(ဖေ့စ်ဘုတ် philomath page မှာ ၂၀၁၉ နှစ်ဆန်းပိုင်းလောက်တုန်းက AI နဲ့ ပတ်သက်ပြီး စာရေးသူရဲ့ အတွေးအမြင်အချို့ကို တင်ပြထားတဲ့ ဆောင်းပါးလေးပါ။ နဲနဲရှည်သွားတဲ့အတွက် အပိုင်း ဆိုပြီး သုံးပိုင်းခွဲပြီး တင်ပြထားပါတယ်။)

AI နည်းပညာအကြောင်း ရေးလာခဲ့တာ အပိုင်း (၃) တောင် ရောက်လာပါပြီ။ ဒီတစ်ခါမှာတော့ AI နည်းပညာရဲ့ ကောင်းကွက်ဆိုးကွက်တွေနဲ့ သူ့ရဲ့ အနာဂတ်အပေါ်မှာ ရေတိုရေရှည်ရိုက်ခတ်မှုတွေ အကြောင်းကို တင်ပြချင်ပါတယ်။

AI နည်းပညာမှာ ကောင်းကွက်တွေ အများကြီးပါ။ အထူးသဖြင့် AI ကို ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (Decision making) ၊ အခြေအနေတစ်ခုမှ အကောင်းဆုံး အဖြေကို ရှာဖွေခြင်း (Optimization) ၊ အစီအစဥ်များရေးဆွဲခြင်း (Planning) စတဲ့ လုပ်ဆောင်ချက်တွေမှာ အသုံးပြုကြပါတယ်။ ဒါက စီးပွားရေးနဲ့ စာရင်းအင်းဆိုင်ရာ ပညာရပ်တွေမှာ AI ကို အသုံးပြုတဲ့ ပုံစံပါ။ ကျွန်ုပ်တို့နဲ့ ရင်းနှီးတဲ့နယ်ပယ်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း Social Media တို့ ၊ အင်တာနက်အသုံးပြုမှုတို့ဟာ AI စနစ်ကြောင့် ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူ အတွေ့အကြုံ (User experience) တွေကို ပေးစွမ်းလာနိုင်တာပါ။

၂၀၁၇ ခုနှစ် နိုဝင်ဘာလလောက်က မာ့က်ဇူကာဘတ်ဟာ ဖေ့စ်ဘုတ်ရဲ့ AI ဉာဏ်ရည်စနစ်ကို အသုံးပြုပြီး သေကြောင်းကြံစည်တာတွေကို လျှော့ချပေးနိုင်တော့မှာ ဖြစ်တဲ့အကြောင်း ကြေငြာခဲ့ပါတယ်။ ဆိုလိုတာကတော့ ဖေ့စ်ဘုတ်ရဲ့ AI စနစ်ဟာ သုံးစွဲသူတွေရဲ့ Post တွေ ၊ Comment တွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ အကူအညီပေးတာတွေ ၊ ဖေ့စ်ဘုတ် အဖွဲ့ကို ဆက်သွယ်ပေးတာတွေကို အလိုအလျှောက် လုပ်ဆောင်ပေးနိုင်တာမျိုးပါ။ နောက်ပိုင်းမှာလည်း AI ကို သုံးပြီး  အွန်လိုင်းပေါ်က အနိုင်ကျင့်ခြင်း (Cyber bullying) နဲ့ အမုန်းစကားဖြန့်ဝေခြင်း (Hate speech) စတာတွေကိုလည်း ကာကွယ်လာနိုင်တော့မှာလို့လည်း ဇူကာဘတ်က ပြောခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ AI က ကယ်တင်ရှင်ကြီး တစ်‌ယောက်လိုပါဘဲ။

တခြား ဥပမာတွေကိုလည်း ထပ်ကြည့်ရအောင်။ AI ကြောင့် လူတွေ ဘယ်လောက်တောင် အလုပ်သက်သာသွားသလဲ။ အလိုအလျှောက် ‌မောင်းနှင်နိုင်တဲ့ ကားတွေ ၊ စမတ်ဖုန်းတွေ ၊ အသံနဲ့ အမိန့်‌ပေးခိုင်းစေလို့ရတဲ့ Virtual Assistance တွေ (ဥပမာ iphone မှာဆို Siri ၊ Windows 10 မှာဆို Cortana) ၊ တလောက Amazon ကနေ အသစ်စမ်းသပ်နေတဲ့ မောင်းသူမဲ့ပစ္စည်းပို့ယာဥ်တွေ ၊ တရုတ်နိုင်ငံ ရှင်းဟွာသတင်းဌာနရဲ့ AI နည်းပညာသုံး သတင်းတင်ဆက်သူ ၊ စတဲ့ ဥပမာတွေကို ကြည့်ပြီး AI က လူတွေကို အလုပ်နည်းသထက်နည်းအောင် ကူညီပေးနေတာကို သိနိုင်ပါတယ်။ ဟုတ်တာပေါ့။ လူသားတွေဆို ပင်ပန်းလို့ အနားယူချိန် လိုအပ်မယ် ၊ နောက်ပြီး လူ့ရဲ့အမှား (Human error) ဆိုတာမျိုးကလည်း ရှိတတ်တယ်လေ။ စက်ပစ္စည်းတွေမှာတော့ ဒီလိုပြဿနာတွေ မရှိနိုင်ပါဘူး။ ပညာရှင်တချို့ရဲ့ အဆိုအရတော့ အနာဂတ်မှာ AI ကို သုံးပြီး ရောဂါတွေကို အမြစ်ဖြတ်ချေမှုန်းတာ ၊ ဆင်းရဲမွဲတေမှု ပပျောက်အောင်လုပ်တာ စတာတွေကိုတောင် လုပ်လာနိုင်တော့မယ်လို့လည်း သိရပါတယ်။

