ဤဆောင်းပါးတွင်ပါရှိသော အကြောင်းအရာတို့မှာ ကျွန်ုပ်ထံသို့ စာရေးခြင်းအလေ့အထ (စာရေးရန်ဟူသော အသိစိတ်) ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ဖော်ပြနေပါသည်။ ဤသို့သောဆောင်းပါးမျိုးရေးရန်စိတ်အကြံမှာ ရှေးမဆွကပင် ရှိနေနှင့်သော်လည်း ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာအချက်အချို့ကိုပါ ထည့်သွင်းဖော်ပြရန် လိုအပ်ခြင်း၊ ဤသို့ ကိုယ်ရေးကိုယ်တာများကို အတ္ထုပ္ပတ္တိသဖွယ် ရေးသားဖော်ပြရအောင်လည်း ကျွန်ုပ်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ တနည်းနည်းနှင့် ကြီးကျယ်ပြီး ‘လူတလုံး သူတလုံး’ ဖြစ်သူမဟုတ်ခြင်း၊ မိမိအကြောင်းကို မိမိကပြန်၍ရေးသားခြင်းမှာ ‘ဂုဏ်‌ဖော်လို၍ ရေးသားခြင်း’ ဟု အခြားသူများ ကဲ့ရဲ့မည်ကို စိုးကြောက်မိခြင်း၊ တစ်ဖန် ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြလေ့မရှိခြင်း စသည့် အကြောင်းအချက်များကြောင့် ယခုမှပင် ရေးဖြစ်တော့သည်။

ဤသို့ဆိုလျှင် အဘယ့်ကြောင့် ယခုမှ ရုတ်ချည်းထရေးရသနည်းဟုလည်း မေးဖွယ်ရှိပေသေးသည်။ ဆိုရပါလျှင် အကြောင်းရင်း သုံးခုကြောင့် ဖြစ်သည်။ ပထမအကြောင်းရင်းမှာ MYSTI အဖွဲ့ admin တစ်ဦးဖြစ်သူ ကိုရန်အောင်မိုးနှင့် ကျွန်ုပ် CB တွင် စကားစမြည်ပြောမိကြရာမှ ကိုရန်အောင်မိုးကပင် ကျွန်ုပ်အား လူငယ်များအတွက် inspiration (အားပေးလှုံ့ဆော်ခြင်း) ပေးနိုင်ရန် ကျွန်ုပ်၏အကြောင်းများကို အားလပ်ချိန်ရှိက ရေးသားပေးပါရန် တောင်းဆိုခဲ့ဖူး၏။ ကျွန်ုပ်ကလည်း ‘ရေးပေးပါမည်’ ဟု သာမန်ကာလျှံကာမျှပင် အဖြေပေးလိုက်သော်လည်း စိတ်ထဲကမူ ‘inspiration ပေးနိုင်ဖို့ရာ ဖြစ်နိုင်ပါ့မလား’ ဟူ၍ တွေးနေမိသည်။ အခြားသောစာများရေးရန် ရှိနေသေးသည်တစ်ကြောင်း၊ မိမိအလုပ်နှင့် မိမိ မအားလပ်နိုင်အောင် ဖြစ်ရသည်တစ်ကြောင်းကြောင့် ဤ CB မှပြောခဲ့သည်များကိုလည်း မေ့မေ့ပျောက်ပျောက်နှင့် ရှိနေပြန်သည်။ ဤတွင် ဒုတိယအကြောင်းခြင်းရာ ဖန်လာရပြန်၏။ ယင်းမှာ အခြားမဟုတ်၊ ဆရာကြီးရွှေဥဒေါင်း၏ ‘တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ စာအုပ် အမှာစာတွင်ပါရှိသည့် အကြောင်းအရာတစ်ခုကို သွား၍ဆင်ခြင်မိခြင်းပင် ဖြစ်သည်။ စာပါအကြောင်းအရာတွင် လူထုဒေါ်အမာက ဆရာကြီးအား သူ၏အတ္တုပ္ပတ္တိစာအုပ်ကို