ကျွန်ုပ်တို့ကို တစ်နေ့တခြား သတင်းအချက်အလက် (information) တွေ ပိုပိုပြီး ပိနေကြပြီလား။ တစ်နည်းအားဖြင့် သတင်းအချက်အလက်တွေရဲ့ တိုက်ခိုက်မှု (information attack) ဒဏ်တွေကို သိသိသာသာကြီး ခံစားနေကြရပြီလား။ ဒီနေရာမှာ စာရေးသူ အဓိကထားပြီးတင်ပြလိုတာက အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတဲ့ သတင်းအချက်အလက်နဲ့ နည်းပညာတို့ရဲ့ အကျိုးဆက်အနေနဲ့ စာရေးသူတို့ဟာ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ နယ်ပယ်တွေမှာ ပိုပြီးတော့ ကျဥ်းမြောင်းလာကြတဲ့အကြောင်းပါ။ ဗဟုသုတ ပမာဏ နည်းသွားတာမျိုးကို မဆိုလိုပါ။ ဗဟုသုတတွေ၊ အချက်အလက်တွေ များလွန်းအားကြီးလာတဲ့ အတွက် ရှိရှိသမျှ အကုန်လုံးကို လေ့လာမနေတော့ဘဲ တစ်ခုခုကို အာရုံစိုက်ပြီး ပိုနားလည်အောင်လုပ်တဲ့ သဘောမျိုးကို ပြောတာပါ။ ဒီအချက်ကို ပိုပြီးသိသာသွားအောင် ဥပမာလေး တစ်ခုပေးချင်ပါတယ်။

စာရေးသူတို့ သိပ္ပံလို့ စပြီး သင်ရတဲ့ အချိန်မှာ အထွေထွေသိပ္ပံ နဲ့ သဘာဝသိပ္ပံ ဆိုပြီးတော့ဘဲ ရှိခဲ့ပါတယ်။ နောက်ပိုင်း information လေးတွေ စပြီး စုမိလာတော့မှ အဲဒီ သိပ္ပံဘာသာရပ်ကို ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ စသည်ဖြင့် ခွဲပြီးတော့ လေ့လာရပါတယ်။ နောက်ပိုင်း ဒီ့ထက်ပိုပြီး အတန်းပညာမြင့်လာပြန်တော့ အထူးပြုဘာသာရပ်တွေ (တစ်နည်းအားဖြင့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေ) ဖြစ်ကြတဲ့ ဆေးပညာ၊ အင်ဂျင်နီယာ၊ ဗိသုကာပညာ စသည်စသည်ဖြင့် ပိုပိုပြီးတော့ အသေးလည်းစိတ် နက်လည်းနက်နဲလှတဲ့ ဘာသာရပ်တွေ အနေနဲ့ သင်ယူလာကြရပါတယ်။  ဒီနေရာမှာ စာရေးသူတင်ပြလိုတဲ့ လိုရင်းကိုပြန်ကောက်ပြီးတော့ ပြောရရင် စာရေးသူတို့ဟာ သင်ယူရတဲ့ ပညာရပ်အားဖြင့် အဆင့်မြင့်လာသော်ငြားလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ နယ်ပယ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပိုပြီးကျဥ်းမြောင်းလာတာကို တွေ့မြင်ရမှာပါ။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ဒီဘက်ခေတ်မှာ နည်းပညာနဲ့ သတင်းအချက်အလက်တွေ ပိုပြီးတိုးတက်လာတာနဲ့အညီ လေ့လာစရာတွေကလည်း လိုက်မကုန်နိုင်လောက်အောင် များပြားလာကြလို့ပါ။

