မနှစ်က ကိုရန်အောင်မိုး ရေးထားတဲ့ လကြတ်ခြင်းဆိုင်ရာ ‌ဆောင်းပါးလေးကို (ကိုရန်အောင်မိုးရဲ့ ခွင့်ပြုချက်အရ သင့်တော်ရုံ အနည်းငယ်မျှ ပြင်ဆင်မွမ်းမံပြီး) ပြန်ရှယ်ပေးတာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ကိုသောင်းကျော်ဦးရဲ့ Photoelectric effect ေဆာင်းပါးနဲ့လည်း ဆက်စပ်ကြည့်လို့ရပါတယ်။ အလင်းရဲ့ Frequency တှေ၊ Wavelength တှေ၊ Obstacle တှေနဲ့ တွေ့တဲ့အခါ ဖြစ်လာတဲ့ interaction တွေ၊ သဘောသဘာဝတွေက အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒီဆောင်းပါးလေးကနေ အလင်းနဲ့ပတ်သက်တဲ့ အခြေခံ သိပ္ပံဗဟုသုတတွေ အများကြီး ရနိုင်တာမို့ သေချာဖတ်ကြည့်လိုက်ကြပါဦး။


အရင်အချိန်တွေတုန်းကတော့ လကြတ်တာနဲ့ပက်သက်ပြီး လူတွေသိပ်သတိမထားမိကြပါဘူး။ အခုနောက်ပိုင်းတော့ အင်တာနက်နဲ့ Facebook ရဲ့ လှုံ့ဆော်မှုအားနဲ့ လူတော်တော်များများက လကြတ်ခြင်းဖြစ်စဉ်ပေါ်မှာ စိတ်ဝင်တစားရှိလာကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က လကြတ်မှုဖြစ်စဉ်မှာ လူတိုင်းသတိထားမိလိုက်ကြမယ့် သွေးရောင်လွှမ်းတဲ့ လနဲ့ပတ်သက်လို့ ကျွန်တော်တို့ရူပဗေဒဘက်က စိတ်ဝင်စားဖွယ်ရာအချက်အလက်လေးတွေကို ဗဟုသုတအဖြစ်ဝေမျှချင်ပါတယ်။

လကြတ်တာကို “မြင်” ရတယ်ဆိုကတည်းက မြင်ခြင်းနဲ့သက်ဆိုင်တဲ့ အလင်းအကြောင်းကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ အလင်းကို သမားရိုးကျသိပ္ပံ (Classical Physics) မှာ လျှပ်စစ်သံလိုက်လှိုင်းအနေနဲ့ သတ်မှတ်ပါတယ်။ အသံကတော့ ဒြပ်သားတွေရဲ့ဖိအားလှိုင်းပေါ့။ လေထုထဲမှာဆိုရင် အသံတွေက လေထုဖိအားအတက်အကျလှိုင်းတွေပေါ့။ တိရစ္ဆာန်တွေသာကြားနိုင်ပြီး လူသားတွေမကြားနိုင်တဲ့ အသံလှိုင်းတွေရှိတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အသံလှိုင်းမှာဆိုရင် လူသားတွေရဲ့အကြားအာရုံက ပုံမှန်အားဖြင့် ကြိမ်နှုန်း 20Hz ကနေ 20,000 Hz အထိပဲ ကြားနိုင်ပါတယ်။ အဲ့ဒီကြားနိုင်တဲ့ ကြိမ်နှုန်းတာခွင်ကလည်း အသက်အရွယ်ရလာတာနဲ့အမျှတဖြည်းဖြည်း လျော့နည်းယိုယွင်းလာလေ့ရှိပါတယ်။ ဒါကြောင့်လည်း တိရစ္ဆာန်တွေဟာ ငလျင်၊ ဆူနာမီ အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ကြိုတင်အချက်ပြလှိုင်းတွေကို အာရုံခံသိရှိနိုင်ကြတာ ဖြစ်ပါတယ်။ အလင်းလှိုင်းတွေအတွက်လည်း ထို့နည်းတူပါပဲ။ စွမ်းအင်အမြင့်ဆုံး ဂါမာရောင်ခြည် (Gamma rays ~ 10 21 Hz) တွေကနေ စွမ်းအင်အနိမ့်ဆုံး ရေဒီယိုလှိုင်း (Radio waves ~ 106 Hz) တွေအထိ ကျယ်ပြန့်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတာခွင် (ပုံ – ၁) ထဲမှာ  ကျွန်တော်တို့မျက်စိနဲ့ အာရုံခံသိရှိနိုင် (မြင်နိုင်) တာဟာ သက်တန့်ရောင်စဉ်ထဲမှာပါတဲ့ ခရမ်းရောင် (frequency ~ 789 × 1012 Hz) ကနေ အနီရောင် (frequency ~ 400 × 1012 Hz) အထိ ရောင်စဉ် ၇ ခုပဲရှိပါတယ်။

