ဆရာကီး။    ။ သားကြီး၊ မင်း သိလားကွ။ တကယ်တော့ Gravity ဆိုတာ အင်မတန် ထူးဆန်းပြီး နားလည်ရခက်တဲ့ လောကနိယာမတစ်ခုဆိုတာ။

ရုတ်တရက် ကောက်ခါငင်ခါ ပြောလိုက်တဲ့ ဆရာကီးရဲ့ စကားကြောင့် ကျွန်ုပ်မှာ သောက်လက်စ ရေနွေးကြမ်းပင် လည်ချောင်းဝမှာ တစ်သွားသည်။ ဆရာကီးဆိုတာ ကျွန်ုပ်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ ငယ်ပေါင်းကြီးဖော်။ လူတကာကို ဆရာကြီးလုပ် ရှင်းပြတတ်လွန်းလို့ ဆရာကီးဆိုတဲ့ နာမည်ပြောင်ရထားခြင်းဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ သူဆရာကြီးလုပ် ပြောပြတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ အကောင်းသား။ ဒါကြောင့်လည်း သူ့စကားကို အသာဆက်ပေးလိုက်သည်။

ကျွန်ုပ် ။    ။ မင်းကလည်းကွာ။ နေရင်းထိုင်ရင်း။ Gravity ကို အဆန်းလုပ်လို့။ သူက ငါတို့ပေါ် တစ်ချိန်လုံး သက်ရောက်နေတဲ့ ဆွဲအားမလား။ ဒါများ ဘယ်ကလာ ထူးဆန်းရမှာတုန်းဟ။

ဆရာကီး ။    ။ ထူးဆန်းတာပေါ့ကွ။ ငါတို့ပေါ် တစ်ချိန်လုံးသာ သက်ရောက်နေတာ။ သူ့အကြောင်းကော သေချာ နားလည်ကြလို့လား။ ကဲ ငါမေးတာဖြေ ဒါဆို။ Gravity ဆိုတာ ဘာလဲ။

ကျွန်ုပ် ။    ။ ငါ့ ပညာစမ်းနေတာလား။ ဒါများ ကလေး‌တောင် သိတယ်။ ငါတို့ကို ကမ္ဘာမြေကြီးက ဆွဲထားတဲ့ ဒြပ်ဆွဲအားကို ပြောတာလေကွာ။ နယူတန်ရဲ့ နိယာမဆိုတာ ကလေးတုန်းကတောင် သင်ခဲ့ရဖူးတယ်။ ဘာတဲ့။ F = ma ဆိုပြီးတော့။

ကျွန်ုပ်ရဲ့ အဆိုပါ အဖြေကို ကြားတော့ သကောင့်သားက ပြုံးပြီး ဆက်မေးတယ်။

ဆရာကီး ။    ။ ဒါပဲလား။ ကျန်သေးလား။

ကျွန်ုပ်လည်း သေချာစဥ်းစားပြီး ဆက်ပြောတယ်။

ကျွန်ုပ်။    ။ လက ကမ္ဘာကို ပတ်နေတာတို့၊ ကမ္ဘာက နေကို ပတ်နေတာတို့၊ နောက်ပြီး ဂြိုဟ်တွေ၊ ကြယ်တွေရဲ့ ရွေ့လျားမှုတွေကလည်း Gravity ကြောင့် ဖြစ်တာဆိုပြီး ကြားဖူးတယ်။ ဟိုးတလောက တွင်းနက်ကြီးရဲ့ ဓာတ်ပုံဆိုလား၊ တွေ့လိုက်ကြသေးတယ်လေ။ အဲဒါလည်း Gravity ကြောင့် ဖြစ်တာဆို။

ဆရာကီး။    ။ အေး မင်းမဆိုးဘူး။ တစ်ချို့က Gravity ဆိုတာ ငါတို့ကို ဆွဲထားတဲ့ ဒြပ်ဆွဲအား သက်သက်လောက်ပဲ ထင်ထားကြတာကိုး။ တကယ်တော့ Gravity ဆိုတာ စကြဝဠာကြီး တစ်ခုလုံးကို ပုံဖော်ပေးနေတာဟ။ သူသာ မရှိရင် ငါတို့တွေ အားလုံးလည်း အာကာသထဲကို လွင့်ထွက်ပြီးနေလောက်ပြီ။ နောက်ပြီး စကြဝဠာကြီးကလည်း မှောင်မည်းနေပြီး အမှုန်တွေ ၊ ဓာတ်‌‌‌‌ငွေ့တွေလောက်ပဲ ရှိနေလိမ့်မယ်။ အခုလို ငါတို့သိထားသလို ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေ အဲဒါတွေလည်း ရှိတော့မှာ မဟုတ်သလို Insight Page ကို ဝင်ဖတ်ပြီး Like/Follow လုပ်ကြမယ့် ခန့်ချော ကွီးတို့၊ မွီးတို့လည်း ရှိလာတော့မှာ မဟုတ်ဘူးကွ။ မဟုတ်ဘူးလား။

သူပြောတာ မှန်နေသဖြင့် ကျွန်ုပ်လည်း အသာခေါင်းငြိမ့်ပြီး ထောက်ခံလိုက်တယ်။ သူက ဆက်ပြောတယ်။

ဆရာကီး။    ။ ဒါပေမယ့်လည်း ထူးဆန်းတဲ့အချက်က Gravity ဆိုတာ ငါတို့ သိထားတဲ့ အခြေခံအားကြီးလေးပါးထဲမှာ အပျော့ဆုံးအား ဆိုပဲ။ ကဲ မေးပြီ။ အဲဒါ ဘာကြောင့်လဲ ဆိုတာရော မင်းသိသလားကွ။