အချက်အလက်တွေ အဆမတန် တိုးတက်လာပုံနဲ့ ပတ်သက်ပြီး စတီဗင်ဟော့ကင်းရဲ့ စာအုပ်ထဲက ဖတ်ခဲ့ဖူးတာလေးတချို့ကိုလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ဒီနေရာမှာ ကောက်နုတ်တင်ပြလိုပါတယ်။ စာအုပ်ထဲမှာကတော့ သက်ရှိလူသားတို့ရဲ့ ဆင့်ကဲပြောင်းလဲမှု ပုံစံတွေကို ရှင်းပြချင်တာပါ။ အဲဒီမှာ စတီဗင်ဟော့ကင်းက အသိဥာဏ်ရှိတဲ့ သက်ရှိလူသားတို့ အချင်းချင်း အချက်အလက်တွေ ဖြန့်ဝေတဲ့ ပုံစံ ၂ မျိုး ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။ ပထမတစ်မျိုးကတော့ အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် ချားလ်ဒါဝင် ပြောခဲ့တဲ့ DNA ဆဲလ်တွေ အဆင့်ဆင့် ဖြစ်ပေါ် ပြောင်းလဲလာပြီးတော့မှ information ခေါ် အချက်အလက်တွေကို ဖြန့်ဝေတဲ့ ပုံစံပါ။ ဆိုလိုတာကတော့ အခုလက်ရှိ စာရေးသူတို့ ပိုင်ဆိုင်ရရှိထားတဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံ အစရှိတဲ့ အချက်အလက်တွေကို နှစ်သန်းပေါင်းများစွာ ကြာပြီးတော့မှ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့တာပါ။ အဖိုးမှ အဖေ၊ အဖေမှ သား စတဲ့ ပြောင်းလဲမှုမျိုးပါ။ ဒါကို စတီဗင်ဟော့ကင်းက ‘အချက်အလက်များ အတွင်းပိုင်းမှ ကူးပြောင်းမှုအဆင့်’ (internal transmission phase) ဆိုပြီးတော့ သူ့ရဲ့စာအုပ်ထဲမှာ သုံးနှုန်းထားပါတယ်။ ဒုတိယတစ်မျိုးကိုတော့ ‘အချက်အလက်များ ပြင်ပမှ ကူးပြောင်းမှုအဆင့်’ (external transmission phase) ဆိုပြီးတော့ ခေါ်ပါတယ်။ နာမည်နဲ့အညီ အချက်အလက်တွေက ပြင်ပမှနေ၍ ကူးပြောင်းပါတယ်။ ဥပမာ ပေးရရင် အခု စာရေးသူ တင်ပြဆွေး‌နွေးနေတာကို စာဖတ်သူက ဖတ်ရှုနားလည်ပြီး မှတ်မိသွားတာမျိုးကို ဆိုလိုပါတယ်။ ဒါပေမယ့် ဒါကလည်း ဥပမာတစ်မျိုးသာ ဖြစ်တယ်။ အမှန်တကယ်က သတင်းအချက်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ပြင်ပမှနေ၍ မိမိတို့ရဲ့ ဦးနှောက်ထဲကို အချိန်နဲ့အမျှ ဝင်ရောက်နေတာပါ။ လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတာတွေ၊ စာပေဟောပြောပွဲတွေ၊ တီဗီ၊ ရေဒီယို၊ ဖုန်း၊ ဖေ့စ်ဘုတ် အစရှိတဲ့ နည်းလမ်းအမျိုးမျိုး ကနေလည်း သတင်းအချက်အလက်တွေဟာ နေ့စဥ်နဲ့ အမျှ ဝင်ရောက်နေတာပါ။

တစ်စထက်တစ်စ တိုးတက်လာတဲ့ နည်းပညာတွေရဲ့ အကူအညီနဲ့ အချက်အလက်တွေ၊ ဗဟုသုတတွေ တိုးပွားတဲ့နှုန်းက ကြောက်ခမန်းလိလိကို မြန်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရတော့ ဒီတိုးတက်တဲ့နှုန်းထားဟာ ထပ်ညွှန်းကိန်း အ‌ရေအတွက်နှုန်းထား (exponential rate) လို့ ဆိုပါတယ်။ ဥပမာပြောရရင် စာဖတ်သူက တစ်နှစ်ကို စာအုပ် ၁၀ အုပ် ဝယ်တယ်။ နောက်တစ်နှစ်‌ရောက်တော့ ၁၂ အုပ် ဝယ်တယ်။ နောက်တစ်နှစ်ဆို အုပ် ၂၀ စသည်ဖြင့် နှစ်တွေကြာလာတာနဲ့ အမျှ ဝယ်တဲ့နှုန်းကလည်း ပိုတိုးလာတာမျိုးကို ဆိုလိုပါတယ်။ ဒါကတော့ မြင်သာအောင် ဥပမာပေးတာပါ။ ဒီလိုနှုန်းထားနဲ့သာ အချက်အလက်တွေ တိုးပွားလာမယ်ဆိုရင် ပြဿနာတက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချက်အလက်တွေကို လက်ခံယူမယ့် လူသားတို့ရဲ့ ဦး‌နှောက်ကတော့ ဒါဝင်ရဲ့သီအိုရီဖြစ်တဲ့ DNA ဆင့်ကဲပြောင်းလဲမှု ပုံစံနဲ့သာ တိုးတက်နေလို့ပါ။

