LaTeX ဆိုတဲ့ typesetting tool လေးအကြောင်းကို ဖေ့စ်ဘုတ် Philomath Page မှာ ၂၀၁၉ ဇန်နဝါရီလတုန်းက ရေးတင်ခဲ့ဖူးပါတယ်။ အဆိုပါ Post ကို လိုအပ်သလို တည်းဖြတ်ပြင်ဆင်ပြီး Insight ပရိသတ်များအတွက် ထပ်မံ တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျား။

LaTeX ကို Academic ပိုင်းမှာ လုပ်နေကြသူတွေတော့ ပိုပြီး အကျွမ်းတဝင်ရှိကြပါလိမ့်မယ်။  ဒါပေမယ့် LaTeX ကို မသိကြသေးတဲ့ စာဖတ်ပရိသတ်ကြီး အတွက်ရော ၊ သုံးတော့သုံးချင်တယ် ၊ ဘယ်လိုစရမှန်း မသိကြတဲ့ (အထူးသဖြင့် LaTeX သုံးပြီး သုတေသန စာတမ်းတွေကို ရေးသားပြုစုလိုတဲ့) စာဖတ်ပရိသတ်တွေ အတွက်ပါ ရည်ရွယ်ပြီး ဒီ post လေးကို တင်ပေးရခြင်း ဖြစ်ပါတယ်။

LaTeX ဆိုတာ ဘာလဲ

LaTeX (အသံထွက် Lay-tech သို့မဟုတ် Lah-tech) ဆိုတာ အဆင့်မြင့် စာစီစာရိုက် စနစ်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အရှည်ကောက်ကတော့ Lamport TeX ပါ။ အမေရိကန်သိပ္ပံပညာရှင် Leslie Lamport ကို အစွဲပြုပြီးတော့ ခေါ်တာပါ။ ၁၉၈၀ ဝန်းကျင်လောက်ကတည်းက စပြီး သုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။

LaTeX ကို ဘယ်နေရာမှာ သုံးတာလဲ

LaTeX ကို Thesis လိုမျိုး ဘွဲ့ယူစာတမ်းတွေ နဲ့ အခြားသော သုတေသနဆိုင်ရာ ဆောင်းပါးတွေ ရေးတဲ့အခါမျိုးမှာ သုံးလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ဘာသာရပ်ဆိုင်ရာဆောင်းပါးမှာ သင်္ချာကိန်းဂဏန်းတွေ အများကြီးပါနေရင် သုံးကြပါတယ်။ စာရေးသူတို့ အသုံးပြုလေ့ရှိတဲ့ Microsoft Word ကို သုံးလို့ရပေမယ့်လည်း Equation တွေ အများကြီးရိုက်ထည့်ဖို့ကျ Word က အချိန်အရမ်းပေးရပါတယ်။ ဒီနေရာမှာ LaTeX ကို သုံးလိုက်ရင်တော့ Word လောက် အချိန်ပေးစရာ မလိုဘဲ Equation တွေကို လွယ်လွယ်ကူကူနဲ့ professional ကျကျ ရေးနိုင်မှာ ဖြစ်ပါတယ်။

LaTeX ရဲ့ အလုပ်လုပ်ဆောင်ပုံ

အသုံးပြုသူက ကိုယ်ရိုက်ချင်တဲ့စာတွေနဲ့အတူ ပရိုဂရမ်လိုမျိုး Input Command တွေကို သုံးပြီး LaTeX ကို ခိုင်းရပါတယ်။ LaTeX ရဲ့ အလုပ်ကတော့ အဲဒီ ခိုင်းတဲ့အမိန့်တွေအတိုင်း လိုက်လုပ်ပေးဖို့ပါ။ ရှုပ်သွားမှာစိုးလို့ ဥပမာလေးတစ်ခု ထပ်ပေးပါမယ်။ ဆိုပါတော့ ဟိုးအရင်ခေတ် (ကိုယ်ပိုင်ကွန်ပြူတာတွေ မပေါ်ခင်တုန်းက) စာရေးဆရာတစ်ယောက် သူ့ဝတ္ထုကို စာအုပ်ထုတ်ချင်တယ်။ သူဘာလုပ်မလဲ။ သူလက်ရေးမူနဲ့ ရေးထားတဲ့ စာရွက်တွေကို ယူပြီး ပုံနှိပ်တိုက်ကို သွားမယ်။ အဲဒီ ပုံနှိပ်တိုက်မှာ စာစီစာရိုက်သမားတစ်ယောက်နဲ့ တွေ့မယ်။ တွေ့ပြီးတော့ ဘယ်လိုစာအုပ်ပုံစံမျိုး ၊ စာရွက်အရွယ်အစားမျိုးကို သုံးမယ် ၊ ခေါင်းစဥ်ကိုတော့ဖြင့် ဘယ်လို အလှလေးဆင်ချင်တယ် ၊ စသဖြင့် Instructions တွေပေးရပါတယ်။ အဲဒါကို စာစီစာရိုက်သမားကလည်း သူ့ရဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး စာ‌ရေးဆရာလိုချင်တဲ့ Format တွေ ၊ Layout တွေ အတိုင်းရအောင် ထုတ်ပေးပါတယ်။ ဒီနေရာမှာ စာရေးဆရာကို အသုံးပြုသူလို့ မြင်ကြည့်နိုင်ပြီး LaTeX ကိုတော့ ခိုင်းတဲ့အတိုင်း လုပ်ပေးမယ့် Professional စာစီစာရိုက်သမားလေးလို့ မြင်ကြည့်လို့ရပါတယ်။