ကျွန်ုပ်။    ။ ဆရာသမားရယ် ။ ရှင်းပြမှာဖြင့် ဆက်သာ ရှင်းသွားပါတော့။ လောလောဆယ် အခြေခံအားကြီးလေးပါးက ဘာဆိုတာတောင် ခပ်ရေးရေးပဲ မှတ်မိတော့တယ်။

ဆရာကီး။    ။ အဲ့ဒါ ပြောတာပေါ့ကွ။ မင်းတို့ ကောင်တွေက စာကို စာလိုပဲ ကျက်ပြီး လက်တွေ့နဲ့ကျ ချိတ်ဆက်ပြီး မကြည့်။ အဲ့တော့လည်း မေ့ပြီပေါ့ကွ။

သကောင့်သားရဲ့ စကားက နားရင်းပြေးရိုက်ချင်စရာ။ သို့သော်လည်း သူပြောတာ မှန်နေသည်မို့ နားရင်းရိုက်ချင်စိတ်ကို ပြန်မျိုချပြီး ဆက်နားထောင်နေလိုက်တယ်။

ဆရာကီး။    ။ ကဲ မသိရင် မှတ်ထား။ အခြေခံအားကြီး လေးပါးဆိုတာ နံပါတ်တစ် နျူကလိယအားပြင်း။ အင်္ဂလိပ်လို Strong force ခေါ်တယ်။ နံပါတ်နှစ် လျှပ်စစ်သံလိုက်အား။ ငါတို့သိထားတဲ့ Electromagnetic force ဆိုတာ သူပေါ့။ နံပါတ်သုံး နျူကလိယအားပျော့ (Weak force) နဲ့ နောက်ဆုံး နံပါတ်လေးက ငါတို့ရဲ့ မင်းသားကြီး gravity ဒြပ်ဆွဲအားပေါ့ကွာ။ အေး ထူးခြားတာက ကျန်တဲ့ကောင်တွေနဲ့ ယှဥ်လိုက်ရင် gravity ရဲ့ အားဟာ အကြမ်းဖျင်း အဆပေါင်း ကု‌ဋေ ကု‌ဋေ ကု‌ဋေ ကု‌ဋေ ကု‌ဋေ တစ်ထောင် ဆ ပိုနည်းတယ်ကွ။ စကားထစ်နေတာ မဟုတ်ဘူးနော်။ အဲ့သလောက်ကို အားပျော့တာ။ ဒါကြောင့် ထူးဆန်းတယ်ပြောတာပေါ့ကွ။

ကျွန်ုပ်။    ။ ဘယ်လို ဘယ်လို။ ဆရာသမားလုပ်မှ ပိုရှုပ်ကုန်ပြီ။ ဒီလောက်များတဲ့ ဂဏန်း ဘယ်လိုနားလည်ရမှာတုန်း။

ဆရာကီး။     ။ သိပ္ပံရေးထုံးနဲ့ ပြောရင် 10 to the power 38 လို့ ခေါ်တယ်။ ၁ နောက်မှာ သုည ၃၈ လုံးရှိတယ်ကွာ။ မင်းတို့လို လူပိန်းနားလည်အောင် ရှင်းပြရရင်တော့ ဒီလိုကွာ။ မင်း ငယ်ငယ်က အပိုင်းကိန်း သင်ဖူးတယ်မလား။ ဆိုပါတော့ ဖရဲသီးတစ်လုံးကို လေးစိတ်ပိုင်းလိုက်ရင် တစ်စိတ်ချင်းစီကို အပိုင်းကိန်း တစ်အစားလေး ဆိုပြီး ပြတယ်မလား။ အေး အဲ့ဒီ ဖရဲသီးကို အစိတ်ပေါင်း ကု‌ဋေ ကု‌ဋေ ကု‌ဋေ ကု‌ဋေ ကု‌ဋေ တစ်ထောင် ပိုင်းလိုက်မယ်ကွာ။ ပိုင်းထားတဲ့ထဲက တစ်စိတ်ကို မင်းကို ကျွေးမယ်။ ဗိုက်ဝဖို့မပြောနဲ့။ ပါးစပ်ထဲရောက်သွားတာတောင် မင်း သိလိုက်မှာ မဟုတ်ဘူး။ သေးလွန်းအားကြီးလို့လေ။ Gravity ဆိုတာလည်း ကျန်တဲ့ အားတွေနဲ့ ယှဥ်လိုက်ရင် အဲ့သလောက်ကို သေးတာ။

ကျွန်ုပ်။    ။ သြော် ဒီလိုကိုး။ လူပိန်းကလေး ကျွန်တော်မျိုး မသိလို့ သေချာမှတ်ထားလိုက်ပါပြီနော်။  ဒါနဲ့ အဲ့ဒီ အခြေခံအားကြီး လေးပါးမှာ ဘယ်သူက အစွမ်းဆုံးလဲ။ နည်းနည်းပါးပါး ဆက်ရှင်းပါဦး ဆရာသမား။