ဒီနေရာမှာ စာဖတ်သူက စာရေးသူနဲ့ အမြင်သဘောထားချင်း တူချင်မှတူမှာပါ။ စာဖတ်သူကပြောမယ်။ ဗဟုသုတတွေ ဒီလောက်ရှာရလွယ်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ စာများများဖတ်၊ အလုပ်များများလုပ်၊ အိပ်ချိန်လျော့အိပ်ပေါ့ ဆိုပြီး ပြောနိုင်ပါတယ်။ ဟုတ်ပြီ။ အဲလို အလုပ်လုပ်ချိန်ကို တိုးလုပ်ကြတယ် ဆိုပါစို့။ အဲဒါကို ယနေ့ခေတ် တိုးတက်လာနေတဲ့ information တွေနဲ့ နှိုင်းယှဥ်ကြည့်ကြရအောင်။ စတီဗင်‌ဟော့ကင်းစာအုပ်ထဲက ဥပမာကိုဘဲ ပေးပါမယ်။ ၁၈ ရာစုနှစ်တုန်းကဆို ထွက်ပြီးသမျှ စာအုပ်တိုင်းကို ဖတ်ဖူးတဲ့ လူတောင်ရှိတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာ အဲလိုမျိုး မဖြစ်နိုင်တော့ပါ။ စာဖတ်သူက အမျိုးသားစာကြည့်တိုက်တို့၊ အမေရိကန်သံရုံး စာကြည့်တိုက်တို့ဆီသွားပြီး ရှိသမျှ စာအုပ်တိုင်းကို ဖတ်မယ်ဆိုပါတော့။ တစ်နေ့ကို တစ်အုပ် သို့မဟုတ် ၂ အုပ်နှုန်း ပြီးအောင်ဖတ်မယ်ဆိုရင်တောင် စာကြည့်တိုက်မှာ ရှိရှိသမျှ စာအုပ်အားလုံးကုန်အောင်ဖတ်ဖို့ နှစ်ရာနဲ့ချီပြီး ကြာသွားနိုင်ပေသည်။ အဲ အားလုံးလည်း ဖတ်လို့ပြီးရော၊ ကမ္ဘာပေါ်မှာ နောက်ထပ် စာအုပ်အသစ်တွေ ထပ်ပြီးတော့ ထွက်နေလောက်ပြီ။ စတီဗင်‌ဟော့ကင်းက ထပ်ပြောသေးတယ်။ ဒီထွက်သမျှ စာအုပ်တိုင်းကို ဘေးတိုက်စီလိုက်ပြီး လက်ရှိထွက်တဲ့နှုန်းထားနဲ့ ပျှမ်းမျှတွက်ကြည့်လိုက်ရင် ရလာမယ့် ဒီစာအုပ်တန်းကြီးကို အမှီလိုက်ဖို့ သင်က တစ်နာရီမိုင်ကိုးဆယ်လောက်နဲ့ သွားရလိမ့်မယ်ဆိုပြီး ပြောထားပါတယ်။ ဒီပုံအတိုင်းဆိုရင် အနာဂတ်မှာ သူလေ့လာနေတဲ့ သီအိုရီဆိုင်ရာ ရူပဗေဒဘာသာရပ်ဟာ တစ်စက္ကန့်ကို စာတမ်း ၁၀ စောင်နှုန်းထွက်လာတော့မယ်။ ဒါဆို စာတမ်းတိုင်းကို လိုက်ဖတ်ဖို့ အချိန်မရှိနိုင်တော့ဘူးလို့ သူက ဆိုထားပါတယ်။

စတီဗင်‌ဟော့ကင်းပြောတဲ့ထဲမှာ အချက် ၂ ချက်တွေ့ရတယ်။ ပထမအချက်က information တိုးပွားမှုဟာ အဆမတန်များလာတဲ့အတွက် လူသားတို့ရဲ့ လက်ခံနိုင်စွမ်းကိုတောင်ကျော်နေပြီ ဆိုတဲ့ အချက် ဖြစ်တယ်။ ဒုတိယအချက်က မိမိတို့ ပိုင်နိုင်တဲ့ နယ်ပယ်တစ်ခုအပေါ်မှာဘဲ အာရုံစိုက်လုပ်မယ်ဆိုရင်တောင် လက်ရှိတိုးပွားနေတဲ့နှုန်းထားအရ အနာဂတ်မှာ ဒါဟာ မလွယ်ကူတော့တဲ့အကြောင်း ထောက်ပြထားတယ်။

