(‘Physics က ခက်သလား’ ခေါင်းစဥ်နဲ့ Philomath facebook စာမျက်နှာမှာ ကျွန်တော်တင်ခဲ့ဖူးတဲ့ Post လေးကို ပြန်လည်မျှဝေထားခြင်း ဖြစ်ပါတယ်။)
ရူပဗေဒ (Physics) လို့ ဆိုလိုက်တာနဲ့ တချို့က ရှုပ်ယှက်ခတ်နေတဲ့ သင်္ချာညီမျှခြင်းတွေ ၊ နားလည်ရခက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုဘဲ ပြေးပြေးပြီး မြင်မိတတ်ကြတယ်။ အကျိုးဆက်ကတော့ ဒီ Physics ဆိုတဲ့ဘာသာရပ်ဟာ ကြောက်စရာကြီး ၊ နားလည်ဖို့ကလည်း ခက်သေး ၊ ကျက်စာတွေကလည်းပါသေး ၊ ဘယ်နေရာမှာ သုံးမှန်းလည်းမသိ ၊ ထားလိုက်ပါတော့ ၊ စာမေးပွဲအောင်ရုံဆိုတော်ပါပြီ ၊ စသည်ဖြင့် ဘာသာရပ်အပေါ်မှာ ထားရှိတဲ့ သဘောထားအမြင်တွေလည်း လွဲသွားတတ်ပါတယ်။ ကဲ ဒါဆိုရင် ဒီ Physics ဘာသာရပ်ဟာ တချို့သူတွေပြောသလို တကယ်ဘဲ နားလည်ရခက်ပြီး ကြောက်စရာကောင်းနေသလား ၊ ဘာလို့ ဒီဘာသာရပ်ကို (အထူးသဖြင့် သိပ္ပံဘာသာတွဲ ယူကြသူတွေအဖို့) သင်ယူဖို့ လိုအပ်တာလဲ ၊ ဒီဘာသာရပ်ရဲ့ နေ့စဥ်အသုံးပြုမှုတွေကရော ဘာတွေလဲ ၊ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ဆွေးနွေးကြည့်ချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ရူပဗေဒ (Physics) ဆိုတာဘာလဲ အရင်ကြည့်ကြရအောင်။ ဖတ်စာအုပ်တွေထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်အရတော့ Physics ဆိုတာ အရာဝတ္ထု (matter) တွေနဲ့ သူတို့ရဲ့ ရွေ့လျားမှု (motion) တွေ ၊ အချိန် (time) ၊ ဟင်းလင်းပြင် (space) စတဲ့ သဘောသဘာဝတွေကို လေ့လာတဲ့ ဘာသာရပ်ပါ။
Matter …..?
Motion …..? (ဘာေတွေပါလိမ့်)
Physics ကတော့ကွာ၊ စကတည်းကတောင် ရှုပ်နေတာဘဲ ဆိုရင်တော့ အဲဒါ Physics အပြစ် မဟုတ်ပါ။ ဘာသာဗေဒဆိုင်ရာ စကားလုံးတွေသုံးပြီး ရှုပ်အောင်လုပ်မိတဲ့ စာရေးသူအပြစ်ပါ 😅။ ကဲ စာစကားတွေ ဘာတွေ အသာထားလို့ ရူပဗေဒ (Physics) ဆိုတာ ဘာလဲ ပြန်ကြည့်ရအောင်။ တကယ်တော့ Physics ဆိုတာ သဘာဝကိုလေ့လာတဲ့ တွေးခေါ်ပညာရပ် (Natural Philosophy) လို့ ဆိုချင်ပါတယ်။ ဒီတစ်ခါတော့ နဲနဲပိုပြီး ရှင်းမယ်ထင်ပါတယ်။ ကဲ သဘာဝဆိုတော့ ဘယ်လို သဘာဝတွေကို လေ့လာတာလဲ။ ဒါကလည်း သူ့ရဲ့ အဓိပ္ပာယ်ထဲမှာ ပြောထားသလိုပါဘဲ။ သဘာဝနဲ့ သက်ဆိုင်သမျှ ရှိရှိသမျှသော အရာရာတိုင်းနီးပါးကိုပါ။ ဥပမာလေးတွေ ပေးပြီး ရှင်းပြချင်ပါတယ်။
