MARSTRUCT လို့ အမည်ရတဲ့ ရေကြောင်းနဲ့ ပင်လယ်ပြင်ဆိုင်ရာ ဆွေးနွေးပွဲ (conference) ကို ပြီးခဲ့တဲ့ မေလဆန်းလောက်တုန်းက တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဆိုပါ ကွန်ဖရင့်စ်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတအချို့ကို အနှစ်ချုပ်ပြီး ပြန်လည်မျှဝေပေးချင်ပါတယ် ခင်ဗျား။ Layman term နဲ့ အတတ်နိုင်ဆုံး နားလည်ရလွယ်‌အောင် အားထုတ်ရေးသားထားပါတယ်။

MARSTRUCT ဆိုတာ ဘာလဲ

MARSTRUCT ရဲ့ အရှည်ကောက်ကတော့ Marine Structure ပါ။ မြန်မာလိုပြန်ရင်တော့ ‘ရေကြောင်းနဲ့ ပင်လယ်ဆိုင်ရာ အဆောက်အဦး’ လို့အဓိပ္ပာယ်ထွက်ပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းကစလို့ နှစ်နှစ်ကို တစ်ကြိမ်နှုန်းနဲ့ အနောက်နိုင်ငံတွေမှာ ကျင်းပခဲ့ကြတဲ့ ဆွေးနွေးပွဲလေးလည်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ‌academics ပိုင်းမှာ လုပ်နေကြသူတွေ ၊ သုတေသနပညာရှင်တွေ ၊ စည်းမျဥ်းဥပဒေသ သတ်မှတ်ပေးတဲ့ အဖွဲ့အစည်း (Classification societies) တွေနဲ့ ကုမ္ပဏီ (industry) ပိုင်းမှာ လုပ်နေကြသူတို့ တွေ့ဆုံကြပြီး လတ်တတော လေ့လာနေကြတဲ့ သုတေသနတွေ၊ တိုးတက်မှုတွေကို ဆွေးနွေးဖလှယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်လေ့လာနေတဲ့ သုတေသနတွေရှိရင် ချပြနိုင်မှာ ဖြစ်သလို လုပ်ထားတာမရှိပေမယ့်လည်း တစ်ခြားသူတွေ (အထူးသဖြင့် ပြိုင်ဖက်တွေ) ရဲ့ တိုးတက်အဆင့်ကို တီးခေါက်လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆွေးနွေးပွဲလေးမှာတော့ နိုင်ငံပေါင်းစုံက စာတမ်းပေါင်း ၇၅ စောင်နဲ့ အားဖြည့်ဆွေးနွေးခဲ့ကြပါတယ်။ အဓိကဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဥ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

(၁) ဝန် သို့မဟုတ် ပြင်ပမှသက်ရောက်မှုအားများ (loads) ကြောင့် ဘာတွေဖြစ်လာနိုင်သလဲ
(၂) အဆောက်အဦး သို့မဟုတ် structure တွေရဲ့ ကြံခိုင်မှု (strength) ကို စစ်ဆေးခြင်း
(၃) ဖွဲ့စည်းတည်ဆောက်မှုကို လက်တွေ့နည်းဖြင့် ဆန်းစစ်လေ့လာခြင်း (experimental analysis)
(၄) ဒြပ်ပစ္စည်း (Materials) နဲ့ တည်ဆောက်တပ်ဆင်ပုံ (fabrications) များ
(၅) တည်ဆောက်ပုံဒီဇိုင်း (structural design) နဲ့ အကောင်းဆုံး ရွေးချယ်မှုကို ရှာဖွေခြင်း (optimisations)
(၆) အဆောက်အဦးဆိုင်ရာ လုံခြုံမှု (safety) နဲ့ ပတ်ဝန်းကျင်ကာကွယ်ရေး (environmental protection) စသည်ဖြင့် အသီးသီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။

မှတ်ချက်။ မူရင်း MARSTRUCT conference မှာ ဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဥ်များကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းမျှသာ ဖြစ်ပါတယ်။ ပိုမိုသင့်တော်တဲ့ မြန်မာ့စကားလုံး အသုံးအနှုန်းများ၊ လက်ရှိအသုံးပြုနေကြတဲ့ အခေါ်အဝေါ်များ ရှိရင်လည်း အကြံပြုပေးနိုင်ပါတယ်။