ဘယ်မှာ ဒေါင်းပြီး သုံးနိုင်လဲ

LaTeX ကို download ဆွဲပြီး သုံးလို့ရသလို download မဆွဲဘဲနဲ့ Online editor တစ်ခုခုမှာ Account ဖွင့်ပြီးလည်း Free အသုံးပြုနိုင်ပါတယ်။ download လုပ်ပြီး အသုံးပြုတာကို အရင်ရှင်းပြပါမယ်။

ဒေါင်းလုတ်လုပ်ပြီး အသုံးပြုခြင်း

LaTeX အတွက် download လုပ်ပြီး သုံးနိုင်တဲ့ editor software တွေ အများကြီးရှိပါတယ်။ ဘယ်ဟာက အကောင်းဆုံးလဲ ဆိုပြီးတော့ မရှိပါဘူး။ အသုံးပြုမယ့်သူရဲ့ အကြိုက်ပေါ်ဘဲ မူတည်ပါတယ်။ စာရေးသူကတော့ MiKTeX ကို သုံးပါတယ်။ MiKTeX ရဲ့ User interface က ရိုးစင်းတဲ့အတွက် စာရေးသူအတွက်က အဆင်ပြေပါတယ်။  https://miktex.org/download  မှာ download ဆွဲပြီး သုံးနိုင်ပါတယ်။ ဖော်ပြပါ ဝက်ဘ်ဆိုက်မှာ Window ၊ Linux သို့မဟုတ် Mac OS အတွက် MiKTeX ကို ရယူပြီးတော့ Install လုပ်ပေးရမှာ ဖြစ်ပါတယ်။ Installation လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို https://www.latex-tutorial.com/installation/ မှာကြည့်ပါ။

အွန်လိုင်းဖြင့် တိုက်ရိုက်အသုံးပြုခြင်း

Install လုပ်ရတာ ရှုပ်ပါတယ်လို့ ထင်တဲ့သူတွေအတွက်တော့ Install လုပ်ဖို့မလိုတဲ့ Free online editor ကို  https://www.sharelatex.com မှာ Log in ဝင်ရောက်ပြီးတော့ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ စာရေးသူရဲ့ လုပ်ဖော်ကိုင်ဖက်တချို့တော့ ဒီနည်းလမ်းကို သုံးကြပါတယ်။ စာရေးသူကတော့ Figure တွေကို Upload တင်ပြီး သုံးရတာ သိပ်မကြိုက်တဲ့အတွက် Install လုပ်ပြီးတော့ဘဲ သုံးပါတယ်။ Online ဘဲသုံးသုံး ၊ Install ဘဲသုံးသုံးပါ။ လုပ်ဆောင်မှု (performance) ခြင်းကတော့ အတူတူဘဲ ဖြစ်ပါတယ်။