ဆရာကီး။    ။ အင်း ။ နျူကလိယ အားပြင်းက အစွမ်းဆုံး။ ဒီလိုကွာ။ အက်တမ်တွေရဲ့ အလယ်မှာ နျူကလိယပ်ဝတ်ဆံဆိုတာ ရှိတယ်လေ။ အဲဒီ ဝတ်ဆံထဲမှာ ပရိုတွန်နဲ့ နျူထရွန်ဆိုတဲ့ အမှုန် နှစ်မျိုးရှိတယ်။ နျူထရွန်က လျှပ်စစ်ဓာတ်မရှိပေမယ့် ပရိုတွန်တွေက အပေါင်းလျှပ်စစ်ဓာတ်ရှိတယ်။ နျူကလိယပ်ဝတ်ဆံ ဖြစ်လာဖို့ ပရိုတွန်တွေ၊ နျူထရွန်တွေကို အင်မတန်သေးငယ်တဲ့ နေရာကျဥ်းကျဥ်းလေးထဲမှာ ကြပ်ညှပ်ပြွတ်သိပ်ပြီး ထည့်ထားဖို့လိုတယ်။ ဒါပေမယ့် မျိုးတူလျှပ်စစ်ရှိနေတဲ့ ပရိုတွန်တွေက တစ်ကောင်နဲ့တစ်ကောင် တွန်းထုတ်ပစ်လေ့ရှိတယ်။ ဒီတော့ သူတို့ကို ပူးပြီးထည့်ထားဖို့က  သူတို့ချင်းတွန်းထုတ်ပစ်နေတဲ့အားထက် ပိုကြီးတဲ့ အားမျိုးရှိမှ ဖြစ်မယ်လေ။ အဲ့ဒီပိုကြီးတဲ့အားကို နျူကလိယပြင်းအား လို့ခေါ်ကြတာကွ။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက နျူကလိယပြင်းအားဆိုတာ တာတိုမှာပဲ အလုပ်လုပ်တယ်။ တာတိုဆိုတာ အက်တမ်ထက်သေးငယ်တဲ့ နျူကလိယပ်ဝတ်ဆံ အရွယ်အစားလောက်ကို ပြောတာ။ အတိုင်းအတာနဲ့ ပြောရရင် တစ်ကိုက်ကို အစိတ်ပေါင်း တစ်ဆယ်ကုဋေကုဋေ စိတ်လိုက်ရင် ရလာမယ့် တစ်စိတ်စာထက်တောင် သေးတယ်။ ဒီ့ထက် ပိုပြီးဝေးသွားရင် အလုပ်မဖြစ်တော့ဘူး ဆိုပါတော့ကွာ။

ထို့နောက် ဆရာကီးမှာ ရှင်းပြရတာ မောသွားဟန်နဲ့ ရေနွေးလေးတစ်ကြိုက် မော့လိုက်ပြန်သည်။ ဆက်လက်ပြီး

ဆရာကီး။    ။ နျူကလိယအားပျော့ အကြောင်းမပြောခင် လျှပ်စစ်သံလိုက်အားအကြောင်း ပြောမယ်။ သူက ဒုတိယကိုး။ နျူကလိယအားပြင်းနဲ့ ယှဥ်လိုက်ရင် ပြင်းအားချင်း သိပ်မကွာဘူး။ အကြမ်းဖျင်း အဆ ၁၀၀ လောက် ပိုနည်းတယ်။ လျှပ်စစ်သံလိုက်အား ဆိုတာက ငါတို့သိတဲ့ ဟိုကွာ လျှပ်စီးပတ်လမ်းတို့၊ လူတွေ တီထွင်ထားတဲ့ ဖုန်းတွေ၊ တီဗီတွေ၊ ကွန်ပြူတာတွေ အဲ့ဒါတွေကို ခေါ်တာ။ လျှပ်စီးလက်တာတို့ မိုးကြိုးပစ်တာတို့တွေမှာလည်း တွေ့ရတယ်။ သူကကျ တာဝေးအား။ ပြီးတော့မှ တတိယအနေနဲ့ နျူကလိယအားပျော့ဆိုတာ လာတာ။ သူက ရေဒီယိုသတ္တိကြွပစ္စည်းတွေ၊ နောက်တစ်ခါ ကြယ်တွေထဲက နျူကလိယပေါင်းစည်းခြင်းတွေမှာ အဓိကတွေ့ရတယ်။ နျူကလိယအားပျော့က နျူကလိယအားပြင်းလိုပဲ တာတိုအား။  အက်တမ်ထက်သေးတဲ့ အတိုင်းအတာမှာပဲ အလုပ်လုပ်တယ်။ ပြင်းအား သတ်မှတ်ချက်အရကြည့်ရင် သူက လျှပ်စစ်သံလိုက်အားထက် အဆပေါင်း ကုဋေတစ်သောင်းလောက် ပိုနည်းတယ်။ ဒီလောက် ကုဋေတစ်သောင်းလောက် နည်းလှပါတယ်ဆိုတဲ့ကောင်ထက်တောင် ကိုယ်တွေရဲ့ Gravity က အဆပေါင်း ဘီလီယံချီပြီးတော့ကို ထပ်နည်းသေးတယ်။ ကဲ စဥ်းစားသာကြည့်ပေတော့။ ကိုယ်တွေရဲ့ ဇာတ်လိုက်လို့ ထင်ထားတဲ့ မင်းသားက သူများတကာတွေ စစ်ပွဲထဲကို တင့်ကားတွေ၊ စက်သေနတ်ကြီးတွေ ယူလာတဲ့အချိန်မှာ သူက ရေပြွတ်ကလေးနဲ့ကွာ။ ကဲ ဘယ်လောက်ထူးဆန်းသလဲလို့။

ကျွန်ုပ်။   ။ ဟားဟား။ အေး မင်းပြောမှပဲ စဥ်းစားမိတော့တယ်။ ဟုတ်ပကွာ။ ဒါနဲ့ ဒီလောက်တောင် ဝိနေတာ ဘယ့်နှယ်လုပ်ပြီး မင်းသားတက်ဖြစ်နေရတာလဲ။ ငါဆိုလိုချင်တာကကွာ၊ ဘာလို့ Gravity က ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဂလက်ဆီတွေရဲ့ ပုံသဏ္ဌာန်တွေကို ထိန်းချုပ်နေနိုင်ရတာလဲ။ ခုမှ စပြီးထူးဆန်းလာပြီ။