ဆရာကြီးကိုယ်တိုင်ပင် ရေးထုတ်ရန် အားမြောက်တိုက်တွန်းခြင်းပြုနေသည်။ လူထုဒေါ်အမာက ပြောသည်မှာ “ကိုယ့်အကြောင်းကိုကိုယ် ရေးခြင်းဟူသည်မှာ ‘လူတလုံး သူတလုံး’ ဖြစ်လာမှ ရေးထိုက်သည်မဟုတ်၊ အကယ်၍ ဧရာမလူကြီးတစ်ယောက် ဖြစ်လာစေကာမူ ‘ငါလိုလူရှိသေးလား’ ဆိုသည့် သဘောမျိုးနှင့် ဟိတ်ထုတ်ရေးသားခြင်းမျိုး ဖြစ်ခဲ့ရင် စာဖတ်သူအဖို့ အကျိုးများသင့်သလောက်မများနိုင်၊ ကြီးကျယ်လှသော ပုဂ္ဂိုလ်တစ်ဦးပင် မဟုတ်စေကာမူ စာရေးတတ်သူတစ်ယောက်ဖြစ်က ဖတ်ချင့်စဖွယ် ဖြစ်နိုင်သည့်ပြင် စာဖတ်သူများအဖို့၌ သင်ခန်းစာယူနိုင်လောက်သည့် စာအုပ်မျိုးဖြစ်လာနိုင်ကြောင်း“ ဟူ၍ဖြစ်သည်။ ဤစာကို ဖတ်ရှုအပြီး၌ ကျွန်ုပ်၏ စိတ်ဝယ် ‘အကယ်၍ ငါသည် ဆရာကြီး ရွှေဥဒေါင်းအတ္တုပ္ပတ္တိစာအုပ်ကဲ့သို့ ကြီးကျယ်လှသော အကြောင်းအရာများ၊ သုံးသပ်ချက်များပါဝင်သည့်စာမျိုးမဟုတ်သည့်တိုင် (စကားချပ်။  ။ အကယ်ပင် ရေးသားခြင်းငှာလည်း မဖြစ်နိုင်ပါချေ။ အကြောင်းမှာ ကျွန်ုပ်သည် အသက်အားဖြင့်လည်းကောင်း၊ အတွေးအခေါ်နှင့် အတွေ့အကြုံအားဖြင့်လည်းကောင်း အင်မတန်မှပင် နုနယ်လှသောကြောင့်ပါပင်) ကျွန်ုပ်၌ စာရေးခြင်းအလေ့အထ အဘယ်သို့အဘယ်ပုံ ဖြစ်ပေါ်ရောက်ရှိလာပုံ၊ အဘယ်အကြောင်းအချက်များက ကျွန်ုပ်ကို ရှေ့လျှောက် စာဆက်လက်ရေးသားဖြစ်အောင် တွန်းအား (motivation) ပေးနေသလဲ စသည့်အချက်များကို ‘ဟိတ်ထုတ်ရေးသားခြင်း’မျိုးမဖြစ်စေရဘဲ အရှိအတိုင်း ဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးသားနိုင်လျှင် ကောင်းပေလိမ့်မည်’ ဟူ၍တွေးမိ၏။ ဤသည်ကား ဤဆောင်းပါးဖြစ်ပေါ်ရန် ဒုတိယအကြောင်းရင်းပင် ဖြစ်သည်။ တတိယအကြောင်းရင်းမှာ ကျွန်ုပ်တွင် သည်လို စာရေးစာဖတ်ချင်စိတ်ဖြစ်ပေါ်လာသည်မှာ ရုတ်ခြည်းမဟုတ်၊ တဖြည်းဖြည်းနှင့် တဆင့်ချင်း ဖြစ်ပေါ်လာရကား ကျွန်ုပ်၏ ဤအဖြစ်သနစ်ကိုပင် စာဖတ်သူအများက ဉာဏ်သတိဖြင့် ဆင်ခြင်ကြည့်နိုင်လျှင် သင်ခန်းစာယူဖွယ်၊ နည်းနာယူဖွယ်များပင် ရရှိနိုင်ခြင်းကြောင့်ပင်တည်း။ အကယ်၍ ကျွန်ုပ်ကလည်း ဤဆောင်းပါးကို ကျွန်ုပ်၏ အတွေ့အကြုံနှင့် အတွေးအမြင်များသာမက ကျွန်ုပ်ဖတ်ရှုခဲ့ဖူးသည့် မြန်မာ၊ အင်္ဂလိပ်စာအုပ်အချို့မှ ကောင်းရာနိုးနိုး အကိုးအချက်တို့ဖြင့် ခြယ်သမှုန်းသီလိုက်မည်ဆိုလျှင် ဖတ်သူရေးသူနှစ်ဦးနှစ်ဖက် သာ၍ပင် အကျိုးများလိမ့်ဦးမည်ဟုလည်း မှတ်ထင်မိပါသည်။ ပယ်လိုက ပယ်နိုင်ပြီး သယ်လိုက သယ်နိုင်ပေသည်မှာ စာဖတ်သူတို့၏ သဘောအတိုင်းသာလျှင် ဖြစ်ပါတော့သည်။