Microsoft Word နဲ့ ယှဥ်ရင် အားသာချက် ၊ အားနည်းချက်များ

LaTeX နဲ့ MS Word နဲ့ ဘယ်သူကပိုသာသလဲ ဆိုတဲ့ မေးခွန်းကို ဟိုးအရင်ကတည်းက ငြင်းခုန်ကြ ၊ ဆွေးနွေးခဲ့ကြတာပါ။ ဂျာမနီမှာဆိုရင် ဒီအကြောင်းနဲ့ ပတ်သက်လို့ စမ်းသပ်ချက် (Experiment) တွေတောင် လုပ်ခဲ့ကြတယ်။ စာရေးသူရဲ့အမြင်ကတော့ LaTeX သုံးမလား ၊ MS Word သုံးရမလားဆိုတာ ကိုယ်ရေးချင်တဲ့ အကြောင်းအရာပေါ်ပဲ မူတည်တယ်လို့ ထင်ပါတယ်။ ရေးရမယ့်အကြောင်းအရာက သင်္ချာတို့ ၊ ရူပဗေဒတို့လိုမျိုး Formula တွေ ၊ Equation တွေအများကြီးပါနေရင် LaTeX က သာပါတယ်။ ပုံတွေ ၊ ကျမ်းကိုး (Reference) တွေ ၊ အခန်းခွဲ (Chapter) တွေ ၊ Footnote တွေ အများကြီးပါတဲ့ Thesis မျိုးရေးမယ်ဆိုရင်လည်း LaTeX က သာပါတယ်။ ပုံမှန်အတိုင်း စာစီစာရိုက်လောက်ပဲ ဆိုရင်တော့ MS Word က သာပါတယ်။ ဥပမာပေးရရင်‌တော့ ဒီ Post ကို စာရေးသူက MS Word နဲ့ ရေးနေတာပါ။ ဒါပေမယ့်လည်း ဒီ post မှာက ပုံတွေ ၊ သင်္ချာညီမျှခြင်းတွေမှ မပါဘဲလေ။ ဒါကြောင့် စာရေးသူကတော့ Word နဲ့ဘ လွယ်လွယ်ရေးလိုက်တာပါ။ ဒီနေရာမှာ စာရေးသူဆိုလိုရင်းကို ပြန်ကောက်ရရင်တော့ ရေးရမယ့် အကြောင်းအရာ ပိုရှုပ်လေလေ ၊ LaTeX ရဲ့ အားသာချက်က ပိုများလေလေလို့ ပြောချင်ပါတယ်။

နောက်တစ်ခုပြောချင်တဲ့အချက်က MS Word ကို WYSIWYG လို့ ခေါ်ကြတယ်။ အရှည်ကောက်ကတော့ What You See Is What You Get ပါ။ “မြင်ရတဲ့အတိုင်း တကယ်လည်း ရနေတာပါ” လို့ အဓိပ္ပာယ်ပြန်လို့ရပါတယ်။ ဆိုလိုတာက စာကို ရိုက်နေရင်းနဲ့ တစ်ချိန်တည်းမှာဘဲ ပုံစံ (Format) တွေကို လိုက်ပြင်သွားလို့ ရပါတယ်။ ရှုပ်မသွားအောင် အရှေ့က စာစီစာရိုက်သမား ဥပမာလေးနဲ့ ထပ်ကြည့်ရအောင်။ ဒါပေမယ့် ဒီတစ်ခေါက် စာစီစာရိုက်သမားကျတော့ အရင်လူလို မဟုတ်ဘူး။  သူ့ကို ကြိုပြီး Instruction တွေ ပေးတာထက် သင်က သူ့ဘေးနားထိုင်နေပြီး ကိုယ်လိုချင်တာတွေကို ပြောရင်း စာရိုက် ၊ စာရိုက်ရင်းနဲ့ လိုက်ပြင် ၊ အဲလို စာရိုက်သမားမျိုးပါ။ ဆိုးကျိုးကတော့ Thesis တို့ ၊ Research paper တို့လို Equations တွေ ၊ Figure တွေ ၊ Cross-reference တွေနဲ့ ရှုပ်ရှက်ခတ်နေမယ့် အကြောင်းအရာတွေ ပါလာပြီ ဆိုရင်တော့ အာပေါက်ဖို့သာ ပြင်ပေတော့။ ဘာလို့ဆို သူ့ကို အချိန်ပြည့်ခိုင်းနေရတော့မယ်လေ။ အဲလိုလုပ်လို့ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ ဒါပေမယ့်လည်း အရာရာတိုင်းကို လိုက်ပြင်ခိုင်းနေရတာကျ အချိန်ကုန်လူပန်း ဖြစ်တတ်ပါတယ်။  LaTeX မှာတော့ အဲဒီပြဿနာတွေ မရှိပါဘူး။ ခိုင်းချင်တဲ့ အမိန့်ပေးချက် (command) သာ ကောင်းကောင်း ရေးတတ်ပါစေ။ သင့်ရဲ့ Professional စာရိုက်သမားလေးက သင့်အတွက် အလှဆုံး ပုံစံ (format) လေးတွေကို ချပြမှာပါ။