ဆရာကီး။   ။ အေး မင်းမေးမှ မေးပါ့မလားလို့။ ဒါက ဒီလို ရှိတယ်ကွ။ နျူကလိယအားပြင်းတို့၊ အားပျော့တို့၊ လျှပ်စစ်သံလိုက်တို့ဆိုတာက တာတိုအားဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်လည်း ဓာတ်ပြယ်နေကြတာကိုး။ စကြဝဠာကြီး ပေါ်ပေါက်လာပုံကို ရှင်းပြတဲ့ မဟာပေါက်ကွဲမှု သီအိုရီဆိုတာ ကြားဖူးတယ်မလား။ စကြဝဠာကြီးရဲ့ သက်တမ်း လေးသိန်း လောက်မှာ မတ္တာတွေအားလုံးဟာ မျှခြေကို ရှာတွေ့သွားပြီး ဓာတ်ပြယ်သွားကြတယ်။ ပြောရရင် အနုတ်ဓာတ်ရှိတဲ့ အီလက်ထရွန်တွေဟာ အပေါင်းဓာတ်ရှိတဲ့ နျူကလိယဝတ်ဆံတွေတစ်ဝိုက်မှာ တိမ်တိုက်တွေအဖြစ်နဲ့ လှည့်ပတ်နေကြတယ်ကွာ။ နျူကလိယတ်ရဲ့ အပေါင်းဓာတ်နဲ့ အီလက်ထရွန်ရဲ့ အနုတ်ဓာတ် မျှခြေမှာ ရှိနေတဲ့ သဘောပေါ့။ ဒါကြောင့်လည်း ဒီလို ဓာတ်ပြယ်နေတဲ့ အက်တမ်တွေနဲ့ ပေါင်းဖွဲ့ထားတဲ့ မင်းတို့ ငါတို့ဟာလည်း ဓာတ်ပြယ်နေကြတာပေါ့ကွ။ ဒါမှမဟုတ်ရင်တော့ မင်းနဲ့ ငါနဲ့ ပြေးဆောင့်ရင်ဆောင့်၊ ပြေးမဆောင့်ရင်လည်း တစ်ယောက်ယောက်တော့ လွှင့်သွားမှာပဲ။ မင်းက ငါ့ထက် ပိုပိန်တော့ ငါနဲ့ များ လျှပ်စစ်ဓာတ်ချင်းတူနေခဲ့ရင် လွှင့်ခြင်းလွှင့်၊ ပိုပိန်တဲ့ မင်းက လွှင့်သွားမှာပေါ့ကွ။ ရှင်းပလား။

သူ့ပုံပြောအရတော့ ကျွန်ုပ်မှာ ဓာတ်ပြယ်နေတာကိုပင် ကျေးဇူးတင်ရတော့မလိုလို။ သူက ဆက်ပြောတယ်။

ဆရာကီး။    ။ နောက်တစ်ချက်ရှိသေးတယ်။ Gravity က ဆွဲပဲဆွဲတယ်။ ဘယ်တော့မှ မတွန်းဘူး။ ကမ္ဘာ့တွန်းအား ဆိုပြီးတော့ မင်းကြားဖူးသလားကွ။ ဒီတော့ ကျန်တဲ့ကောင်တွေက ဆွဲအားတွေ၊ တွန်းအားတွေ ကိုယ်စီနဲ့။ ဓာတ်တွေလည်း ပြယ်ကုန်ကြတော့ Gravity တစ်ကောင်တည်း ထီးထီးကြီး ကျန်ခဲ့ရော။ ဒီတော့ သူထင်တိုင်းကြဲနိုင်တော့တာပေါ့ကွ။ မဟုတ်ရင် ဟိုးအဝေးကြီးက နေလုံးကြီးက ဒြပ်ဆွဲအားဟာ ကမ္ဘာကို ဘယ့်နှယ်လုပ် သက်ရောက်နိုင်တော့မလဲ။ တစ်ခြားအားတွေက Gravity ကို အသာလေးတောက်ချလိုက်လို့ရတယ်။ ဥပမာပြောမယ်ကွာ။ သံချောင်းကို လွှတ်ချလိုက်ရင် အောက်ပြုတ်ကျသွားမယ်။ ဘာလို့လဲ။ ကမ္ဘာမြေကြီးထုက ဆွဲထားတာကိုး။ အကယ်၍ သံလိုက်ကလေးနဲ့ ကပ်ထားကြည့်။ ပြုတ်ကျဦးမလား။ ဘယ်ကျတော့မလဲ။ သံလိုက်ရဲ့ ဆွဲအားက ကမ္ဘာမြေကြီးထုတစ်ခုလုံးရဲ့ ဆွဲအားထက် အဆပေါင်းများစွာကြီးနေတာကိုး။ ကမ္ဘာ့အရွယ်အစားလောက်ရှိမယ့် သံလိုက်ကြီးတွေဆို ဘယ်လောက်တောင် စွမ်းအားကြီးလိမ့်မလဲ။ စဥ်းစားသာကြည့်ပေတော့။

ကျွန်ုပ်။    ။ အေးပါကွယ်။ ကြားရတာတော့ အတော် မသက်သာလှပေဘူး။ ဒါနဲ့ gravity က ဘာလို့ အဲလိုမျိုး အားနည်းရတာတုန်း။

ဆရာကီး။    ။ အဲ့ဒါ ငါ သိမှဖြင့် ထူးဆန်းတယ် ပြောမလားဟ။ ငါလည်း မသိသလို သိပ္ပံပညာရှင်တွေလည်း မသိကြလို့ ထူးဆန်းတယ် ပြောရတာပေါ့။ အဲ ဒါပေမယ့် ငါတို့မှာ ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီတစ်ချို့တော့ ရှိတယ်ဟ။