အမေရိကန်၊ အင်္ဂလန်၊ ဟောင်ကောင်၊ စင်္ကာပူနဲ့ ဩစတေးလျ နိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းတွေအရတော့ ဆာဗေးမှာ ပါဝင်သူရဲ့ ၇၃ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်ဖို့ များပြားလှတဲ့ သတင်းအချက်တွေကို လိုအပ်တယ်လို့ ထွက်ဆိုထားပါတယ်။ အဲဒီထဲက ၃၃ ရာခိုင်နှုန်းလောက်က ဒီအချက်အလက်ပိတဲ့ ဒဏ်တွေကြောင့် ကျန်းမာရေးကိုတောင် ထိခိုက်လာပြီလို့ မှတ်တမ်းတင်ထားပါတယ်။ သေချာပါတယ်။ ကျွန်ုပ်တို့ကို အချက်အလက်တွေ ပိနေကြပြီ။ အနာဂတ်မှာလည်း ပိုဆိုးဖို့သာရှိပေမည်။ ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း။

သုတေသနဆိုင်ရာ ဝက်ဘ်ဆိုက်တွေက အကြံပြုချက်တွေကို ခြုံငုံဖော်ပြရရင်တော့ စာရေးသူတို့ဟာ အချက်အလက်တွေကို စစ်ထုတ်တတ်ဖို့ လိုပါမယ်။ ဆိုလိုတာက မိမိတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အတွင်းမှာတောင် အချက်အလက်တွေကို တွေ့သမျှမမှတ်ယူဘဲ တကယ်သင့်တင့်လျှောက်ပတ်ပြီး သေချာကျနစွာ ဆန်းစစ်သုံးသပ်ပြထားတဲ့ အချက်အလက်တွေကိုသာ ဆွဲထုတ်ယူတတ်ဖို့ လိုပါမယ်။ ဥပမာ စာတမ်းတစ်စောင်မှ အသုံးမလိုတဲ့ ၈၀ ရာခိုင်နှုန်းကို ပယ်ပြီး  တကယ်အသုံးဝင်တဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ စစ်ထုတ်ယူတာမျိုးကို ပြောတာပါ။ နောက်တစ်ချက်ကတော့ လုပ်စရာရှိတာတွေကို အရေးပါမှုအပေါ်လိုက်ပြီး ဦးစားပေးအဆင့် ခွဲခြားထားဖို့ပါ။ အရေးပိုကြီးတာကို အရင်လုပ်ကြဖို့ ပြောထားတာပါ။ နောက်ဆုံးအချက်ကတော့ skimming လုပ်ခြင်း ခေါ် အပေါ်ယံ လျှပ်၍ ဖတ်ခြင်းကို လေ့ကျင့်ထားဖို့ပါ။ ကိုယ်ရှာနေတဲ့ အချက်အလက်ကို တွေ့ဖို့ စာတစ်အုပ်လုံးကို ဖတ်ကြည့်တာမျိုး မလုပ်ဘဲ သက်ဆိုင်ရာ အခန်းကို အမြန်‌ရောက်ရှိပြီး လိုအပ်တဲ့ အချက်အလက်ကို အမြန်ဆုံး ရှာဖွေနိုင်ဖို့ သော့ချက်စကားလုံး (keywords) တွေကို အသုံးပြုဖို့ အကြံပြုထားတာပါ။ ဒါကြောင့် စာဖတ်သူလည်း ဖော်ပြထားတဲ့ အချက်တွေကို ထောက်ချင့်ဆင်ခြင်ပြီး အချက်အလက်တွေရဲ့ တိုက်ခိုက်မှုဒါဏ်မှ ကင်းဝေးနိုင်ကြပါစေ။ စာရေးသူလည်း ဒီဆောင်းပါးကို အချက်အလက်ပိမနေစေဖို့ရာ ဒီမှာတင်ဘဲ နိဂုံးချုပ်ပါရစေ။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝင်ရောက်ဆွေး‌နွေးပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

Ref

 Stephen Hawking, 2018. Brief Answers to the Big Questions, UK.