နောက်ထပ် LaTeX ရဲ့ အားသာချက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ စာရိုက်နေရင်းနဲ့ Space bar နှစ်ချက်ရိုက်မိတာတို့ ၊ ခေါင်းစဥ်နဲ့ အကြောင်းအရာ သုံးထားတဲ့ ဖောင့်ဒ်တွေ လွဲနေတာ စတဲ့ ပုံစံလွဲမှားနေခြင်း (Format inconsistency) ပြဿနာတွေ LaTeX မှာမရှိပါဘူး။ ဒါကို ထင်ရှားအောင် ပုံ ၁ မှာ ပြထားပေးပါတယ်။ နောက်တစ်ကြောင်း ဆင်းတဲ့အချိန်မှာ တစ်ချို့စကားလုံးတွေက Hyphen ခံပြီး ဆင်းသွားကြပါတယ်။ ဒါ Typesetter က အလိုအလျှောက် လုပ်ပေးတာပါ။ အဲလို Hyphen ခံထားတာတွေက နည်းလေကောင်းလေပါ။ ဘာလို့ဆို ကြည့်ရအရုပ်ဆိုးစေတာကိုး။ LaTeX သုံးပြီး ရိုက်ထားတဲ့ စာပိုဒ်ဟာ Hyphen  ခံပြီး နောက်တစ်ကြောင်း ဆင်းတာလည်း ပိုနည်းတဲ့အတွက် အမြင်မှာတော့ ပိုပြီး မျက်စိပသာဒ ဖြစ်စေပါတယ်။

ပုံ ၁။ Microsoft Word ၊ Adobe နဲ့ LaTeX တို့ရဲ့ စာထွက်ချင်း နှိုင်းယှဥ်ပြထားပုံ (Ref [1])

သင်ရတာ လွယ်သလား

ဘယ်အရာမဆို စစသင်ချင်းတော့ အနည်းနဲ့အများ ခက်တတ်ပါတယ်။ LaTeX ရဲ့ environment ဟာ Programming ပုံစံနဲ့ဆိုတော့ တချို့ဆို ရှုပ်တယ်လို့တောင် ထင်ကြပါတယ်။ ဒါပေမယ့် အဲလိုလည်း မမှတ်ယူစေချင်ပါ။ ဘာလို့လဲဆိုတော့ တကယ့် Programming လောက် မခက်လို့ပါ။ Command တွေကလည်း အလွတ်ကျက်ထားဖို့ မလိုသလို တကယ့်အပြင်က အဓိပ္ပာယ်အတိုင်း ရေးထားတာပါ။ ဥပမာ စာစရိုက်တော့မယ်ဆိုရင် \begin{document} ၊ စာရိုက်တာပြီးပြီဆိုရင် \end{document} စသဖြင့် ရေးပေးရပါတယ်။ စာစီစာရိုက်သမားလေးကို Instruction တွေပေးနေတယ်လို့တောင် သဘောထားလို့ရပါတယ်။ သင်ရင်းသင်ရင်းနဲ့ ပျော်စရာတောင် ကောင်းလာပါဦးမယ်။ အသုံးများတဲ့ Command တွေကိုလည်း Google မှာ “LaTeX Cheat Sheet” ဆိုပြီး လွယ်လွယ်ကူကူ ရှာဖွေရယူနိုင်ပါတယ်။ Open source ဖြစ်တဲ့အတွက် အလကားလည်း သုံးလို့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးအနေနဲ့ကြည့်မယ်ဆိုရင် အသုံးပြုသူ အရေအတွက်များတာမို့ ပြဿနာတစ်ခုခုကြုံရင်လည်း အဖြေကို အွန်လိုင်းမှာ အလွယ်တကူ ရှာဖွေကြည့်လို့ရပါတယ်။

မှတ်ချက်။ အနောက်နိုင်ငံတွေ (အထူးသဖြင့် ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့အခါ) Microsoft Word ကို အလကားသုံးလို့မရနိုင်တော့ပါ။ လိုင်စင်ဝယ်ပြီး သုံးမှရပါသည်။