AI နည်းပညာက ဒီလောက်တောင် ကောင်းနေမှဖြင့် ဘာများ စိတ်ပူဖို့လိုနေသေးသလဲ။ Great power comes with great responsibility လို့ဘဲ ပြောရမှာပါ။ ဆိုလိုတာက အကောင်းဆုံးဆိုတာရှိလာရင် အဆိုးဆုံးဆိုတာကလည်း ကပ်ပါလာတတ်တဲ့ သဘောမျိုးပါ။ စတီဗင်ဟော့ကင်းကတော့ တစ်ချိန်ချိန်မှာ AI ရဲ့ ဉာဏ်ရည်ဟာ လူသားတို့ရဲ့ ဉာဏ်ရည်အဆင့် သို့မဟုတ် သည့်ထက် သာလွန်သွားပြီး သူ့စိတ်သူ့သဘောအတိုင်း ဒီဇိုင်းသစ်တွေ ထပ်ထုတ်ပြီး လူသားတို့ လိုက်မမှီနိုင်လောက်အောင် အဆင့်မြင့်မားတဲ့ နည်းပညာတွေ ထပ်တီထွင်မှာ စိုးရိမ်မိတဲ့အကြောင်း သူ့ရဲ့ စာအုပ်ထဲမှာ ရေးခဲ့ပါတယ်။ ဒါဝင်ရဲ့ သဘာဝဆင့်ကဲပြောင်းလဲမှုမျိုးနဲ့သာ ပြောင်းလဲတိုးတက်နေတဲ့ လူသားမျိုးနွယ်တွေအတွက်တော့ AI ကို ယှဥ်ပြိုင်အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ထားပါတော့။ ဒါက ရေရှည်မှာ ဖြစ်ကောင်းဖြစ်လာနိုင်မယ့် အရာမျိုးပါ။ ရေတိုကို ကြည့်ကြမယ်ဆိုရင်တော့ AI နည်းပညာစနစ်ကို အဖျက်အမှောင့်လုပ်ငန်းတွေအတွက် အသုံးပြုနိုင်တာမျိုးပါ။ ဥပမာ အလိုအလျှောက် လက်နက်စနစ် (Autonomous Weapon System) လို့ခေါ်တဲ့ AI စနစ်ဟာ သူ့ဘာသာသူ ပစ်မှတ်ကို ရွေးချယ်ချေမှုန်းနိုင်စွမ်းရှိပါတယ်။ ဒီတော့ မူလက လူတွေကို အကူအညီပေးဖို့ တီထွင်ခဲ့တဲ့ AI ဟာ တစ်ချိန်မှာ လူသားအချင်းချင်းထိခိုက်အောင် ဖျက်စီးပစ်နိုင်မယ့် လက်နက်လည်း ဖြစ်လာနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။

AI ရဲ့ အနာဂတ်အပေါ်မှာ ရိုက်ခတ်မှုတွေကတော့ ရေတိုမှာ ဘယ်သူက ထိန်းချုပ်သလဲဆိုတဲ့အချက်ပေါ်မှာ မူတည်ပြီး ရေရှည်မှာတော့ ထိန်းချုပ်လို့ရော ရနိုင်ဦးပါ့မလား ဆိုတာဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ထိန်းချုပ်လို့မနိုင်တော့ရင်လည်း ဘာဖြစ်လဲ ၊ ပိတ်လိုက်လို့မရဘူးလား ဆိုပြီးတော့ မေးနိုင်ပါတယ်။ ဒီအမေးကိုတော့ ဆွီဒင်လူမျိုးတွေးခေါ်ပညာရှင် နစ်ဘော့စ်စထရွန်း က အင်တာနက်ကို ပိတ်တဲ့ခလုတ်က‌ရော ဘယ်မှာလဲ ဆိုတဲ့ အမေးနဲ့ သူ့ရဲ့ TED အစီအစဥ်မှာ အဖြေပေးသွားခဲ့ပါတယ်။ သူပြောတာလည်း မှန်ပါတယ်။ ၂၁ ရာစု နည်းပညာအရ သင့်မှာ ကိုယ်ပိုင်ကွန်ပြူတာ တစ်လုံး ဒါမှမဟုတ်လည်း စမတ်ဖုန်း တစ်လုံး ရှိယုံနဲ့တင် အချိန်မရွေး နေရာမရွေး အင်တာနက်ဝန်ဆောင်မှုတွေကို သုံးစွဲနိုင်နေပြီ မဟုတ်လား။ တစ်နေရာက ဖုန်းကို ပိတ်လိုက်တော့ရော ဘာဖြစ်လဲ။ Cloud ဆိုတဲ့ အွန်လိုင်း သိုလှောင်မှုနည်းပညာရှိနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းကို ပိတ်လိုက်ရုံ ၊ သင့်အကောင့်ကို ပိတ်လိုက်ရုံလောက်နဲ့ ရပ်လို့ရမသွားပါ။ နောက်ထပ်ဖုန်းအသစ် တစ်လုံးနဲ့ နေရာသစ်တစ်ခုမှနေပြီး သင်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ပြန်လည်ရယူနိုင်မှာဘဲ ဖြစ်တယ်။