(၁) ဝန် သို့မဟုတ် ပြင်ပမှသက်ရောက်မှုအားများ (loads) ကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

ပုံ ၁။ ပြင်ပမှ သက်ရောက်လာနိုင်ခြေရှိတဲ့ ဝန်အားများ (Image courtesy: Ref. [1], [2])
ပုံ ၁။ ပြင်ပမှ သက်ရောက်လာနိုင်ခြေရှိတဲ့ ဝန်အားများ (Image courtesy: Ref. [1], [2])

ပင်လယ်ပြင်ထဲသွားမယ့် သင်္ဘောတွေ၊ ကမ်းလွန်အဆောက်အအုံတွေကို ဒီဇိုင်းလုပ်တဲ့အခါမျိုးမှာ ပြင်ပမှသက်ရောက်လာနိုင်တဲ့ ဝန်အား (load) တွေကို ကြိုပြီးတော့ ထည့်စဥ်းစားကြရပါတယ်။ အဆိုပါ ပြင်ပမှအားများကို အကြမ်းဖျင်း လှိုင်း၊ လေနဲ့ ရေစီးကြောင်း ဆိုပြီး အလွယ်မှတ်နိုင်ပါတယ်။ အာတိတ်ဖက် သွားမယ့် သင်္ဘောများကတော့ ရေခဲကြောင့် ဖြစ်လာနိုင်မယ့် ဝန်အားတွေကိုပါ ထည့်ပြီး စဥ်းစားပေးရပါတယ်။ (ပုံ ၁ မှာ ကြည့်ပါ။)

အာတိတ်မဟုတ်တဲ့ အခြားပင်လယ်ပြင်နယ်ပယ်တွေမှာတော့ လှိုင်း၊ လေနဲ့ ရေစီးကြောင်းတို့ကို အဓိကစဥ်းစားပါတယ်။ အထူးသဖြင့် သင်္ဘောနဲ့ ကမ်းလွန်အဆောက်အအုံတွေပေါ်မှာ သက်ရောက်လျက်ရှိတဲ့ ဝန်အားတော်တော်များများဟာ လှိုင်းကြောင့်ဖြစ်လာတာပါ။ ဒါဆိုရင် သမုဒ္ဒရာထဲက ရေလှိုင်းတွေအကြောင်း၊ သူတို့ရဲ့ ဖြစ်ပေါ်လာပုံနဲ့ အခြားဆက်စပ် သဘောသဘာဝတွေကို သိရှိထားဖို့လိုအပ်လာပါတယ်။ နောက်တစ်ခုအရေးကြီးတာက အဆိုပါဝန်အားတို့ရဲ့ ပြင်းအားအဆင့်ကို မှန်မှန်ကန်ကန် ခန့်မှန်းထားနိုင်ဖို့ပါ။ ဘာလို့လဲဆို သင်္ဘောနဲ့ ကမ်းလွန်အဆောက်အအုံတွေဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ ပြင်းထန်အဆင့်လို့ခေါ်တဲ့ extreme load အခြေအနေမျိုးနဲ့တောင် ကြုံချင်ကြုံရတတ်လို့ပါ။ အဲလိုကြုံလာတဲ့အခါမျိုးမှာ မိမိဒီဇိုင်းလုပ်ထားတဲ့ အဆောက်အအုံ (သို့မဟုတ်) သင်္ဘောဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိနေမှဖြစ်မှာပါ။

ဒါပေမယ့်လည်း တကယ့်တကယ် လှိုင်း၊ လေတို့ကို ဘယ်လိုမျိုး ထည့်သွင်းစဥ်းစားမလဲဆိုတာကျ ထင်သလောက်မလွယ်ပြန်ဘူး။ မိမိရဲ့ သင်္ဘော သို့မဟုတ် အဆောက်အအုံ လုပ်ငန်းလည်ပတ်မယ့် ပင်လယ်ပြင်နယ်ပယ်ဒေသရဲ့ အခြေအနေမှန်ကို သိရှိထားဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ လှိုင်းတို့၊ လေတို့ဆိုတာက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်တဲ့ သဘောရှိတာကြောင့် နှစ်ပေါင်းများစွာ ကောက်ယူထားတဲ့ စာရင်းအင်းအချက်အလက်တွေအပေါ်အခြေခံပြီးမှ ဖြစ်တန်စွမ်း (probability) ကို ခန့်မှန်းတွက်ယူရပါတယ်။ MARSTRUCT ဆွေးနွေးပွဲရဲ့ အခုကဏ္ဍလေးမှာတော့ အဆိုပါ ဖြစ်တန်စွမ်းတွေကို ဘယ်လိုခန့်မှန်းတွက်ယူနိုင်မလဲ၊ နောက်ပြီး  အဆိုးဆုံးအခြေအနေကရော ဘာတွေများဖြစ်နိုင်မလဲ၊ စသည်ဖြင့် ဆွေးနွေးသွားကြပါတယ်။

