(ဖေ့စ်ဘုတ် philomath page မှာ ၂၀၁၉ နှစ်ဆန်းပိုင်းလောက်တုန်းက AI နဲ့ ပတ်သက်ပြီး စာရေးသူရဲ့ အတွေးအမြင်အချို့ကို တင်ပြထားတဲ့ ဆောင်းပါးလေးပါ။ နဲနဲရှည်သွားတဲ့အတွက် အပိုင်း ၁ဆိုပြီး သုံးပိုင်းခွဲပြီး တင်ပြထားပါတယ်။)

Philomath ရဲ့ ပြီးခဲ့တဲ့ Post မှာ AI နည်းပညာဆိုတာ ဘာလဲ ၊ ဘာ့ကြောင့် ဒီနည်းပညာနဲ့ ပတ်သက်ပြီး စိတ်ပူသင့်တာလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။ အခု အပိုင်း (၂) မှာတော့ AI နည်းပညာကို လက်ရှိအခြေအနေထိရောက်လာအောင် ဘယ်အရာတွေက တွန်းပို့ခဲ့တာလဲ ၊ ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝတွေမှာရော သူ့ရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ အစရှိတဲ့ အချက်တွေကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

AI နည်းပညာကို လက်ရှိအခြေအနေထိရောက်လာအောင် တွန်းပို့ခဲ့တဲ့ တရားခံတွေထဲက ပထမဦးဆုံးကတော့ ၂၁ ရာစု နည်းပညာဘဲ ဖြစ်ပါတယ်။ ကြောက်ခမန်းလိ‌လိ မြန်ဆန်တဲ့ ကွန်ပြူတာတွေ ၊ အင်တာနက်တွေဆိုတာ AI နည်းပညာကို စပြီး သုတေသနလုပ်ခဲ့တဲ့ ၁၉၅၆ ခုနှစ်လောက်မှာ မရှိသေးပါဘူး။ ဒါကြောင့်လည်း AI ရဲ့ သမိုင်းကြောင်းတစ်လျှောက်က အတက်အကျတွေနဲ့ ပြည့်နေခဲ့ပါတယ်။ အစိုးရဆီက သုတေသနအတွက် ထောက်ပံ့ကြေး ဖြတ်တောက်ခံခဲ့ရတာလည်း အကြိမ်ကြိမ်ပါ။ ဘာလို့လဲဆိုတော့ တိုးတက်မှုကို သေချာမပြနိုင်ခဲ့ကြလို့ပါ။ တိုးတက်မှုရှိဖို့ဆိုတာကလည်း ဒီဘက်ခေတ်လို အရမ်းမြန်ဆန်တဲ့ ကွန်ပြူတာတွေ ၊ အချက်အလက်သိုလှောင်မှုစနစ်တွေ လိုအပ်တယ်လေ။ ဒါကြောင့်လည်း နည်းပညာတွေ အဆမတန် တိုးတက်လာတဲ့ ၂၁ ရာစုထဲ ရောက်မှာသာ AI နည်းပညာဟာ ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ တိုးတက်လာခဲ့တာဘဲ ဖြစ်ပါတယ်။

 ဒုတိယတရားခံကတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပါဝင်ပတ်သက်မှုကြောင့်ပါ။ AI ရဲ့ အလားအလာကို မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ဟာ ဒီနည်းပညာတိုးတက်ဖို့ ‌‌ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ အများကြီးလုပ်လာကြပါတယ်။ တိုးတက်မှုနဲနဲလောက်တွေ့လိုက် ရင်းနှီးမြှပ်နှံတာတွေ ထပ်တိုးလိုက်နဲ့ လုပ်လာလိုက်ကြတာ အခုလက်ရှိအချိန်မှာတော့ AI နည်းပညာဟာ တည်ငြိမ်တဲ့ အရှိန်တစ်ခုနဲ့ ရှေ့ကိုသာ ဆက်ရွေ့နေပါပြီ။ ဒီပုံအတိုင်းဆို နောင်အနာဂတ်မှာလည်း AI ရဲ့ ရိုက်ခတ်မှုတွေက ဒီ့ထက်ပိုပြီး များလာဖို့သာရှိပါတယ်။