ဒါကတော့ ဥပမာအနေနဲ့ ပေးတာပါ။ AI ဟာလည်း ဒီနည်းအတိုင်း အလုပ်လုပ်တယ်ဆိုတာ သိထားသင့်ပါတယ်။ တစ်ချိန်ချိန်မှာ AI ကို ရပ်ချင်လာတဲ့အခါကျတော့ တအားနောက်ကျသွားပါလိမ့်မယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အယ်လွန်မားစ်ကတော့ AI တွေအတွက် အချိန်ကာလဆိုတာ ကျွန်ုပ်တို့သိထားတာနဲ့ မတူဘူးလို့ပြောခဲ့ပါတယ်။ ဒါကတော့ သူတို့ရဲ့ စိတ်ချင်းချိတ်ဆက်ထားတဲ့ ကွန်ယက် (Mind Network) ကြောင့်ပါ။ ဥပမာ AI စနစ်ပါတဲ့ စက်ရုပ် စာရေးသူအိမ်မှာ တစ်ရုပ် ၊ အခု ဒီစာဖတ်နေတဲ့ သင့်ရဲ့ အိမ်မှာ တစ်ရုပ်ရှိတယ် ဆိုပါတော့။ စာရေးသူဆီက စက်ရုပ်က စာရေးသူရဲ့ အမူအကျင့်တွေ ၊ စကားပြောပုံတွေကို သင်ယူပါတယ်။ တစ်ချိန်တည်းမှာ သင့်ဆီက စက်ရုပ်ကလည်း သင့်ရဲ့ အမူအကျင့်တွေကို သင်ပါတယ်။ ဒါပေမယ့် တကယ့်တော့ စက်ရုပ်က တစ်ချိန်တည်းမှာ ၂ အိမ်လုံးဆီကနေ သင်ယူနေတာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်တွေကို ကွန်ယက်လိုမျိုး Cloud နည်းပညာနဲ့ ချိတ်ဆက်ထားလို့ပါ။ ဒါကြောင့် သင့်ဆီက စက်ရုပ်တတ်မြောက်တဲ့ အရာတွေကို စာရေးသူရဲ့ စက်ရုပ်ကလည်း သိနေပါတယ်။ အကယ်၍များသာ သင်က နိုင်ငံခြားသား ဖြစ်နေရင် စက်ရုပ်က ဘာသာစကား ၂ မျိုး တတ်သွားမှာပါ။ ဒါဟာ စာရေးသူ အိမ်က စက်ရုပ်ကိုပါ သက်ရောက်ပါတယ်။ အဲလိုနည်းနဲ့သာ သင်ယူသွားမယ်ဆို သေချာပါတယ် ၊ သင့်ရဲ့ စက်ရုပ်က သင့်ထက်ရော စာရေးသူထက်ပါ ဉာဏ်ရည်အားဖြင့် သာလွန်သွားမှာပါ။

အချုပ်အားဖြင့်ပြောရရင် AI ဆိုတာ အဆိုးချည်းတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် သင့်တော်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ မရှိဘူးဆိုရင်တော့ စတီဗင်ဟော့ကင်းပြောခဲ့သလိုဘဲ လူသားမျိုးနွယ်အတွက် အဆိုးဝါးဆုံးသောအမှား (the worst mistake ever) ဖြစ်သွားမှာပါ။ နည်းပညာနဲ့ စဥ်းစားဉာဏ်တို့ အားပြိုင်တဲ့ပွဲမှာ စဥ်းစားဉာဏ်ကိုသာ အနိုင်ရစေချင်ကြောင်း ပြောကြားရင်း စာရေးသူရဲ့ AI နည်းပညာနဲ့ နောက်ဆက်တွဲ အန္တရာယ် Post များကို နိဂုံးချုပ်ချင်ပါတယ်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Ref.

Stephen Hawking, 2018. Brief Answers to the Big Questions, UK.

Bostrom, N. A. (March, 2015). What happens when our computers get smarter than we are? Retrieved from https://www.ted.com/talks