ဒီပုံထဲမှာတော့ လျှပ်စစ်သံလိုက်လှိုင်းတာခွင်တစ်ခုလုံးကို ခြုံပြီးဖော်ပြထားတာပါ။ သက်ဆိုင်ရာ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ လှိုင်းအလျား၊ ကြိမ်နှုန်း စွမ်းအင်နဲ့ သက်ဆိုင်ရာအသုံးချ နယ်ပယ်တွေကို နှိုင်းယှဉ်ပြထားတာကိုတွေ့နိုင်ပါတယ်။ (Image Courtesy: NASA 2010)

ပုံ – ၁။ ဒီပုံထဲမှာတော့ လျှပ်စစ်သံလိုက်လှိုင်းတာခွင်တစ်ခုလုံးကို ခြုံပြီးဖော်ပြထားတာပါ။ သက်ဆိုင်ရာ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ လှိုင်းအလျား၊ ကြိမ်နှုန်း စွမ်းအင်နဲ့ သက်ဆိုင်ရာအသုံးချ နယ်ပယ်တွေကို နှိုင်းယှဉ်ပြထားတာကိုတွေ့နိုင်ပါတယ်။ (Image Courtesy: NASA 2010)

အဲ့ဒီတော့သက်တန့်ရောင်စဉ် ၇ ခုမှာ အနီရောင် ကနေ ခရမ်းရောင်အထိ ကြိမ်နှုန်းနဲ့စွမ်းအင်ဟာ မြင့်သွားပါတယ်။ ဥပမာပြောရရင် အစိမ်းရောင်အလင်းက အဝါရောင်အလင်းထက် စွမ်းအင်မြင့်ပြီး ကြိမ်နှုန်းပိုများပါတယ်။ လှိုင်းတွေမှာ ကြိမ်နှုန်းနဲ့ လှိုင်းအလျားကပြောင်းပြန်အချိုးကျပါတယ် (ကြိမ်နှုန်းမြင့်ရင် စွမ်းအင်မြင့်တယ်လို့ မှတ်ယူနိုင်)။ လှိုင်းအလျားရှည်တဲ့ လှိုင်းတွေဟာ သူ့ရဲ့လှိုင်းအလျားထက်ငယ်တဲ့အရာဝတ္တုတွေကို ကျော်ခွပြီး သွားနိုင်ကြပါတယ်။ သူ့ရဲ့လှိုင်းအလျားအရွယ်အစားထက် ကြီးတဲ့အရာဝတ္တုတွေနဲ့ တွေ့ရင်တော့ နံရံကိုပစ်ပေါက်လိုက်တဲ့ ဘောလုံးလိုနောက်ပြန်လှည့်လာပါတယ်။ ဒါကြောင့် တော၊ တောင်၊ ကမ်းဘားယံတွေမှာပဲ ပဲ့တင်သံတွေကို ကြားရလေ့ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီတော့ လှိုင်းတွေက (အထူးသဖြင့် လှိုင်းအလျားတိုတဲ့လှိုင်းတွေ) အရာဝတ္တုတွေနဲ့ ဝင်တိုက်တဲ့အခါမှာ လွင့်စင်လေ့ရှိပါတယ်။

လက သွေးရောင်လွှမ်းရတဲ့ကိစ္စက ကောင်းကင်ဘာကြောင့်ပြာရသလဲ ဆိုတဲ့ကိစ္စနဲ့ တိုက်ရိုက်ပက်သက်မှုရှိပါတယ်။

