“သား အဘိုးကို ပြောစမ်း။ ပညာဆိုတာ ဘာတုန်းကွ”
တလောက စာရေးသူမြန်မာပြည် ခဏပြန်ရောက်တုန်း အဘိုးကို သွားကန်တော့ဖြစ်တော့ ကောက်ခါငင်ခါ မေးလိုက်တဲ့ အဘိုးရဲ့ မေးခွန်းပါ။ အဘိုးက ဒီလိုမျိုး သူ့ကို ကန်တော့ဖို့လာသူတွေကို ရိုးရိုးဆုပေးရတာထက် မှတ်သားစရာ အသိတစ်ခုခု ပြန်ပေးလေ့ရှိတယ်။ အခုလည်း သူ သြဝါဒတစ်ခုခုခြွေဖို့ မေးတယ်ဆိုတာ သိလိုက်မိတယ်။ ဒါနဲ့ စာရေးသူက “ပညာဆိုတာ စာသင်ခန်းထဲက ပညာ (book knowledge) နဲ့ လမ်းပေါ်ကပညာ (street knowledge) ဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်” ဘာညာ စသည်ဖြင့် ကြည့်ကျက်ဖြေရသည်ပေါ့။ အဘိုးကတော့ စာရေးသူရဲ့ အဖြေကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်တယ်။ ပြီးတော့မှ သူအဓိကပေးချင်တဲ့ message ကို ပြောပြပါတယ်။
“အဘိုးကတော့ ရှည်ရှည်ဝေးဝေး မပြောတော့ဘူးကွယ်။ မှတ်ထားကွ။ ပညာဆိုတာ Analysis ပဲ။ ဘဝမှာ တွေ့ရတဲ့ အဖြစ်အပျက်တွေ၊ အခက်အခဲတွေကို ဝေဖန်ပိုင်းခြား ဆန်းစစ်တဲ့အတတ်ကို ခေါ်တာပေါ့ကွာ” တဲ့။
မှန်လိုက်လေ။ အခု Analysis အကြောင်း ဆောင်းပါးရေးဖို့ စဥ်းစားတော့ အဘိုးရဲ့ သြဝါဒလေးကို အမှတ်ရမိတာကြောင့် ထည့်ရေးလိုက်ရတာပါ။ ဟုတ်ပြီ။ ဒါဆို ဒီ analysis ဆိုတဲ့ စကားလုံးလေးကို ပြန်ကြည့်ရအောင်။ သူက ရှေးဂရိစကားလုံး análisis ကနေ ဆင်းသက်လာတာပါ။ ခွဲခြမ်းခြင်း (သို့မဟုတ်) အနှောင်အထုံးကို ဖြေလျော့ခြင်း လို့အဓိပ္ပာယ်ထွက်ပါတယ် (Ref. [1])။ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို သေးသေးလေးတွေပိုင်းပြီး တစ်ခုချင်း သေချာလေ့လာဆန်းစစ်ကြည့်မယ်ဆို ပိုမိုကောင်းမွန်တဲ့ နားလည်ခြင်းကို ရရှိနိုင်ပါတယ်။ ဒီနည်းလမ်းကို အထူးသဖြင့် သင်္ချာ ၊ သိပ္ပံနဲ့ ယုတ္တိဗေဒ တို့မှာ အသုံးပြုကြပါတယ်။ အမှန်တော့ သင်္ချာ ၊ သိပ္ပံနဲ့ ယုတ္တိဗေဒ နယ်ပယ်တွေမှာတင်မကပါဘူး။ ဒီ analysis ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာခြင်းအတတ်ဟာ နေရာတကာမှာ လိုအပ်တာကိုတွေ့ရပါလိမ့်မယ်။ ဆိုပါတော့ စာရေးသူတို့ သတင်းတစ်ပုဒ် ၊ ဒါမှမဟုတ်လည်း ဝတ္ထုတစ်အုပ်ကို ဖတ်မယ်။ အဲ့ဒီမှာ ပုံမှန်ပဲ ဖတ်လိုက်မယ်ဆို ကိုယ်ဖတ်လိုက်ရတဲ့ သတင်း (သို့) စာအုပ်ကနေ ပေးတဲ့အကြောင်းအရာ (Facts) ကိုပဲ ရလိုက်မယ်။ သေချာကျကျနန ဆန်းစစ်သုံးသပ်ကြည့်တတ်သူတွေမှသာ အဲ့ဒီ စာကပေးတဲ့ Facts ကိုရော စာရဲ့ နောက်ကွယ်မှာ ဝှက်ထားတဲ့ နက်နဲတဲ့အချက်အလက်တွေနဲ့ စာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ မှန်၏ မှား၏ စသည်ဖြင့် ကြောင်းကျိုးဆက်စပ်သုံးသပ်မှုတွေ စသဖြင့် ရရှိနိုင်ကြတာပါ။ ထားပါတော့၊ ဒါက ဥပမာအနေနဲ့ ပြတာပါ။
‘ကိစ္စများမြောင် ဤလူ့ဘောင်’ ဆိုတဲ့ စကားအတိုင်း လောကမှာ ကြုံရဆုံရတဲ့ အဖြစ်သနစ် ၊ ပြဿနာတွေက အင်မတန်မှ အများသား။ တိုင်းရေးပြည်ရေး၊ ရပ်ရေးရွာရေးတွေ အသာထားပါဦး။ မိသားစု၊ အလုပ်အကိုင်၊ လူမှုရေးရာ စတဲ့ နိစ္စဓူဝ ကိစ္စဝိစ္စတွေကြားမှာ ပြဿနာဆိုတာက တစ်နေ့မဟုတ် တစ်နေ့တော့ ကြုံနိုင်တာချည်း။ ဒီလိုအချိန်မျိုးတွေမှာ လမ်းပျောက်တတ် (တစ်ချို့လည်း မျက်ကလူးဆန်ပြာ ဆိုသလို) ဖြစ်တတ်ကြတာလည်း ဓမ္မတာပါ။ ဒါမျိုးကြုံလာရပြီဆို analysis လုပ်တတ်တာက အင်မတန်မှကို အကျိုးကျေးဇူးများပါတယ်။ မိမိပြဿနာရဲ့ ဇာစ်မြစ်ကို သေချာသိပြီလား၊ ဒီပြဿနာကို ရှင်းဖို့ အသိ (Knowledge) ရော မိမိမှာ ရှိရဲ့လား၊ မရှိသေးရင် knowledge ရှိအောင် ဘယ်လိုရှာမလဲ၊ ဘယ်ကနေရှာမယ်၊ ဘယ်လိုသူတွေကို ချဉ်းကပ်ပြီး မေးမြန်းမယ်ဆို ဘယ်လိုအကျိုးထူးနိုင်မလဲ၊ ဘယ်လိုနည်းလမ်းက ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်မလဲ စသည်ဖြင့် မေးခွန်းအမျိုးမျိုးကို ရှုထောင့်အမျိုးမျိုးကနေ ထုတ်ပြီး ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။ ဒါကို စာရေးသူကတော့ “Take a moment to ponder” (ဆုံးဖြတ်ချက်မချမှီ စဉ်းစားဖို့ အချိန်ခဏပေးခြင်း) လို့ဆိုချင်ပါတယ်။
လုပ်စရာရှိတာ လုပ်ခြင်း (action) နည်းတူ တွေးဆဆင်ခြင်ခြင်း (thinking) ဆိုတာ အင်မတန်မှ အရေးပါတယ်။ တစ်ခါတစ်လေ တွေးဆမှု (thinking) အားနည်းသွားပြီး လုပ်ဖို့ (action) တွေချည်း အားစိုက်ထုတ်နေတာမျိုးလည်း ရှိတတ် (ဖြစ်တတ်) ပါတယ်။ အကျိုးဆက်ကတော့ မိမိရသင့်သလောက် efficiency ကိုတောင် မရနိုင်တော့တာမျိုးပါ။ ဥပမာ – ဆယ်တန်းမှာ စာကျက်ကြတယ်။ ကျက်နည်း၊ မှတ်နည်းမှားနေတဲ့အခါ ဝါယမစိုက်ထုတ်တာကောင်းပေမယ့် လိုချင်သလောက် အမှတ်တွေမရတာမျိုး၊ ဒါမှမဟုတ်လည်း ‘မအိပ်မနေ’ လို့ဆိုရလောက်အောင် ကျက်မှတ်အားထုတ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါက action နဲ့ thinking မမျှရင် ဖြစ်တတ်တာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ဉာဏ်ရည်အဆင့် မတူညီတာကြောင့် အားထုတ်မှု လိုအပ်တာခြင်း မတူနိုင်တာမျိုးလည်း ဖြစ်နိုင်ပေမယ့် အားစိုက်ထုတ်တာ အရမ်းများနေပြီး ရသင့်သလောက်တောင် ဖြစ်မလာဘူးဆိုရင်တော့ စာရေးသူအနေနဲ့ Take a moment to ponder everything လို့သာ အကြံပြုချင်ပါတယ်။ ဒီနေရာမှာ ‘အားမထုတ်ရဘူး’ လို့ ဆိုလိုတာမဟုတ်တာကိုလည်း သတိပြုစေချင်ပါတယ်။ အားထုတ်ပါ။ ဒါပေမယ့် ဆင်ခြင်သုံးသပ်တာကိုလည်း လုပ်ပေးပါ။ သင်လက်ရှိလုပ်နေတာတွေရော၊ သင့်ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာပါ များစွာအထောက်အကူပြုပါလိမ့်မယ်။
“Thinking without action is empty and action without thinking is blind”
ဆိုပြီး action နဲ့ thinking မျှတဖို့လိုအပ်တာကို ထောက်ပြခဲ့ကြတဲ့သူတွေတောင် ရှိခဲ့ကြပါတယ် (ဒီစကားကို ဂါနာနိုင်ငံ သမ္မတ Kwame Nkrumah (1909 – 1972) က ဆိုခဲ့ဖူးပါတယ်)။ ဒီနေရာမှာ thinking ဆိုတာက ဆင်ခြင်သုံးသပ်ခြင်း၊ တစ်နည်း ပိုပြီးကျယ်ပြန့်တဲ့အဓိပ္ပာယ်နဲ့ ပြောရရင်တော့ စာရေးသူရဲ့ အဘိုးဆိုခဲ့တဲ့ ပညာဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေါ့၊ ဒါတွေဟာ အပြောလွယ်သလောက် တစ်ခါတစ်လေကျ အလုပ်ခက်တယ်ဆိုတာကို engineering field မှာ လုပ်နေတဲ့ စာရေးသူရဲ့ (မများလှတဲ့) အတွေ့အကြုံအရ ကောင်းကောင်းကြီး သဘောပေါက်ထားပါတယ်။ ဒါပေမယ့်လည်း ဝေဖန်ပိုင်းခြားခြင်း (analysis)၊ တစ်နည်း ‘ပညာ’ ဟာ နေရာတကာမှာ မရှိမဖြစ်အရေးပါလှတာကြောင့် ဒီ analysis ဆောင်းပါးလေးနဲ့ insight စာဖတ်သူတို့လည်း အသိအမြင် သတိယှဉ်နိုင်ကြစေဖို့ အကြုံပြုရေးသားလိုက်ရပါတယ်ခင်ဗျား။
အားလုံး analysis လုပ်ခြင်းဖြင့် ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်ကြပါစေ။
#yp
References
[1] Douglas Harper (2001–2012). “analysis (n.)”. ONLINE ETYMOLOGY DICTIONARY. Douglas Harper. Retrieved 23 May 2012.
[2] Cover photo retrieved from: Stephen Dawson on Unsplash