(၂) အဆောက်အဦး သို့မဟုတ် structure တွေရဲ့ ကြံခိုင်မှု (strength) ကို စစ်ဆေးခြင်း

ပုံ ၂။ အဆောက်အဦး (structure) များ၊ အစိတ်အပိုင်းများ (Image courtesy: Ref. [3], [4], [5])

အဆောက်အဦး (structure) ဟု ဆိုရာမှာ ပလိပ်ပြားတွေ (plate) ၊ အားဖြည့်ပံ့ပိုးထားတဲ့ အပြားတွေ (stiffened panels) နဲ့ သင်္ဘောကိုယ်ထည် ရက်မ လို့ခေါ်တဲ့ (hull girder) တွေစတဲ့ အစိတ်အပိုင်းတွေကို ဆိုလိုတာပါ (ပုံ ၂ မှာ ကြည့်ပါ)။

ပုံပြပါ တည်ဆောက်ရေး အစိတ်အပိုင်းတွေကို အားသက်‌ရောက်တဲ့အခါ ဘာတွေဖြစ်နိုင်သလဲ ဆိုပြီး အဓိကဆွေးနွေးကြတာပါ။ ဒါပေမယ့် ဒီတစ်ခါသက်ရောက်တဲ့အားတွေက ခုနကလို လှိုင်း၊ လေ တို့မဟုတ်တော့ဘဲ ရံဖန်ရံခါမှ တွေ့ကြုံရတတ်တဲ့ အား (occasional load) နဲ့ မတော်တဆကြောင့် ဖြစ်တဲ့ (accidental loads) တွေကို ဆိုလိုပါတယ်။  ဥပမာပေးရရင် မီးလောင်တာ၊ သင်္ဘောအချင်းချင်းတိုက်မိတာ၊ သင်္ဘောနဲ့ အခြား ကမ်းလွန်အဆောက်အအုံတွေနဲ့ တိုက်မိတာ၊ ရေအောက်ပေါက်ကွဲမှု စတဲ့ အဖျက်သမား အန္တရာယ်တွေ၊ နောက်တစ်ခါ သင်္ဘောဟာ အရမ်းမြန်တဲ့ အရှိန်နဲ့သွားတဲ့အခါမှာ သင်္ဘောဦးနဲ့ ရေနဲ့ ဆောင့်မိခြင်းမှ ဖြစ်ပေါ်လာတတ်တဲ့ ဝန်အား (slamming)၊ စသဖြင့် အမျိုးမျိုးလေ့လာရပါတယ် (ပုံ ၃ မှာကြည့်ပါ)။

ပုံ ၃။ မတော်တဆမှုကြောင့် ကြုံတွေ့ရတတ်တဲ့ သက်ရောက်အားအမျိုးမျိုး (Image courtesy: Ref. [5])

နောက်တစ်ခါ ပြင်ပမှအားသက်ရောက်တာမျိုး မဟုတ်ပေမယ့်လည်း အလျားရှည်လျားလွန်းတာကြောင့် ကုန်တွေတင်လိုက်တဲ့အခါမှာ သင်္ဘောခါးကျိုးသွားနိုင်တာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။ ပညာရပ်ဆိုင်ရာမှာ Ultimate hull girder strength လို့သုံးနှုန်းပါတယ်။ အဆုံးစွန်ခံနိုင်မယ့် ကိုယ်ထည်ကြံ့ခိုင်မှု လို့ဘာသာပြန်ကြည့်လို့ရပါတယ်။ တစ်ခါ အသုံးပြုထားတဲ့ သံပြား (ပလိပ်ပြား) ဟာ ပါးလျနေတဲ့အတွက် ဖိအား (pressure) သက်ရောက်လိုက်တဲ့အခါမှာ ရုတ်တရက် ကွေးညွှတ်သွားတာမျိုး (buckling လို့ခေါ်ပါတယ်) ဖြစ်တတ်ပါတယ်။ ခေါက်တုံ့ပြန်အား (fatigue) သက်ရောက်မှုကြောင့်လည်း ရှည်ရေမှာ အစိတ်အပိုင်းတွေရဲ့ ကြံ့ခိုင်မှုလျော့ကျလာတတ်ပါသေးတယ်၊ စသည်ဖြင့် စိတ်ဝင်စားဖို့လည်းကောင်းသလို ဗဟုသုတတိုးစေနိုင်မယ့် အကြောင်းအရာနယ်ပယ်စုံကို နားထောင်ခဲ့ရပါတယ် (ပုံ ၄ မှာ ရှုပါ)။