အဲ့ဒီတော့ကောင်းကင် ဘာကြောင့်ပြာရတာလဲဆိုတဲ့ကိစ္စဆီ ခဏပြန်အလည်သွားကြရအောင်။

ကောင်းကင်ဘာကြောင့်ပြာရသလဲ

အလွန်သေးငယ်တဲ့အမှုန်တွေနဲ့အလင်းနဲ့ ဝင်တိုက်တဲ့အခါမှာ အလင်းက မူလဦးတည်ရာဘက်မှ အရောင်ပြောင်းလဲခြင်း (စွမ်းအင် သို့ ကြိမ်နှုန်း သို့ လှိုင်းအလျား) ပြောင်းလဲခြင်းမရှိဘဲ သွေဖည်ထွက်ခြင်းဖြစ်စဉ်ကို ရေးလိ လွင့်စင်ခြင်းဖြစ်စဉ် (Rayleigh Scattering) လို့ခေါ်ပါတယ်။ သက်ဆိုင်ရာလှိုင်းအလျားတစ်ခုရှိတဲ့ အလင်း (အရောင်) တစ်ခုအတွက် ရေးလိ လွင့်စင်ခြင်းဖြစ်စဉ် ဖြစ်နိုင်ခြေက အဲ့ဒီလှိုင်းအလျားရဲ့ လေးထပ်ကိန်းနဲ့ပြောင်းပြန်အချိုးကျပါတယ်။ (ပုံ – ၂ မှာ ရှုပါ။)

ပုံ – ၂. Rayleigh Scattering ကိုပုံသေနည်းနဲ့တကွ ပြသထားပါတယ်။

အပြာရောင်အလင်းက အနီရောင်အလင်းထက် လှိုင်းအလျားပိုတိုတဲ့အတွက်ကြောင့် အပြာရောင်အလင်းက အနီရောင်အလင်းထက် Rayleigh Scattering ဖြစ်ဖို့အတွက် ဖြစ်နိုင်ခြေက ၅ ဆပိုများပါတယ်။ ဒါဟာ နေ့ခင်းဘက် တိမ်ကင်းစင်အခါမှာ ကောင်းကင်ပြာရခြင်းရဲ့ အဓိကသော့ချက်ပါပဲ။

ရေးလိ လွင့်စင်ခြင်းဖြစ်ဖို့အတွက် ပါဝင်ဖက်ဖြစ်တဲ့ အမှုန်တွေရဲ့အရွယ်အစားက ပုံမှန် ဆံခြည်မျှင်တစ်ခုရဲ့ အရွယ်အစားရဲ့ တစ်ထောင်ပုံ ပုံရင် တစ်ပုံထက်သေးငယ်ရမှာဖြစ်ပါတယ်။ အဲ့ဒီသေးငယ်တဲ့အမှုန်တွေကိုအဖြူရောင်အလင်းက ဖြတ်သန်းတဲ့အခါ လှိုင်းအလျားတို (စွမ်းအင်နှင့် ကြိမ်နှုန်းမြင့်) တဲ့ အလင်းတွေက လှိုင်းအလျားရှည် (စွမ်းအင်နှင့် ကြိမ်နှုန်းနိမ့်) တဲ့ အလင်းတွေထက် ပိုပြီး လွင့်စင်နိုင်ခြေများပါတယ်။ တကယ်လို့ အမှုန်အရွယ်အစားက အဲ့ဒီထက်ကြီးသွားပြီဆိုရင်တော့ အရောင်တွေအားလုံးက လွင့်စင်နိုင်ခြေအတူတူပဲဖြစ်ပါတယ်။ အဲ့လိုအရောင်အားလုံး သမမျှတစွာ လွင့်စင်တဲ့ဖြစ်စဉ်ကိုတော့ Mie Scattering လို့ခေါ်ပါတယ်။ ကျွန်တော်တို့ကမ္ဘာ့လေထုဟာ သေးငယ်လှတဲ့ အမှုန်လေးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဥပမာ မီးခိုးမြူမှုန်တွေလိုပေါ့။ လှိုင်းတွေလွင့်စဉ်မှုဖြစ်စဉ်မှာ လှိုင်းတွေရဲ့ လှိုင်းအလျားနဲ့ ဝင်အတိုက်ခံရတဲ့ အရာဝတ္တုတွေရဲ့အရွယ်အစားတွေက အရေးပါပါတယ်။