အောက်ပါပုံ (ပုံ ၂) မှာပြထားတာကတော့ LaTeX နဲ့ Word အတွက် လိုအပ်တဲ့ အားထုတ်မှုချင်း နှိုင်းယှဥ်ပြထားတာပဲ ဖြစ်ပါတယ်။ ပုံမှာ ဆိုလိုချင်တဲ့ သဘောကတော့ ရိုးရိုး စာတို့၊ စာစီစာကုံးတို့၊ မှတ်စုတို့ ထုတ်ချင်တဲ့ အချိန်မျိုးမှာတော့ LaTeX သမားက ပိုအားစိုက်ထုတ်ရပါတယ်။ ဒီလိုအချိန်မျိုးကျ Word က သုံးရတာပိုလွယ်ပါတယ်။ ဒါပေမယ့် စာအုပ်ထုတ်တာတို့၊  Thesis စာတမ်းပြုစုတာတို့လိုမျိုး ပုံတွေ၊ စာတွေ၊ အညွှန်းတွေ စသဖြင့်ပါလာခဲ့ရင်တော့ LaTeX သုံးရတာပိုလွယ်နေပါတယ်။

ပုံ ၂။ LaTeX နဲ့ Word အားထုတ်မှု အဆင့်ချင်း နှိုင်းယှဥ်ထားပုံ (Ref [2])

Font တွေရော အဆင်ပြေရဲ့လား

LaTeX မှာ Time New Roman ၊ Utopia စတဲ့ Font family မျိုးစုံရှိတဲ့ အတွက် ဒီအတွက်တော့ စိတ်မပူပါနဲ့လို့ ပြောချင်ပါတယ်။ မြန်မာ Font တွေ Smiley တွေလည်း ရိုက်လို့ရပါတယ်။ အောက်က ဓာတ်ပုံ (ပုံ ၃) မှာ နမူနာ Command Line တချို့နဲ့ မြန်မာ Font ကို ရိုက်ပြထားပါတယ်။ Font အမျိုးအစားကတော့ Myanmar Text ပါ။ ဘယ်ဖက်မှာ အမိန့်ပေးချက် နမူနာလေးတွေ ပြထားပါတယ်။ ညာဖက်မှာတော့ အဆိုပါအမိန့်ပေးချက်နဲ့အညီ စာရိုက်သမားလေး ရိုက်ထုတ်ပေးလိုက်တဲ့ စာကြောင်းလေးကို တွေ့မြင်နိုင်မှာဘဲ ဖြစ်ပါတယ်။

ပုံ ၃။ မြန်မာ ဖောင့်ဒ်၊ Smiley တို့ကို LaTeX သုံးပြီး ရိုက်ပြထားပုံ

ဘယ် Website တွေမှာ လေ့လာနိုင်လဲ

လေ့လာချင်သူတွေအတွက် အသုံးဝင်မယ့် website list လေးကို အောက်ပါအတိုင်း ပြင်ဆင်ပေးလိုက်ပါတယ်။

ပထမ Link က Tutorial Page ပါ။ ဒုတိယ Link ကတော့ သူများ ပြင်ဆင်ပေးထားပြီးသား Template တွေပါ။ ကြိုက်နှစ်သက်ရာ Document Format ကို ရွေးချယ်ပြီး Download ဆွဲလေ့လာလို့ရပါတယ်။ အထဲမှာ Code တွေက အသင့် ရေးပြီးသားဖြစ်တာမို့ Command Lines တွေလည်း အလွတ်ကျက်ထားဖို့ မလိုပါဘူး။

ကဲ ဒီလောက်ဆိုရင် LaTeX ရဲ့ မိတ်ဆက်နဲ့ ပတ်သက်ပြီး စာရေးသူ ပြောပြချင်တဲ့ အကြောင်းအရာတွေလည်း တော်တော်လေး စုံသ‌လောက် ရှိသွားပါပြီ။ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ ပညာရပ် အသစ်တစ်ခု ထပ်ပြီး တတ်ချင်လို့ပဲဖြစ်ဖြစ် ၊ မိမိရဲ့ Thesis supervisor ကို လှပသေသပ်တဲ့ Report နဲ့ impress လုပ်ချင်လို့ပဲ ဖြစ်ဖြစ် ၊  LaTeX ကို အသုံးပြုကြည့်ကြပါလို့ တိုက်တွန်းရင်း စာရေးသူရဲ့ LaTeX အကြောင်း မိတ်ဆက်ဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေခင်ဗျား။ အားလုံး လေ့လာသင်ယူခြင်းဖြင့် ဘဝတိုးတက်မှု ရရှိကြပါစေ။

မေတ္တာဖြင့်

#yp

Ref

[1] https://tex.stackexchange.com/questions/110133/visual-comparison-between-latex-and-word-output-hyphenation-typesetting-ligat

[2] https://softwareengineering.stackexchange.com/questions/47402/what-is-the-best-toolkit-for-writing-long-technical-texts