ပုံ ၄။ အခြားသော accidents များ (Image courtesy: Ref. [6], [7])
ပုံ ၄။ အခြားသော accidents များ (Image courtesy: Ref. [6], [7])

ဤသို့လေ့လာရာမှာ တစ်ချို့က Finite element လို့ခေါ်တဲ့ ဂဏန်းသင်္ချာပေါ်အခြေခံတဲ့တွက်ချက်မှု (Numerical simulations) တွေကို ကွန်ပြူတာတွေနဲ့ ဖန်တီးလေ့လာကြသလို တစ်ချို့ကတော့ Theoretical approach လို့ခေါ်တဲ့ ရူပဗေဒဆိုင်ရာ အယူအဆတွေကို အခြေခံပြီးမှ တွက်ချက်လေ့လာတဲ့နည်းကို အသုံးပြုကြပါတယ်။ အဆိုပါ အကြောင်းအရာများကိုလည်း ဒီကဏ္ဍလေးမှာ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

(၃) ဖွဲ့စည်းတည်ဆောက်မှုကို လက်တွေ့နည်းဖြင့် ဆန်းစစ်လေ့လာခြင်း (experimental analysis)

ဒီကဏ္ဍမှာတော့ ဖွဲ့စည်းတည်ဆောက်မှုတွေရဲ့ အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း (structural health monitoring) အကြောင်း၊ ခေါက်တုံ့ပြန်အား (fatigue) ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အက်ကွဲရာ (cracks) တွေအကြောင်း၊ ပုံစံငယ်ပြုလုပ်စမ်းသပ်ခြင်း (Model tests) နဲ့ တကယ့်အပြင်က အတိုင်းအတာအတိုင်း တည်ဆောက်စမ်းသပ်ခြင်း (full scale tests) တွေအကြောင်း နားထောင်ခဲ့ရပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Inverse Finite Element Method လို့ခေါ်တဲ့ ပြောင်းပြန်တုပဖန်တီးခြင်း နည်းပညာအကြောင်းပါ။ Strain guage လို့ခေါ်တဲ့ ဒဏ်ကို တိုင်းတာတဲ့ ကိရိယာကွန်ရက်တွေက ပေးတဲ့ရလဒ်နဲ့ ကွန်ပြူတာဖန်တီးပြုလုပ်ချက် (simulations) တွေရဲ့ ရလဒ် နှစ်ခုတို့အကြား အမှားနည်းနိုင်သမျှနည်းအောင် (သို့မဟုတ် တူညီတဲ့အဖြေ converged solutions ရရှိအောင်) ထပ်ခါထပ်ခါ တွက်ချက်ခြင်းတွေ လုပ်ပေးရပါတယ်။ ရလဒ်ကတော့ အပြင်မှာ တကယ်ကြုံတွေ့နေရတဲ့ (ဥပမာ လှိုင်းဒဏ် ၊ ဒါမှမဟုတ် ဗုံးပေါက်ကွဲမှုဒဏ် စတဲ့) အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ ကွန်ပြူတာကနေ စောင့်ကြည့်လို့ရစေမယ့် နည်းလမ်းလေးပါ။ အင်မတန်စိတ်ဝင်စားဖို့ကောင်းလှတဲ့ သုတေသန အသစ်တစ်ရပ်လို့ ထင်မြင်မိပါတယ်။

(၄) ဒြပ်ပစ္စည်း (Materials) နဲ့ တည်ဆောက်တပ်ဆင်ပုံ (fabrications) များ

ပုံ ၅။ ကွန်ပို့စစ် ဒြပ်ပစ္စည်း ပါဝင်ဖွဲ့စည်းမှု (Image courtesy: Ref. [8])
ပုံ ၅။ ကွန်ပို့စစ် ဒြပ်ပစ္စည်း ပါဝင်ဖွဲ့စည်းမှု (Image courtesy: Ref. [8])