ကျွန်တော်တို့မြင်နိုင်တဲ့သက်တန့်ရောင်စဉ်ထဲမှာ အနီရောင်အလင်းက အပြာရောင်အလင်းထက်လှိုင်းအလျားပိုရှည်တာကို ပုံ – ၃ ထဲမှာတွေ့နိုင်ပါတယ်။ အဲ့ဒီတော့ အနီရောင်အလင်းလှိုင်းတွေက အပေါ်မှာပြောခဲ့တဲ့ သေးငယ်တဲ့အမှုန်တွေကို အလွယ်တကူ ကျော်ခွသွားနိုင်ပါတယ်။ အဲ့ဒီတော့ နေဆီကလာတဲ့ အဖြူရောင်အလင်းထဲမှာပါဝင်တဲ့ အပြာရောင်အလင်းတွေဟာ လေထုထဲမှာ ဖြတ်သန်းရတဲ့ခရီးရှည်တာနဲ့အမျှ ဘေးဘက်တွေကိုလွင့်စင်ထွက်ကုန်ပြီး လျော့နည်းသွားပါတယ်။ အဲ့ဒါကြောင့် မနက်ခင်းနဲ့ ညနေခင်းတွေမှာ နေကိုကြည့်လိုက်ရင် အနီရောင်အဖြစ်မြင်နေရတာဖြစ်ပြီး၊ အပြာရောင်အလင်းတန်းတွေစစ်ထုတ်ခံထားရတဲ့ အလင်းတန်း (အနီရောင်စိုးမိုးတဲ့အလင်းတန်း) က တိမ်တွေကိုဝင်တိုက်တဲ့အခါ ပြန်လည်လွင့်စင်လာတဲ့အလင်းကလည်း အနီရောင်စိုးမိုးနေတော့ ညနေပိုင်းတိမ်တိုက်တွေက အနီရောင်သန်းနေရခြင်းဖြစ်ပါတယ်။

ပုံ – ၃။ အဖြူရောင်အလင်းကို ရောင်စဉ် ၇ ခုအဖြစ် ၃ မြှောင့်ဖန်တုံးကိုသုံးပြီး ခွဲထုတ်ပြထားတာပါ။ ရောင်စဉ် ၇ ခုကို ပုံမှာပြထားတဲ့အတိုင်း အလိုက်သင့် သုံးမြှောင့်ဖန်တုံးကို ပြောင်းပြန် ပြန်ထိုးပေးရင် ညာဘက်ကို အဖြူရောင်အလင်းပြန်ထွက်လာမှာပါ။ မြင်နိုင်တဲ့အလင်းထဲမှာ လှိုင်းအလျားအတိုဆုံး (စွမ်းအင် နှင့် ကြိမ်နှုန်း အမြင့်ဆုံး) ခရမ်းရောင်အလင်းက မူလ အဖြူရောင်အလင်းတန်းဆီကနေ အသွေဖည်ဆုံးဖြစ်တာကိုတွေ့ရမှာပါ။

တိမ်ထုထဲမှာရှိတဲ့ရေခိုးရေငွေ့တွေက သူ့ဘေးပတ်ပတ်လည်မှာရှိတဲ့ အမှုန်တွေကို ဖမ်းယူထားတဲ့အခါမှာ တိမ်လွှာထုထဲမှာရှိတဲ့ အမှုန် (ရေမော်လီကျူး + အခြားအမှုန်များ) ရဲ့အရွယ်အစားက ပုံမှန်လေထုထဲမှာရှိတဲ့ အမှုန်တွေရဲ့အရွယ်အစားထက်ကြီးသွားပါတယ်။ အဲ့ဒီအခါမှာ အနီရောင် အလင်းက အဲ့ဒီအမှုန်တွေကို Mie Scattering အရ ကျော်ခွသွားဖို့မစွမ်းနိုင်တော့ပဲ အပြာရောင်အလင်းတွေနဲ့ပါရောပြီး ဦးတည်ရာ အစုံကို လွှင့်စင်ထွက်ကြပါတယ်။ အဲ့ဒီအတွက်တိမ်တွေကနေလွင့်စင်လာတဲ့အလင်းတွေမှာ အရောင် ၇ မျိုးသမမျှ တာစွာပါဝင်နေတာကြောင့် တိမ်တိုက်တွေကို အဖြူရောင်အဖြစ်နဲ့မြင်ရတာပါ။

ဒါပေမဲ့ လှိုင်းအလျားတိုတဲ့ အပြာရောင်အလင်းတွေက အထက်ဖော်ပြပါအမှုန်တွေကို အလွယ်တကူမကျော်နိုင်တဲ့အတွက် အဲ့ဒီအမှုန်တွေနဲ့ဝင်တိုက်တဲ့အခါမှာ မူလဦးတည်ရာလမ်းကြောင်းကနေ နောက်ပြန်ပဲဖြစ်ဖြစ် ဘေးဘက်တွေကိုပဲဖြစ်ဖြစ် လွင့်စင်ထွက်ကုန်ပါတယ် (ပုံ ၄ တွင် ရှုပါ)။