နောက်ဆုံးတွန်းပို့တဲ့ တရားခံကတော့ သုံးစွဲသူတွေဖြစ်ကြတဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ဘဲ ဖြစ်ပါတယ်။ ဒီအချက်က စာရေးသူတင်ပြချင်တဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝက AI ရဲ့အခန်းကဏ္ဍ ဆိုတဲ့အချက်နဲ့လည်း ဆက်စပ်နေပါတယ်။ တကယ်က ကျွန်ုပ်တို့ကိုယ်တိုင် သတိမထားမိဘဲ AI နဲ့ နေ့စဥ်နေ့တိုင်း ထိတွေ့နေခဲ့ကြတာပါ။ အဓိကအားဖြင့်တော့ သင်က သင့်ရဲ့ စမတ်ဖုန်းကို အသုံးပြုလိုက်ပြီဆိုတာနဲ့တင် AI ရဲ့ လက်တံအောက်ကို အလိုလိုဝင်ပြီးသား ဖြစ်သွားပါပြီ။ ဟုတ်ပါ့မလား။ ဘယ်လိုများပါလိမ့်။ ဥပမာတစ်ချို့ ပေးပြီး ရှင်းပြပါရစေ။

ဆိုကြပါတော့။ စာရေးသူရဲ့ ဒီ Post ကို ဖတ်ဖို့ သင်အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်ရဲ့ နောက်ကွယ်မှာ AI က အများကြီးပါဝင်ပတ်သက်ပါတယ်။ အထူးသဖြင့်တော့ ဖေ့စ်ဘုတ်ဟာ သုံးစွဲသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိအောင်လုပ်ပြီးတော့ ကြော်ငြာသူတွေနဲ့ ချိတ်ပြီး စီးပွားရေး လုပ်ပါတယ်။ ရလာတဲ့ အမြတ်တွေကိုလည်း အသုံးပြုသူတွေအတွက် ပိုကောင်းပြီး ၊ ပိုအသုံးဝင်တဲ့ လုပ်ဆောင်ချက် အသစ်အဆန်းတွေကို ပေးဖို့ ပြန်ရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်။ ဒါမှလည်း သုံးစွဲသူတွေက သူတို့ဆီ ပြန်လာကြမှာလေ။

ဟုတ်ပြီ ပြောချင်တာက ဖေ့စ်ဘုတ်ကို အသုံးပြုသူတဲ့သူက ၁.၂ ဘီလီယံ လောက်ရှိပါတယ်။ FORBES ဝက်ဘ်ဆိုက်မှာ တင်ပြထားချက်အရတော့ ဒီလူတွေ တင်ထားတဲ့ ဓာတ်ပုံတွေက သိန်းချီပါတယ်။ Status တွေကိုတင်တာကလည်း တစ်မိနစ်ကို ၂ သိန်း ၉ သောင်း လောက်ရှိပါတယ်။ ဒီလို များပြားလှတဲ့ အချက်အလက်တွေကို အဓိပ္ပာယ်ရှိပြီး စနစ်တကျနဲ့ ပြန်အစီအစဥ်ချဖို့ လူတွေ ကိုယ်တိုင်လုပ်မယ်ဆိုရင် တော်တော့ကို မလွယ်လှတဲ့ ကိစ္စကြီးတစ်ခုပါ။ ဖေ့စ်ဘုတ်ကတော့ Deep Learning လို့ခေါ်တဲ့ ဥာဏ်ရည်စနစ်ကို သုံးပြီး ဒီပြဿနာကို ဖြေရှင်းလိုက်ပါတယ်။

Deep Learning သို့မဟုတ် အတွင်းကျစွာသင်ယူခြင်း ဆိုတာ စက်ပစ္စည်းသင်ကြားရေး (Machine Learning) ရဲ့ ဘာသာခွဲတစ်ခုပါ။ သင်ကိုယ်တိုင် ဘာမှဝင်လုပ်ပေးဖို့မလိုဘဲ စက်က သူ့ဘာသာသူ သင်ယူပြီး ဒီလို များပြားလှတဲ့ အချက်အလက်တွေကို အမျိုးအစားခွဲသွားတာပါ။ ဒါကြောင့်လည်း သင့်ရဲ့ News Feed မှာ တက်တဲ့ ကြော်ငြာတွေဟာ သင်လတ်တလော စိတ်ဝင်စားနေတဲ့ အကြောင်းအရာတွေ ဖြစ်နေတတ်တာပါ။