ကျွန်ုပ်။    ။ ဟာ ဟုတ်လား။ ပြောစမ်းပါဦး အဲ့ဒီ သီအိုရီတွေ အကြောင်း။

ဆရာကီး။    ။ အင်း ပြောဆိုလည်း ပြောပြရသပ။ ဒီလိုကွာ တစ်ချို့သိပ္ပံပညာရှင်တွေက စဥ်းစားကြတယ်။ ငါတို့ရဲ့ 3 Dimension လို့ထင်နေကြတဲ့ ကမ္ဘာကြီးဟာ 3D မဟုတ်ဘဲ အပို Dimension တွေလည်းရှိနေနိုင်သေးတယ်တဲ့။ အပို Dimension ဆိုတာ ငါတို့ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲက တစ်ခြားနယ်ပယ်တစ်ခုကို ရောက်သွားတဲ့ Alternate dimension မျိုးကို ပြောတာမဟုတ်ဘူး။ တကယ့်အပြင်က Dimension တွေကို ပြောတာ။ ဥပမာကွာ မင်းနဲ့ငါနဲ့ ထိုင်နေတဲ့ ထိုင်ခုံနှစ်ခုံကို အပ်ချည်ကြိုးလေးနဲ့ ဆက်လိုက်မယ်ဆိုပါတော့။ မင်းတို့ ငါတို့နေရာက ကြည့်ရင်တော့ အပ်ချည်ကြိုးတန်းလေးပဲ မြင်ရမှာပေါ့။ အလွန်ဆုံးကွာ အပ်ချည်ကြိုးတန်းပေါ်က ပုရွက်ဆိတ်ကလေး အရှေ့နဲ့အနောက် သွားနေတာလောက်ပဲ မြင်ရမှာပေါ့။ အကယ်၍များ မင်းက ပုရွက်ဆိတ်ထက်တောင်သေးတဲ့ ပိုးကောင်သေးသေးလေး ဖြစ်နေမယ်ဆိုရင်တော့ ဒီအပ်ချည်ကြိုးတန်းလေးရဲ့ အထဲဖက်ကိုလည်း အပေါ်အောက်ဘေးဘယ်ညာ သွားလို့ရချင်ရနိုင်မယ်။ ဒီလို မျက်စိနဲ့ မြင်နိုင်တာထက် အဆများစွာ သေးငယ်တဲ့ အပို Dimension လေးတွေ ရှိနေနိုင်သေးတယ်ဆိုပြီး စဥ်းစားကြတာ။ ဖြစ်ချင်တော့ အဲ့ဒီအပို Dimension လေးတွေကို Gravity တစ်ကောင်တည်း မြင်နေရပြီး ကျန်တဲ့အားကျ မမြင်ရနိုင်ဘူး။ ဒီတော့ မူလက Gravity ဟာ ကျန်တဲ့အားတွေလိုပဲ ခွန်အားကြီးပေမယ့် သူ့ရဲ့ ပြင်းအားတစ်ချို့က အပို Dimension တွေထဲကို စိမ့်ဝင်သွားကြတယ်။ ဒီတော့ နောက်ဆုံး မင်းတို့ငါတို့ ခံစားရတဲ့ Gravity ဟာ ငပျော့လေးတစ်ကောင် ဖြစ်နေတာဆိုပြီး သုံးသပ်ကြတယ်လေ။ လောလောဆယ်တော့ ဒီအဆိုဟာ အနုမာန Hypothesis  အဆင့်မှာပဲ ရှိနေသေးတယ်။ လက်တွေ့စမ်းသပ်ချက်တွေနဲ့ သေချာကျကျနန အတည်ပြုဖို့ လိုနေသေးတယ်ပေါ့ကွာ။

Gravity ရဲ့ အကြောင်းမှာ ပိုပြီးသိလေ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလေပင်။ ဆက်လက်၍ ဆရာကီးက

ဆရာကီး။    ။  နောက်ထပ် စဥ်းစားကြတာက ငါတို့ဟာ Gravity ကို အုပ်စုမှားပြီးများ ထည့်နေမိသလားပေါ့။ နယူတန်ရဲ့ သီအိုရီအရ Gravity ဆိုတာ အားလို့ပြောတယ်လေ။ မှတ်မိလား။ မင်းတောင် နယူတန်ရဲ့ နိယာမလို့ ဖြေခဲ့သေးတယ်လေ။

ကျွန်ုပ်။    ။ အင်း။ အဲဒါတော့ မှတ်မိတယ်။ စကြဝဠာထဲမှာရှိတဲ့ အရာဝတ္ထုနှစ်ခုကြားက ဒြပ်ဆွဲအားဟာ အဲ့ဒီ အရာဝတ္ထုတွေရဲ့ ဒြပ်ထုများ မြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပြီး သူတို့အကြား အကွာအဝေးနှစ်ထပ်နဲ့ ပြောင်းပြန်အချိုးကျပါတယ် ဆိုပြီးပြောတဲ့ နိယာမ မလား။ 

