ်တုရင် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဲဒီကစားပွဲမှာတော့ ဂယ်ရီကက်စပါရော့ ရှုံးနိမ့်သွားခဲ့ပါတယ်။ Deep Blue မှာ သုံးထားတဲ့ နည်းပညာက ယနေ့ခေတ် AI နည်းပညာလို အသိဉာဏ်ရှိတဲ့ အဆင့်မျိုး မရောက်သေးဘူးလို့ ဆိုနိုင်ရင်တောင် စက်ပစ္စည်းက လူသားတို့ရဲ့ ပိုင်းခြားဆင်ခြင်နိုင်စွမ်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့အချက်ကို ဒီသမိုင်းမှတ်တမ်းလေးမှာ မြင်တွေ့ရမှာပါ။

နောက်ထပ် ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ AlphaGo လို့အမည်ပေးထားတဲ့ AI နည်းပညာသုံး ကွန်ပြူတာပရိုဂရမ်လေးအကြောင်းပါ။ AlphaGo ဟာ စစ်တုရင်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲတဲ့ ‘ဂိုး’ ဆိုတဲ့ ကစားနည်းကို လူတွေနဲ့ ယှဥ်ပြိုင်ကစားခဲ့ပါတယ်။ သူကလည်း ခေသူတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ AlphaGo ဟာ သူ့ရဲ့  ပြိုင်ပွဲမှတ်တမ်းတစ်လျှောက်မှာ ဖန်‌‌ဟွေ့ ၊ လီဆီဒေါ ၊ ကဲ့ဂျီ အစရှိတဲ့ ကမ္ဘာ့အဆင့် လူသားချန်ပီယံတွေကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့လို့ပါဘဲ။ ထူးခြားချက်ကတော့ ဒီ AlphaGo ဟာ ပထမဥပမာထဲက Deep Blue လိုမျိုး  ပရိုဂရမ် (Input)တွေ ရိုက်သွင်းထားစရာ မလိုအပ်ဘဲ သူ့ဘာသာသူ သန်းပေါင်းများစွာသော ‘ဂိုး’ ကစားနည်းတွေကနေ သင်ယူနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒီလိုမျိုး စက်ပစ္စည်းက သူ့ဘာသာသူ သင်ယူတတ်မြောက်နိုင်စွမ်းရှိတာကို အနောက်တိုင်းမှာတော့ Machine Learning (စက်ပစ္စည်း သင်ကြားရေး) နည်းပညာလို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

စက်ပစ္စည်းတွေက လူသားတို့ကို အနိုင်ယူနေတာဟာ စစ်တုရင်နဲ့ ဂိမ်းကစားပွဲမှာတင် ရပ်မသွားပါဘူး။ ဂီတနယ်ပယ်မှာဆို ပြင်သစ်လူမျိုး သီချင်းရေးဆရာ ဘန်နွာကာရေးဟာ Flow Machines လို့ခေါ်တဲ့ AI နည်းပညာသုံး ဂီတပရိုဂရမ်တစ်ခုနဲ့ ပေါင်းစပ်ပြီး Hello World အမည်ရှိ ဥရောပပေါ့ပ်သီချင်း အယ်လ်ဘန်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Flow Machines မှာလည်း ပရိုဂရမ်ထည့်သွင်းထားဖို့ မလိုအပ်တဲ့ စက်ပစ္စည်းသင်ကြားရေး (Machine Learning) နည်းစနစ်ကို    အခြေခံထားတာပါ။ ဒီပုံအတိုင်းဆို အနာဂတ်မှာ AI ကရေးတဲ့ သီချင်းတွေတောင် နားထောင်ကြရတော့မယ် ထင်ပါရဲ့ 😅 ။

သင်္ချာနယ်ပယ်မှာရော ကြည့်ဦးမလား။ ဝါရှင်တန်တက္ကသိုလ်က သုတေသီတွေ တီထွင်ထားတဲ့ GeoS အမည်ရှိ ကွန်ပြူတာ ဉာဏ်ရည်စနစ်ဟာ SAT ဂျီသြမေတြီ မေးခွန်းတွေကို ပျှမ်းမျှအမေရိကန် (၁၁) တန်း ကျောင်းသားတစ်ယောက်နီးပါး ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဘာသာစကားနယ်ပယ်ကို ကြည့်မယ်ဆိုရင်လည်း အလီဘာဘာ သိပ္ပံနဲ့နည်းပညာ အင်စတီကျုကနေ ဖန်တီးထားတဲ့ ဉာဏ်ရည်စနစ်ဟာ စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ စာဖတ်နားလည်နိုင်စွမ်းကိုစစ်ဆေးတဲ့ စာမေးပွဲမှာ လူတွေရဲ့ရမှတ်ထက် အနည်းငယ် ပိုသာတဲ့အကြောင်း တွေ့မြင်နိုင်ပါတယ်။

အထက်မှာ ပေးထားတဲ့ သမိုင်းသက်သေတွေ အရတော့ AI နည်းပညာ ခေါ် စက်ပစ္စည်းအသိဉာဏ်က လူသားတို့ရဲ့ ဉာဏ်ရည်ကို အင်မတန်မှ လျင်မြန်တဲ့နှုန်းနဲ့ အမှီလိုက်လာနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ ဒီလို သာဓကမျိုးတွေ တခြားနယ်ပယ်အသီးသီးမှာလည်း အများအပြား ကျန်ရှိနေနိုင်သေးတယ်ဆိုတာကို ထောက်ချင့်ကြည့်ရင်တော့ AI နည်းပညာဟာ ကျွန်ုပ်တို့ စိတ်ပူသင့်တဲ့ နည်းပညာတစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါဆိုရင် ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ AI နည်းပညာကို ဘာလို့ ဆက်ပြီး တိုးတက်အောင် လုပ်နေကြတာလဲလို့ စာဖတ်သူက မေးခွန်းထုတ်နိုင်ပါတယ်။ ဒီအကြောင်းကိုတော့ နောက်လာမယ့် Post မှာ အသေးစိတ် ဆွေးနွေးပါမယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် စက်ပစ္စည်းအသိဉာဏ် သို့မဟုတ် AI နည်းပညာဆိုတာ နှစ်ဖက်သွား ဓားတစ်ချောင်းလိုပါဘဲ။ သေချာကိုင်တွယ်ထိန်းချုပ်တတ်မယ်ဆိုရင် လူသားတို့အတွက် အနာဂတ်မှာ အားကိုးအားထားပြုနိုင်မယ့် ကယ်တင်ရှင်တစ်ယောက် ဖြစ်လာနိုင်သလို အခြားတစ်ဖက်မှာတော့ လူသားမျိုးနွယ် တစ်စုလုံးကို မျိုးတုန်းသွားနိုင်စေမယ့် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီ‌တော့ AI နည်းပညာက လူသားတို့ရဲ့ အနာဂတ်အပေါ်မှာ ရေတို ၊ ရေရှည် ဘယ်လိုအကျိုးသက်ရောက်မှုတွေပေးနိုင်သလဲ ၊ ဘယ်အချက်က ဒီနည်းပညာကို ဒီလောက် မြန်မြန်ဆန်ဆန်ကြီး တိုးတက်ဖို့ တွန်းအားပေးနေတာလဲ ၊ ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝတွေမှာရော AI က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတာလဲ ၊ စသဖြင့် AI နည်းပညာနဲ့ ပတ်သက်တဲ့ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအချက်တွေကို AI နည်းပညာနဲ့ နောက်ဆက်တွဲ အန္တရာယ် (အပိုင်း ၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Comment တွေမှာ ဝင်ရောက်ဆွေး‌နွေးပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။