စာဖတ်သူက ဖုန်းစကရင်ကို ပွတ်လို့ ဒီစာလေးကို ဖတ်နေ မြင်နေရပါတယ်။ ဒါကလည်း သဘာဝပါ။ ဒီစာကို ရေးနေစဥ်အတွင်းမှာဘဲ စာရေးသူရဲ့ အိမ်အပြင်မှာ ခွေးဟောင်သံတွေ၊ ကားသံတွေကို ကြားနေရပါတယ်။ ဒါကလည်း သဘာဝပါ။ အပြင်မှာ နေဝင်တော့မှာ ဖြစ်လို့ တဖြည်းဖြည်းလည်း မှောင်စပြုလာပါပြီ။ ဒါကလည်း သဘာဝပါ။ ကြည့်ရတာတော့ အရာရာတိုင်းနီးပါးက သဘာဝနဲ့ မလွတ်သလိုပါဘဲ။ ဟုတ်တာပေါ့။ သင် ဘာမှလုပ်မနေဘဲ ငုတ်တုတ်ထိုင်နေရင်တောင် အဲဒါ ရူပဗေဒသဘောနဲ့ ကြည့်ရင်တော့ သဘာဝပါဘဲ။
ပြောချင်တာတွေ လာပါပြီ။ ဒါတွေ ဘာလို့ ဖြစ်နေတာလဲ။ ဥပမာ စာဖတ်သူက ဖုန်းစကရင်ကနေ ဘာလို့ ဒီစာတွေကို ဖတ်နေနိုင်တာလဲ။ ထားပါတော့ မျက်စိပါလို့။ ဒါပေမယ့် မျက်စိကရော ဘာလို့ မြင်နိုင်တာလဲ။ ဘာလို့ အိမ်အပြင်က အသံတွေကို ကြားနေနိုင်တာလဲ။ နေကရော ဘာလို့ဝင်တာလဲ။ ဘာလို့ ညရောက်တာလဲ။ ဘာလို့ ကမ္ဘာကလည်တာလဲ။ ဘာလို့ လည်နေတဲ့ ကမ္ဘာပေါ်မှာ စာရေးသူက လည်နေတာကို မခံစားရဘဲ အေးဆေးထိုင်ပြီး စာရိုက်နေနိုင်တာလဲ ၊ စသည် စသည် (မဆုံးနိုင်သော) စသည်များဖြင့် မေးခွန်းတွေ ထုတ်ကြည့်လို့ရပါတယ်။
ဒီမေးခွန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ဂေါက်သီးဂေါက်တောက်လို့ ထင်နိုင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ရှေးရှေး ဂရိခေတ်ကတည်းက ဒီလို အတွေးအခေါ်ဆန်တဲ့မေးခွန်းတွေကို မေးလာခဲ့ပြီး စူးစမ်းအဖြေရှာခဲ့လို့လည်း စာဖတ်သူတို့နေထိုင်တဲ့ တိုးတက်မှုတွေပြည့်နေတဲ့ ယနေ့ခေတ်ကြီးကို ရနေတာပါ။ ဥပမာ လျှပ်စစ်မီးသီး ၊ ဖုန်း ၊ အင်တာနက် စတဲ့ နည်းပညာတိုးတက်မှုဟာ ဒီလို အခြေခံမေးခွန်းတွေကနေတစ်ဆင့် ပေါက်ဖွားလာခဲ့တာပါ။
ကဲ စာရေးသူရဲ့မူလဆိုလိုရင်းကိုပြန်ကောက်ရရင်တော့ အဲဒီလိုမျိုး တိုးတက်မှုတွေကို စွမ်းဆောင်ပေးနေတဲ့ ရူပဗေဒဘာသာရပ်*ဟာ တကယ်ရော ခက်ခဲနေသလားဆိုတာပါဘဲ။
* (ဇီဝဗေဒတို့ ဓာတုဗေဒတို့ စတဲ့ တခြားဘာသာတွေလည်း တိုးတက်မှုတွေမှာ ပါပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက အခြေခံအဆင့်မှာတော့ တစ်ခုနဲ့တစ်ခုဆက်စပ်နေကြတာပါ။ ဘယ်လိုလုပ်ပြီး ရူပဗေဒက နေရာတကာမှာ ပါနေတာလဲ ဆိုတာကိုတော့ သမိုင်းကြောင်း ပြန်ကောက်ပြီး ရှင်းပြရမှာမို့လို့ နောင်ကြုံတဲ့အခါများမှဘဲ ရေးတင်ပေးပါမယ်။)
စာရေးသူအမြင်အရ ပြောရရင်တော့ ဒီဘာသာက ခက်ခဲတယ်ဆိုတာထက် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ဆိုချင်ပါတယ်။ တကယ်လို့ သင်က ခက်တယ်လို့ မြင်နေရင်လည်း သေချာနားလည်အောင်ကြည့်ပြီး စိတ်ဝင်စားတဲ့ အမြင်နဲ့ ပြောင်းကြည့်တတ်ဖို့လိုပါမယ်။ ဥပမာ စာတစ်ပုဒ် သို့မဟုတ် သီအိုရီတစ်ခုကို လေ့လာပြီးတိုင်း အပြင်မှာရော အဲလိုများလား ၊ တကယ်ရော