ဆရာကီး။    ။ အေး ဟုတ်တယ် သားကြီး။ မင်းတော်လာပြီ။ ဒါပေမယ့် ခက်တာက နယူတန်ရဲ့ နိယာမက အမြဲမမှန်ဘူး။ အခြေအနေတစ်ခုထိပဲ မှန်တယ်။ သူ့ပြောပုံအရဆို ဒြပ်ဆွဲအားဟာ ဒြပ်ရှိတဲ့ အရာဝတ္ထုတွေမှာပဲ သက်ရောက်သလိုဖြစ်နေတယ်။ ဒါဆိုရင် အဝေးက အရာဝတ္ထုတွေကို လေ့လာတော့ ဒြပ်ဆွဲမှန်ဘီလူးသက်ရောက်မှု Gravitational lensing effect ဆိုပြီး တွေ့တယ်လေ။ သဘောက အလင်းဟာ ကြီးမားတဲ့ အရာဝတ္ထုတွေအနားကိုရောက်ရင် မှန်ဘီလူးနဲ့ မြင်ရသလိုမျိုးပဲ ကွေ့သွားတတ်တယ်။ ရှင်းရှင်းပြောရရင် အလင်းကွေ့တယ်ပေါ့ကွာ။ ငါတို့ အရင်တုန်းက သင်ခဲ့ရတာက အလင်းကို ဖိုတွန်ဆိုတဲ့ အလင်းမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတာတဲ့။ ဖိုတွန်ဟာ စကြဝဠာထဲမှာ အလင်းအလျင်နဲ့ သွားနိုင်တယ်။ အဲ့လိုသွားနိုင်ဖို့ သူ့ရဲ့ ဒြပ်ထု Mass ဟာ သုညဖြစ်နေမှရမယ်လေ။ ဟုတ်ပြီ။ ငါပြောချင်တာကကွာ။ ဒြပ်ထု မရှိတဲ့ ဖိုတွန်တွေကိုလည်း ဒြပ်ဆွဲအားက ဆွဲနေတဲ့သဘောဖြစ်နေတယ်။ သေချာစဥ်းစားနော်။ ဒြပ်ဆွဲအားဟာ နယူတန်ပြောသလို ဒြပ်ထုရဲ့မြှောက်လဒ်နဲ့ အချိုးကျတယ်ဆိုရင် အားက သုညဖြစ်နေရမှာပေါ့။ သုညဖြစ်နေပေမယ့် ဘာလို့ဆွဲနေသေးလဲ။ လေ့လာတွေ့ရှိချက်တွေအရတော့ ဒြပ်ဆွဲမှန်ဘီလူး သက်ရောက်မှုဟာ ဒြပ်ရှိတဲ့ အရာဝတ္ထုတိုင်းမှာ ဖြစ်ပေါ်တယ်။ နည်းတာများတာပဲ ကွာတာ။ မင်းတို့ငါတို့လို ဒြပ်ထုနည်းတဲ့ ကောင်တွေအတွက်ဆို နည်းမယ်။ နေလုံးကြီးတို့၊ ဂျူပီတာတို့လို ဧရာမဒြပ်ထုရှိနေရင်တော့ များမယ်။ အဲလိုမှတ်သားလို့ရတယ်။ ဒီတော့ သေချာတွေးကြည့်ရင် ဒြပ်မရှိလည်း ဒြပ်ဆွဲအားရှိနေပုံ ရနေတယ်။

ကျွန်ုပ်။    ။ ဆရာကီးပြောမှပဲ ပိုရှုပ်ကုန်ပြီ။

ဆရာကီး။    ။ မရှုပ်နဲ့ သားကြီးရေ။ ဘာလို့ဆို ဒီ့ထက် ပိုရှုပ်တဲ့ဟာ လာဦးမှာ။ အဲ့ဒီမှာပဲ အိုင်းစတိုင်းဆိုတဲ့ ဉာဏ်ကြီးရှင်ဘိုးတော်က ဝင်ပြီးပြောတော့တာပဲ။ မင်းတို့ငါတို့က Gravity ကို အားအနေနဲ့ပဲ မြင်နေကြတာကိုးတဲ့။ အိုင်းစတိုင်းကပြောတယ်။ Gravity ကို အားအနေနဲ့ မမြင်ကြည့်ဘဲ အချိန်နဲ့ဟင်းလင်းပြင်တို့ရဲ့ ပုံပျက်ကွေးကောက်ခြင်း ဆိုပြီး မြင်ကြည့်လိုက်။ ဒါဆို ရှင်းသွားလိမ့်မယ် တဲ့။

ကျွန်ုပ်။    ။ ဘယ်လို ဘယ်လို။ အချိန်နဲ့ဟင်းလင်းပြင်တို့ရဲ့ ပုံပျက်ကွေးကောက်ခြင်း။ ဟင်းလင်းပြင်ဆိုတာ ဘာမှမရှိတဲ့ လေဟာနယ်ကြီး မဟုတ်ဘူးလား။ ဘာမှမရှိတဲ့ အရာကြီးက ဘယ်လိုလုပ် ကွေးလို့ရမှာတုန်း။ ဒီဘိုးတော်ပဲ ဉာဏ်ကြွယ်တာလား၊ ငါပဲ ပိန်းနေလို့လား။ သူဝင်ပြောခါမှ ပိုရှုပ်ကုန်ပြီဟ။

ဆရာကီး။    ။ ဟားဟားဟား။ ဟုတ်ပ ကိုယ့်လူရာ။ အိုင်းစတိုင်း ဉာဏ်ကြွယ်ချက်ကတော့ အမှန်ပဲ။ သူပြောလိုက်တဲ့အဆိုက အဲ့ခေတ်တုန်းက ရူပဗေဒ နယ်ပယ်တစ်ခုလုံး မြေလှန်သလို ဖြစ်သွားတယ်။ ဒီလိုကွ။ ဒြပ်ရှိတဲ့ အရာဝတ္ထုတိုင်းဟာ သူ့ဘေးနားမှာရှိတဲ့ အချိန်နဲ့ဟင်းလင်းပြင်တို့ကို ကွေးကောက်သွားစေတယ်။ ဒြပ်ကြီးလေ ကွေးတာများလေ ဆိုပါတော့ကွာ။ ဒြပ်ဆွဲအားကြောင့် ကွေးတာမဟုတ်ဘူးနော်။ Spacetime ဆိုတဲ့ အပြားကြီးပေါ်မှာ မင်းတို့ ငါတို့တွေ၊ ဂြိုဟ်တွေကြယ်တွေရဲ့ တည်ရှိမှု Existence ဖြစ်ပေါ်လာတဲ့အခါမှာ မူလက ပြားပြားကြီးရှိနေတဲ့ Spacetime က ကွေးကောက်သွားတယ်။ Spacetime က အပြားကြီး ဖြစ်တယ်ဆိုတာတော့ နောက်မှ Google ခေါက်ကြည့်ကွာ။ ငါလည်း ရှင်းရတာ မောလို့။ အဲ့ဒီ Spacetime ရဲ့ ကွေးကောက်မှုကြောင့် အရာဝတ္ထုတွေ ပြုတ်ကျတာတို့၊ ဂြိုဟ်တွေ ‌ရွေ့လျားတာတို့ ဖြစ်လာတယ်။ အပြန်အလှန် ဆက်စပ်နေတာနော်။ ခွဲပြီးတော့ မစဥ်းစားလေနဲ့။ ဒြပ်ထုရှိလို့ ကွေးတာ ဖြစ်ပြီး ကွေးလို့ ဒြပ်ထုတွေ ‌ရွေ့ကုန်ကြတာ။ အဲ့ဒီလိုမှတ်ထား။ အဲ့ဒီတော့ ကွေးမှုများများဖြစ်စေတဲ့ အရာဝတ္ထုတစ်ခုအနားကို အလင်းဖြတ်သွားတဲ့အခါမှာ ကွေးနေတဲ့ လမ်းကြောင်းတွေအတိုင်း အလင်းက လိုက်‌ရွေ့တယ်လေ။ ဒီတော့ အလင်းကို ဒြပ်ဆွဲအားက ဆွဲတာမဟုတ်ဘူး။ တကယ်က ကွေးနေတဲ့ ဟင်းလင်းပြင်ကြောင့် အလင်းလမ်းကြောင်းတွေဟာလည်း လိုက်ကွေးသွားတာလို့ ပြောလို့ရတာ။ အဲဒါကို အိုင်းစတိုင်းက ယေဘုယျနှိုင်းရ သီအိုရီဆိုပြီး ၁၉၁၅ ခုနှစ်မှာ ဖော်ပြခဲ့တာပေါ့။