ဒီတစ်ခါတော့ သံကို အသုံးပြု၍ တည်ဆောက်ထားတာမျိုး မဟုတ်တော့ဘဲ Composite နဲ့ Hybrid စတဲ့ အရောအ‌နှော ဒြပ်ပစ္စည်းများကို သုံးပြီး တည်ဆောက်တပ်ဆင်တာတွေ အကြောင်းပါ။ ဒီနေရာမှာ Composite နဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ်။ Composite ဒြပ်ပစ္စည်းဆိုတာ ဂုဏ်သတ္တိမတူညီတဲ့ ဒြပ်ပစ္စည်းများကို ပေါင်းစပ်ပြီး ‌နောက်ထပ် (ပိုကောင်းတဲ့) ဂုဏ်သတ္တိနဲ့ ဒြပ်ပစ္စည်းအသစ်တစ်မျိုး ရရှိအောင် ဖန်တီးထားတဲ့ Material အမျိုးအစားပါ။ ဥပမာ – ဘိလပ်မြေ (သို့မဟုတ်) အင်္ဂတေ တွေကို သံချောင်းတွေနဲ့ အားဖြည့်ပေါင်းစပ်လိုက်တဲ့အခါမှာ ကွန်ကရစ်ဆိုတဲ့ ဂုဏ်သတ္တိအသစ်တစ်မျိုးကို ပိုင်ဆိုင်တဲ့ ဒြပ်ပစ္စည်းလေး ထွက်လာတာပါ။ ဒါ့ကြောင့် Composite လို့ပြောရင် အနည်းဆုံးပါဝင်ပစ္စည်း နှစ်ခု ရှိရပါတယ် (ပုံ ၅ မှာ ကြည့်ပါ)။ ကွန်ပို့စစ် ဒြပ်ပစ္စည်းအမျိုးအစားပေါင်းများစွာ ရှိပါတယ်။ ဥပမာ – ကွန်ကရစ်၊ သုံးထပ်သားပြား၊ ဖိုင်ဘာပလပ်စတစ်ပြား၊ သတ္တုအရောကွန်ပို့စစ် စသဖြင့်ပါ။ လမ်းတံတား၊ အဆောက်အအုံ၊ သင်္ဘောကိုယ်ထည်၊ လေယာဥ်ပျံ၊ ပြိုင်ကား၊ အာကာသယာဥ်၊ စတာတွေကို တည်ဆောက်တဲ့နေရာမှာ အဓိကသုံးကြပါတယ်။ Hybrid ဆိုတာလည်း ကွန်ပို့စစ် နဲ့တူပါတယ်။ ဒါပေမယ့် သူကကျ မော်လီကျူးအဆင့်မှာ ရောနှောထားတဲ့ ပစ္စည်းမျိုးပါ။ နာနိုစကေးအဆင့်လောက်ထိကို သေးငယ်ပါတယ်။ ဥပမာ – အရိုးဟာ Hybrid ဒြပ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

ဖော်ပြပါ ကွန်ပို့စစ် ဒြပ်ပစ္စည်းတွေကို အသုံးပြုတည်ဆောက်တဲ့အခါ အရေးကြီးတဲ့အချက်တစ်ခုက အစိတ်အပိုင်းများကို ဘယ်လိုတစ်ခုနဲ့တစ်ခု ဆက်မလဲဆိုတဲ့အချက်ပါ။ သံလို ဂဟေဆော်လို့မှ မရတော့ဘဲကိုး။ ဒီတော့ကာ ဘယ်လိုတပ်ဆင်ကြမလဲ (fabricate) ၊ ပျက်တဲ့အခါ ဘယ်လိုမျိုး ပြင်လို့ရမလဲ (repair) စတာတွေနဲ့ ပတ်သက်ပြီး နားထောင်ခဲ့ရပါတယ်။ စပိန်နိုင်ငံမှာ FIBERSHIP လို့ခေါ်တဲ့ ပရောဂျက်ကြီးတစ်ခု အကြီးအကျယ်လုပ်နေတာကိုလည်း သိခဲ့ရပါတယ်။ FRP (Fiber reinforced plastics) လို့ခေါ်တဲ့ ကွန်ပို့စစ်ဒြပ်ပစ္စည်းအသုံးပြုပြီး မီတာ ၅၀ (ပေ ၁၆၀) လောက်အလျားရှိတဲ့ သင်္ဘောကြီးတွေ ဆောက်လာကြတာကိုလည်း သတိထားမိခဲ့ပါတယ်။ သံနဲ့ဆောက်တာထက် အ‌လေးချိန်ပိုမိုလျော့သွားမှာ ဖြစ်ပြီး အခြားသော အားသာချက်တွေကိုပါ ထောက်ချင့်ကြည့်မယ်ဆိုရင် ဖိုင်ဘာသုံး ကွန်ပို့စစ် နည်းပညာဟာ လေ့လာထားသင့်လှတဲ့ နည်းပညာတစ်ခုလို့ ဆိုချင်ပါတယ်။