ကမ္ဘာကိုဘေးတိုက်အနေအထားနဲ့ ဖြတ်ကျော်သွားတဲ့ နေရောင်ခြည်ထဲက မြင်နိုင်တဲ့ရောင်စဉ်တွေလွင့်စင်ပုံကိုပြသထားတာပါ။ (Image Courtesy)

ပုံ – ၄။ ကမ္ဘာကိုဘေးတိုက်အနေအထားနဲ့ ဖြတ်ကျော်သွားတဲ့ နေရောင်ခြည်ထဲက မြင်နိုင်တဲ့ရောင်စဉ်တွေလွင့်စင်ပုံကိုပြသထားတာပါ။ (Image Courtesy)

ပုံ – ၄ အရ အစဦးပိုင်းမှာ ကမ္ဘာမျက်နှာပြင်လေထုကို စဝင်ဝင်ခြင်းမှာပဲ အပြာရောင်အလင်းရာခိုင်နှုန်း တော်တော်များများက လွင့်စင်ထွက်ကုန်ပါတယ်။ နောက် ညာဘက်အပေါ်ကနေ ဘယ်ဘက်အောက်အထိ ထောင့်ဖြတ်ပုံမှာပြထားတဲ့အတိုင်း လေထုထဲကိုဖြတ်ကျော်လာရတဲ့ ခရီးရှည်လာတာနဲ့အမျှ အစိမ်းရောင် အဝါရောင် လိမ္မော်ရောင် အစရှိသည်ဖြင့် လွင့်စင်ထွက်ကုန်ကြပြီး နောက်ဆုံးမှာ အနီရောင်အလင်းပဲ ကျန်တော့တဲ့သဘောပါ။ လကမ္ဘာပေါ်မှာဆိုရင် နေရောင်ကဝင်တိုက်ပြီး လွင့်စင်ရမယ့် လေထုမရှိတာကြောင့် လရဲ့ကောင်းကင်က အမဲရောင်ပါ။

သွေးရောင်လွှမ်းတဲ့လ

ပုံ – ၅။ အနီရောင်လွှမ်းမိုးတဲ့ အလင်းက လကြတ်ချိန်မှာ လအပေါ်ကို ဘယ်လိုကျရောက်သလဲဆိုတာကို ပြထားတာပါ။ တကယ်တမ်းမှာတော့ နေရယ်လရယ် ကမ္ဘာရယ်ကြားက အကွာအဝေးက ပုံမှာပြထားသလောက်နီးကပ်မနေပါဘူး။ (Image Courtesy: https://www.lovebigisland.com/hawaii-blog/lunar-eclipse-101/ )

အဲ့ဒီတော့ ပုံ – ၅ မှာပြထားတဲ့အတိုင်း နေဆီကလာပြီး ကမ္ဘာကို ကျော်ဖြတ်ပြီးထွက်သွားတဲ့ အလင်းတန်းတွေမှာဆိုရင် အပြာရောင်ရဲ့ပါဝင်မှုရာခိုင်နှုန်းက အရမ်းနည်းသွားပါပြီ။ အဲ့အလင်းတန်းလာရာလမ်းကြောင်းထဲကို လက ဝင်ရောက်သွားတဲ့အခါ လမျက်နှာပြင်က ပြန်လာတဲ့အလင်းကလည်း အနီရောင်စိုးမိုးမှုများနေတဲ့အတွက် သွေးရောင်လွှမ်းတဲ့ အနီရောင်လအနေနဲ့မြင်ရတာပါ။

2018 ခုနှစ် အတွက် နောက်ထပ်လကြတ်ခြင်း ဖြစ်စဉ်တစ်ခုက ဇူလိုင်လ ၂၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ (အောက်ဖော်ပြပါ ဗီဒီယိုတွင် ရှုပါ)

စာဖတ်သူအများလည်း ဒီစာစုကိုဖတ်ရှုပြီး ရူပဗေဒအသိပညာဗဟုသုတတွေရရှိပြီး နောင်တစ်ခါ ကောင်းကင်ပြာပြာ တိမ်ဖြူဖြူ ပုဇွန်ဆီရောင်ညနေနီနီတွေနဲ့ လကြတ်ချိန်တွေကို ရူပဗေဒရဲ့ သဘောတရားတွေနဲ့ ဉာဏ်ကွန့်နိုင်ပါစေကြောင်း။

Yar Wynn Ooe