ကျွန်ုပ်။    ။ ဟင် ဒီလိုဆို နယူတန်မှားသွားတာပေါ့နော်။

ဆရာကီး။    ။ အလုံးစုံမှားသွားတာမျိုးတော့ မဟုတ်သေးဘူး။ နယူတန်ရဲ့ သီအိုရီဟာလည်း လက်တွေ့မှာ အင်မတန်မှ အသုံးဝင်ပြီး တွက်ရတာလည်း အိုင်းစတိုင်းရဲ့ သီအိုရီထက် ပိုပြီးလွယ်လို့ ခုထိလည်း သုံးနေဆဲပဲ။ တစ်ခုရှိတာက အရမ်းမြန်တဲ့ အလျင်မျိုး ၊ ဥပမာ အလင်းအလျင်နီးပါး နဲ့ ရွေ့လျားတဲ့အခါမျိုး၊ နောက်တစ်ခါ ဒြပ်ထုအရမ်းကြီးမားတဲ့အခါမျိုးကို တိတိကျကျတွက်ချင်တဲ့အခါ အိုင်းစတိုင်းသီအိုရီက ပိုအသုံးဝင်တယ်။ ပုံမှန်နေ့စဥ်ဘဝအသုံးတွေ၊ တွက်ချက်မှုတွေ လုပ်ရင်တော့ နယူတန်ပဲ သုံးသုံး၊ အိုင်းစတိုင်းသီအိုရီပဲ သုံးသုံး အဖြေက အတူတူပဲ။ နောက်ပြီး နယူတန်ကိုယ်တိုင်လည်း ပြောခဲ့တယ်လေ။ ဒြပ်ဆွဲအား ဆိုတာရှိတယ်၊ ဒါပေမယ့် အလွန်တရာဝေးလံလှတဲ့ နေလုံးကြီးလို နေရာမျိုးကနေ ကမ္ဘာကို ဘယ်လိုများ အားသက်ရောက်နေနိုင်တာလဲ ဆိုတာကျ သူကိုယ်တိုင်တောင် နားမလည်ခဲ့ဘူးလေ။ ကြားထဲမှာ လေဟာနယ်ပဲ ရှိနေတာမလား။ မသိရင် တန်ခိုးရှင်တစ်ယောက်ယောက်က အဝေးကနေ လှမ်းထိန်းနေသလိုမျိုးကြီး။ ဒါကြောင့်လည်း သူပြောခဲ့တာ။ ဘာတဲ့။ တွေးခေါ်ဆင်ခြင်မှုမှာ ပိုင်နိုင်တဲ့သူတွေကတော့ ဒါကို လွယ်လွယ်နဲ့ လက်ခံနိုင်မှာမဟုတ် ဆိုပြီးတော့ ပြောခဲ့တာလေ။

ကျွန်ုပ်။    ။ ဒါဆို အခု ငါတို့ Gravity ကို နားလည်နေပြီ မဟုတ်ဘူးလား။ ခု မင်းရှင်းပြလိုက်တာ ငါတောင် တော်တော်နားလည်သွားပြီ။ ဘာများထူးဆန်းတာ ကျန်နေသေးလို့လဲ ဟရောင်ရ။