ဟုတ်ပါ့မလား ၊ လက်တွေ့ စမ်းကြည့်လို့ကောရနိုင်မလား စသည်ဖြင့် နှိုင်းချိန်ထိုးဆပြီးတော့ တွေးကြည့် ၊ မြင်ကြည့်တတ်ဖို့ လိုပါမယ်။ အဓိကသော့ချက်ကတော့ သေချာကျနစွာ နားလည်ဖို့နဲ့ အချိန်ပေးပြီး တွေးကြည့်ဖို့ ၊ လိုအပ်လာတဲ့အခါမှာ ကျိုးကြောင်း ဆီလျော်တဲ့ မေးခွန်းတွေ ပြန်ထုတ်တတ်ဖို့ဘဲ လိုတာပါ။ ဒီလိုမျိုးပုံမှန် စဥ်းစားတဲ့၊ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အလေ့အကျင့်မျိုးသာ ကောင်းကောင်းလုပ်ထားမယ်ဆိုလို့ရှိရင်တော့ သေချာပါတယ်။ သင်က Physics ကို ကြောက်နေသူအဖြစ်ကနေ Physics ကို စိတ်ဝင်စားတဲ့သူအဖြစ်ကို ပြောင်းသွားပြီး Physics အတန်းတိုင်းမှာ မေးခွန်းတွေ တရစပ်ထုတ်မယ့်သူတစ်ယောက်ဖြစ်လာမှာ မုချမလွဲပါ။
အချုပ်အနေနဲ့ ပြောရရင်တော့ ရူပဗေဒ (Physics) ဆိုတာ ကြောက်စရာဘာသာတစ်ခု မဟုတ်ပါဘူး။ သင်က ဘယ်လောက်ကျက်ကျက် (တွက်တွက်) မရဘူး ၊ နားမလည်ဘူး ဆိုတာကလည်း စာရေးသူအမြင်တော့ သေချာနားလည်ဖို့ အားမထုတ်ရသေးတာ ဖြစ်ပါလိမ့်မယ်။ ဒါပေါ့။ နေရာတိုင်းမှာတော့ စိန်ခေါ်မှု (Challenge) ဆိုတာတွေ ရှိနေတာဘဲ။ တကယ့် တော်လှပါတယ်ဆိုတဲ့ ရူပဗေဒပညာရှင်တွေ ကိုယ်တိုင်တောင်မှ မရှင်းနိုင်သေးတဲ့ မေးခွန်းတွေ ရှိနေတာဘဲ။ တခါတလေ သင်တွက်လို့မရတာတွေ ၊ နားလည်ရခက်တာတွေ ရှိနေတာ ဘာဆန်းသလဲ။ ဒါပေမယ့် ဒီနေရာမှာ စာရေးသူပြောချင်တာက မရတိုင်းသာ လက်လျှော့ရရင်တော့ ဒီကနေ့ရနေတဲ့ တိုးတက်မှုတွေကိုတောင် စာရေးသူတို့ မြင်နေရဖို့ မရှိပါဘူး။ ဒါကြောင့် Concept တစ်ခုကို မြင်အောင် ၊ သေချာနားလည်အောင် စဥ်းစားပါ။ အကြောင်းတွေ အကျိုးတွေ ဆက်စပ်ကြည့်ပါ။ တတ်နိုင်သမျှ မိမိကိုယ်တိုင်ဆန်းစစ်ကြည့် ၊ အားထုတ်အဖြေရှာကြည့်ပါ။ ဒါမှ မရသေးရင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ နားလည်တတ်ကျွမ်းတဲ့သူတွေ ၊ သူငယ်ချင်းတွေ ၊ ဆရာတွေရဲ့ အကူအညီကို ရယူပါ။ Online ဆက်သွယ်ရေးနဲ့ အင်တာနက်အလွယ်တကူရနေတဲ့ ခေတ်မှာ သင်ကြားရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေကလည်း လက်တကမ်းမှာ အလွယ်တကူရနိုင်နေပါပြီ။ Physics ဆိုတာ လက်တွေ့ကျတဲ့ (Physical) ဘာသာရပ်တစ်ခု ဖြစ်တာကြောင့် လက်တွေ့စမ်းသပ်ကြည့်၊ ခံစားကြည့်ပြီး နားလည်လို့ရနိုင်ပါတယ် (သင်္ချာလို ကိန်းဂဏန်းတွေချည်းသက်သက် မဟုတ်ပါ)။ ကဲ အခု ဒီအကြောင်းတွေကို သိသွားပြီဆိုတော့ ဘာလို့ အချိန်ဆွဲပြီး ကြောက်နေတော့မလဲ။ အခုဘဲ Physics ဖတ်စာအုပ်ကို ဆွဲလို့ လေ့လာလိုက်ကြစို့။