(၅) တည်ဆောက်ပုံဒီဇိုင်း (structural design) နဲ့ အကောင်းဆုံး ရွေးချယ်မှုကို ရှာဖွေခြင်း (optimisations)

ဒီဇိုင်းတစ်ခုဖန်တီးဖို့ ထည့်သွင်းစဥ်းစားကြရမယ့် အချက်တွေ အများအပြားရှိပါတယ်။ ဘောဂဗေဒသဘောအရတော့ အရင်းအမြစ်တွေကို (ဥပမာ အချိန်၊ လုပ်အား၊ ‌ငွေကြေးအရင်းအနှီး စသည်ဖြင့်) အကန့်အသတ်နဲ့သာ ရရှိနိုင်ပါတယ်။ ဒီတော့ အဲ့လို ကန့်သတ်ချက်တွေကြားထဲမှာ အကောင်းဆုံးဆိုတဲ့ ရွေးချယ်မှုတွေကို လိုလားကြပါတယ်။ အဲ့ဒီမှာ Optimisation ဆိုတဲ့ ဘာသာရပ်ပေါ်ပေါက်လာခဲ့တာပါပဲ။ ဆိုလိုတာက ဒီဇိုင်း variable တွေအများအပြားကို input အနေနဲ့ ထည့်သွင်းစဥ်းစားပြီး အကောင်းဆုံးဆိုတာ ရရှိအောင် လမ်းစဥ်စနစ် (algorithms) များ ချမှတ်ပြီးတွက်ချက်ကြတဲ့အကြောင်းတွေကို လေ့လာဆွေးနွေးကြတဲ့ ကဏ္ဍလေးပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား သတိထားမိတဲ့ စာတမ်းတစ်စောင်ကတော့ သင်္ဘောတည်ဆောက်ရေးမှာ မှတ်ဉာဏ်တု (artificial intelligence) ကို အသုံးပြုမယ့်အကြောင်းပါ။ A.I အသုံများလာမှုကတော့ အံ့မခန်းပါ။ trend လို့တောင် ဆိုရမတတ်ပါ။ ဒါကြောင့်လည်း classification society တွေလည်း A.I နဲ့ ပတ်သက်တဲ့ သုတေသနတွေမှာ ပါဝင်လာကြတာကို သတိထားမိပါတယ်။ အထူးသဖြင့်တော့ A.I ရဲ့ နျူရယ်ကွန်ရက် (neural network) ကို အသုံးပြုပြီး A.I ကိုလေ့ကျင့်ပေးထားနိုင်ဖို့ပါ။ ဒါပေမယ့်လည်း A.I ဟာ Black box တစ်ခုလိုသာ ဖြစ်နေသေးပြီး အင်ဂျင်နီယာတစ်ယောက်အနေနဲ့တော့ သူ့ကို ယုံယုံကြည်ကြည် အသုံးပြုဖို့ စောလွန်းသေးတယ်လို့ ရှုမြင်မိပါတယ်။

(၆) အဆောက်အဦးဆိုင်ရာ လုံခြုံမှု (safety) နဲ့ ပတ်ဝန်းကျင်ကာကွယ်ရေး (environmental protection)