ဆရာကီး။    ။ ထူးဆန်းပြီလားဗျာ။ အခု အိုင်းစတိုင်းပြောပုံအရတော့ Gravity က နေရာမှားပြီး အုပ်စုဖွဲ့ခံထားရတာ ဖြစ်နေတယ်။ တစ်ဖက်မှာလည်း ကွမ်တမ်ရူပဗေဒ ဆိုတာရှိတယ်ဟ။ သူတို့က ကျန်တဲ့ အခြေခံအားသုံးမျိုးကို အင်မတန်တိကျတဲ့ တွက်ချက်ပုံတွေ၊ စမ်းသပ်မှုတွေနဲ့ တကွ ဖော်ပြနိုင်တယ်။ ဒီတော့ ကွမ်တမ်သမားအများစုက စကြဝဠာတစ်ခုလုံးကို ကွမ်တမ်အမှုန်တွေနဲ့ ဖွဲ့စည်းထားတာက အမှန်တရားဖြစ်လောက်မယ်ဆိုပြီး ဆင်ခြင်ကြတယ်လေ။ အမှုန်လို့ ဆိုရာမှာ အရာဝတ္ထုတွေ တစ်ခုနဲ့တစ်ခု တွန်းတာဆွဲတာတွေလုပ်ဖို့ ကြားခံဆက်သွယ်ပေးမယ့် အမှုန်တွေ လိုအပ်တယ်ဆိုပဲ။ ဥပမာ နျူကလိယပြင်းအားတွေ သက်ရောက်ဖို့ ဆက်သွယ်ပေးသူက ဂလူယွန်၊ လျှပ်စစ်သံလိုက်အားတွေဖြစ်ဖို့ ဆက်သွယ်ပေးသူတွေကို ဖိုတွန်၊ နျူကလိယအားပျော့ဖြစ်စေဖို့ ဆက်သွယ်ပေးသူတွေက W ဘိုစွန် နဲ့ Z ဘိုစွန် စသည်ဖြင့် ကြားခံဆက်သွယ်ပေးသူ အမှုန်တွေ အသီးသီးရှိကြတယ်။ အင်္ဂလိပ်လို Force carriers အားသယ်ဆောင်ပေးသူများ လို့ခေါ်ကြတယ်။ ဒီလို မြင်ကြည့်တာ အခြေခံအား လေးပါး ရှိတဲ့အနက် သုံးပါးမှာ မှန်နေတာ တွေ့ရတယ်။ ဒီတော့ Gravity ကို ဖြစ်စေတဲ့ အမှုန်လည်း ရှိလောက်မယ်။ ငါတို့ ရှာမတွေ့ကြသေးတာဘဲ ဖြစ်မှာပါ ဆိုပြီး စဥ်းစားကြတာဟ။ အဲ့ဒီမတွေ့သေးတဲ့ အမှုန်ကို နာမည်တောင် ပေးထားလိုက်သေး။ Graviton (ဂရာဗီတွန်) တဲ့။ ခုထိတော့ ဂရာဗီတွန်ကို ဘယ်သူမှ ရှာမတွေ့သေးဘူး။

ကျွန်ုပ်။    ။ သြော် ဒီလိုကိုး။ ဒါနဲ့ ကွမ်တမ်ဆိုတာ သေးငယ်တဲ့ အမှုန်လေးတွေကို လေ့လာတာ မဟုတ်ဘူးလား။ ဘယ့်နှာလုပ် ကြီးမားတဲ့ Gravity အကြောင်း ပြောနေရာကနေ ကွမ်တမ်က ပါလာရပြန်တာတုန်း။

ဆရာကီး။    ။ မင်းပြောလည်း ပြောစရာပဲ။ ဒါပေမယ့် အရမ်းကြီးတဲ့အရာအတွက် နိယာမက တစ်ခု၊ အရမ်းသေးငယ်တဲ့အရာအတွက် နိယာမက တစ်ခု ဖြစ်နေကြတယ်လေ။ ဒီနိယာမနှစ်ခုကို ပေါင်းစပ်ဖို့ ကြိုးစားကြတာလည်း ကြာပေါ့။ အဖြေက အနန္တကိန်းတွေ ထွက်နေတယ်။ ဒါဟာ သိပ္ပံလောကမှာတော့ လက်မခံနိုင်စရာပဲ။ ဘာလို့ဆို သိပ္ပံပညာရှင်တွေဟာ မဟာပေါက်ကွဲမှုဆိုတာကို ယုံကြည်ကြတယ်။ မဟာပေါက်ကွဲမှုအရ စကြဝဠာရဲ့ မူလအစဟာ အင်မတန် သိပ်သည်းဆ မြင့်မားတဲ့ အစက်ကလေး တစ်ခုဖြစ်နိုင်တယ်ပေါ့။ ရူပဗေဒမှာတော့ စင်ဂူလာရတီ ဆိုပြီးခေါ်တယ်။ မြန်မာလိုတော့ အမှတ်ထူးပေါ့။ ဒီနေရာမှာ အိုင်းစတိုင်းသီအိုရီက အမှတ်ထူး ရှိတယ်လို့ ပြောတယ်။ ကွမ်တမ်သီအိုရီတွေအရတော့  အစက်အပြောက်ကလေးဟာ အမှတ်တစ်နေရာဆိုပြီးတော့ တည်နေရာ တိတိကျကျ ရှိနေတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီ သီအိုရီ နှစ်ခုမှာ တစ်ခုခုကတော့ မှားနေတာ သေချာပါတယ်။ ဘယ်သူမှားလဲတော့ ငါလည်း မသိဘူးကွယ်။ သိချင်ရင်တော့ စကြဝဠာအစ အချိန်ကိုပြန်သွားရင်သွား ၊ သွားလို့မရရင် တွင်းနက်ထဲကို ဆင်းပြီးတော့ သုတေသနလုပ်ကြည့်မှပဲ ရလိမ့်မယ်။ နှစ်ခုလုံးက လက်တွေ့စမ်းကြည့်လို့ မရဘူး ဖြစ်နေတယ်။ ကဲကဲ စကားကောင်းနေလိုက်တာ မိုးတောင် ချုပ်တော့မယ်။ ပြန်လိုက်ဦးမယ် ဟကောင်ရ။

သူပြောလိုရာ ပြောပြီးတော့ ဆရာကီးလည်း ခပ်သုတ်သုတ် ပြန်သွားလေရဲ့။ သူကတော့ အေးဆေး။ ကျွန်ုပ်မှာသာ မေးခွန်းပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့လေတယ်။ အရေးထဲ Gravity အပြင်ဖက် ခုန်ထွက် ဆိုတဲ့ သီချင်းကလည်း မဆီမဆိုင် ခေါင်းထဲ ဝင်လာသေး။ ဒါနဲ့ပဲ ဆက်စပ်ပြီး တွေးနေမိတယ်။ Gravity အပြင်ဖက် ခုန်ထွက်လို့ရော ရနိုင်ပါမည်လား ဟူ၍။

ဆက်လက်ကြိုးစား ရေးသားသွားပါဦးမည်။

#yp