ဒါကတော့ ဥပမာတစ်ခု အနေနဲ့ ပြတာပါ။ တကယ့်တကယ်မှာတော့ AI ရဲ့ လက်တံက ဖေ့စ်ဘုတ်တင်မကပါဘူး။ အင်တာနက်ကနေ အချက်အလက်တွေ ရှာဖွေဖတ်ရှုချင်လို့ဘဲ ဖြစ်စေ ၊ Youtube တို့ Netflix တို့ကနေ ရုပ်ရှင်တွေ ကြည့်ရှုတာဘဲ ဖြစ်စေ ၊ Amazon လိုမျိုး အွန်လိုင်းကနေ စျေးဝယ်ယူတာမျိုး ဖြစ်စေ အစရှိတဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဥ်လုပ်ဆောင်ချက်တွေရဲ့ နောက်ကွယ်မှာ AI ရှိနေပါတယ်။ ဒါကြောင့်လည်း ပစ်မှတ်ထားကြော်ငြာခြင်း (Targeted Advertising) တို့ ၊ Recommended Videos ဆိုတာတွေပေါ်လာပြီး အစီအစဥ်ကျတဲ့ အင်တာနက်ဝက်ဘ်ဆိုက်ဒ်တွေ ဖြစ်လာတာပါ။

အချုပ်အားဖြင့် ပြောရရင်တော့ အင်တာနက်တို့ Smart Phone တို့ကို အလွယ်တကူ လက်လှမ်းမှီနေတဲ့ ယနေ့ခေတ်ကြီးမှာ AI နည်းပညာဆိုတာ နေ့စဥ်နဲ့အမျှ ထိတွေ့နေရတဲ့ နည်းပညာဖြစ်လာနေပါပြီ။ ပိုဆိုးတာက ကျွန်ုပ်တို့ရဲ့ သဘာဝကလည်း အသစ်အဆန်းဆို ခုံမင်တတ်တဲ့ စိတ်ရှိပါတယ်။ ဥပမာ ဖုန်းဆိုရင် အသစ်မှ ၊ စက်ပစ္စည်းဆို နောက်ဆုံးပေါ်မှ၊ စသည်ဖြင့် ပိုပြီးဆန်းသစ်တဲ့ နည်းပညာတွေကို တောင့်တကြတယ်။  အဲ့ဒီလို တောင်းတဲ့သူရှိလို့လည်း အကွက်မြင်တဲ့ စီးပွားရေးသမားတွေက ငွေကြေးအမြောက်အများရင်းနှီးပြီး  သုတေသနတွေ ထပ်လုပ်ဖို့ တိုက်တွန်းကြတာပါ။ ဒီလိုမျိုး တိုက်တွန်းရင်း လေ့လာရင်း တီထွင်ရင်းနဲ့ လုံးချာလည်လိုက်ပြီး နောက်ဆုံးမှာတော့ လိုက်မှီဖို့တောင် ခဲယဥ်းလာတဲ့ Super smart AI ခေတ်ဆီကို တဖြည်းဖြည်းချင်း ရောက်မှန်းမသိရောက်လာကြပါြပီ။ AI ရဲ့ ကောင်းကျိုးဆိုးကွက်နဲ့ အနာဂတ်အပေါ်မှာ သူ့ရဲ့ အကျိုးသက်ရောက်မှုတွေကိုတော့ AI နည်းပညာနဲ့ နောက်ဆက်တွဲ အန္တရာယ် (အပိုင်း ၃) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ ဖတ်ရှုတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Ref.

[1] Stephen Hawking, 2018. Brief Answers to the Big Questions, UK.

[2] https://www.forbes.com/sites/bernardmarr/2016/12/29/4-amazing-ways-facebook-uses-deep-learning-to-learn-everything-about-you/#5bea8f0bccbf