နောက်ဆုံးခေါင်းစဥ်အနေနဲ့ လေ့လာခဲ့ရတာက လုံခြုံမှုတွေ၊ ပတ်ဝန်းကျင် ထိခိုက်မှုကို ဘယ်လိုလျော့ချမလဲ စသည်ဖြင့် ဖြစ်ပါတယ်။ လုံခြုံမှု (safety) လို့ဆိုရာမှာ သင်္ဘော သို့မဟုတ် အဆောက်အအုံရဲ့ လည်ပတ်မယ့် သက်တမ်းနဲ့ အဆိုပါ သက်တမ်းတစ်လျှောက်မှာ ကြုံတွေရနိုင်တဲ့ ပြဿနာတွေကို ထည့်စဥ်းစားကြပါတယ်။ ဥပမာ ခေါင်းစဥ် (၁) မှာ တင်ပြခဲ့ပြီးသလို အဆုံးစွန်ဖြစ်လာနိုင်တဲ့ ဝန်အား (Extreme load) အခြေအနေမျိုး ၊ နှစ်တွေကြာလာတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ သံချေးတက်ခြင်း (corrosion) ၊ ရေညှိနဲ့ အကောင်ပလောင်တွေတွယ်ကပ်ခြင်း (marine growth) ၊ အန္တရာယ်စီမံခန့်ခွဲမှု (risk management) တွေအကြောင်း၊ Dry dock structure တွေ၊ ကမ်းရိုးတန်း အဆောက်အအုံတွေအကြောင်း၊ နောက်တစ်ခါ ပတ်ဝန်းကျင် ထိခိုက်မှုလျော့ချဖို့ (တစ်နည်းအားဖြင့် green energy ဖြစ်အောင်) ဘက်ထရီတွေကို ပိုမိုအသုံးပြုမယ့်အကြောင်း စသဖြင့် အသီးသီးဆွေးနွေးသွားကြပါတယ်။

အချုပ်အားဖြင့်ဆိုရသော် အဆိုပါ MARSTRUCT conference လေးဟာ စာရေးသူအတွက်တော့ ပညာလည်းရ၊ အသိအကျွမ်းလည်းတိုး၊ အတွေ့အကြုံချင်း၊ အမြင်ချင်းလည်း ဖလှယ်ဖြစ်ခဲ့တဲ့  အကျိုးရှိခရီးစဥ်တစ်ခု ဖြစ်ပါတယ်။ ရေကြောင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းပိုင်းမှာ လုပ်နေကြသူတွေရော၊ တက္ကသိုလ်ကျောင်းသားများရောပါ ဗဟုသုတရရှိစေလိုတဲ့အတွက် စာရေးသူကြားသိခဲ့သမျှကို စာရေးသူနားလည်မိသလောက် ပုံများ၊ အကိုးအကားများဖြင့် တင်ပြလိုက်ရခြင်းလည်း ဖြစ်ပါတယ်။

အားလုံး ပညာရေးဖြင့် ဘဝခရီးလမ်းဖြောင့်တန်းကြပါစေ။

#yp

မှတ်ချက်။ စိတ်ဝင်စားလို့ အသေးစိတ်ဖော်ပြထားတဲ့ မူရင်းစာတမ်းများကို ဖတ်ကြည့်ချင်သူများကတော့ Taylor & Francis Group မှာ Trends in the Analysis and Design of Marine Structures 2019 ဆိုတဲ့ စာအုပ်ကို မှာယူဖတ်ရှုနိုင်ပါတယ် ခင်ဗျား။ စာရေးသူ လက်ရှိလေ့လာနေတဲ့ သုတေသနအကြောင်း ဆောင်းပါးတစ်ပုဒ်လည်း အဆိုပါ စာအုပ်ထဲမှာ ပါပါတယ်။

Ref.

[1] https://en.wikipedia.org/wiki/Sea_state

[2] https://en.wikipedia.org/wiki/Polar-class_icebreaker

[3] Thomas Lamb, 2003. Shipyard Layout and Equipment, (In) Ship Design and Construction, Vol I.

[4] http://www.automateddynamics.com/wp-content/uploads/2017/10/Stiffened-Skin-Panel.jpg

[5] En358, Ship Structures, Notes for an Undergraduate Course, Spring 2009. United States Naval Academy, Annapolis, Maryland.

[6] https://gcaptain.com/mol-comfort-investigation-report-released/

[7] https://en.wikipedia.org/wiki/Fatigue_(material)#/media/File:Fuselage_of_de_Havilland_Comet_Airliner_G-ALYP.JPG

[8] https://en.wikipedia.org/wiki/Composite_material#Matrices

It is with my utmost courtesy for all the images depicted in this article. All that has been used here is strictly for academic purposes. To the best of my knowledge, I try to use mostly stock free images. If there is any copyrighted material without my awareness, I deliver my sincere apology. Please do contact me so that I can remove the corresponding image right away. Thank you!