ငယ်စဉ်ဘဝ

ကျွန်ုပ်နှင့် စာရေးခြင်းအကြောင်းကို အဘယ်က စပြောရမည်နည်းဟူမူ ကျွန်ုပ်ငယ်ရွယ်စဉ်ဘဝကပင် စရမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် စာရေးစာဖတ် ဝါသနာကြီးလှသူ မဟုတ်။ စာကိုလည်း အတန်းထဲတွင် ‘မရေးမနေရ’ ဆိုသော အခြေအနေမျိုးရောက်မှသာ ရေးခဲ့သည်။ ငယ်စဉ်မူလတန်းကတည်းကပင် အိမ်စာအရေးပျင်းသဖြင့် ကျွန်ုပ်၏ မိခင်က ဝိုင်းကူရေးပေးခဲ့ရသည်မှာ အကြိမ်ကြိမ်။ ထိုစဉ်က ကျွန်ုပ်၏ လက်ရေးနှင့် မိခင်၏လက်ရေး ခပ်ဆင်ဆင်တူနေသဖြင့်သာ (တူအောင်လည်း မိခင်က ရေးပေးသည် ထင်ရ) ကျွန်ုပ်မှာ အတန်းထဲတွင် ဆရာမ၏ အဆူခံရခြင်းမှ ကင်းလွတ်လေသည်။ ‌နောက်ပိုင်း အတန်းကြီးလာသောအခါ စာစီစာကုံးများရေးခဲ့ရသည်။ ဤတွင်လည်း ဟိုတစ်အုပ် ဒီတစ်အုပ်မှ ကောင်းနိုးရာရာများကို ကူးရေးပေးလိုက်ပြီး စာမေးပွဲ၌လည်း မိမိ တင်ကြို၍ အာဂုံဆောင်ထားသမျှကိုသာ ဖြေခြင်းဖြင့် အမှတ်ကောင်းများ ရရှိခဲ့လေ၏။ ယခုပြန်သုံးသပ်ကြည့်မှသာ ‘မကောင်းသောအကျင့်’ ဟု မြင်နိုင်လေသည်။ ထိုစဉ်ကတော့ မကောင်းဘူးဟူသည်ကို အတွေးမျှပင် မဝင်ခဲ့ဖူးချေ။ ဤသည်ကိုကြည့်ခြင်းဖြင့် ကျွန်ုပ်သည် ငယ်စဉ်က စာရေးရန် စိတ်မျှပင် မကူးဘူးသူ ဖြစ်ကြောင်း ထင်ရှားလေပြီ။

စာဖတ်ခြင်းနှင့် ပတ်သက်၍ အနည်းငယ်တော့ ပြောစရာရှိသည်။ အထက်တွင် ‘စာ‌ရေးစာဖတ် ဝါသနာကြီးလှသူ မဟုတ်’ ဟုသာ သုံးနှုန်းခဲ့သော်လည်း ‘လုံးလုံးမဖတ်’ ဟု မဆိုလိုထားပါ။ ရွှေဘုံသာလမ်းရှိ ကျွန်ုပ်၏  (မိခင်ဖက်) အဘိုးအိမ်သို့ သွားရောက်တိုင်း ကျွန်ုပ်၏ ကြီးဒေါ်များမှ စုစည်းထားခဲ့သော ‘ရွှေသွေးဂျာနယ်ပေါင်းချုပ်’ ၊ ‘တေဇရုပ်စုံ’ ၊ ‘ဇာတ်တော်ကြီး ဆယ်ဘွဲ့’ အစရှိသော ရုပ်ပြကာတွန်းများကို အကြိမ်ကြိမ်ဖတ်ရှုဖူးခဲ့လေသည်။ အိမ်သို့ပြန်သောအခါတွင်လည်း အဆိုပါကာတွန်းပေါင်းချုပ်ကြီးများကို ငှားယူသွားလေ့ရှိသည်။ ဤနေရာတွင် အမှတ်ရနေသေးသည့် အကြောင်းအရာအချို့ကိုလည်း ပြောပြလိုသည်။ ကျွန်ုပ်မှာ ငယ်စဉ်က ကျန်းမာရေးအတော်ချူချာခဲ့၍ ကျောင်းမှခွင့်ယူခဲ့ရသည်မှာ အကြိမ်ပေါင်းမနည်းခဲ့။ ဤသို့ ဖျားနာသောအခါ အိပ်ရာပေါ်တွင် လှဲနေ၍ ကာတွန်းစာအုပ်ကြီးများ၊ ဂျာနယ်များကို လက်ကမချတမ်းဖတ်နေရသည့်အရသာကို ထိုစဉ်က အလွန်နှစ်ခြိုက်မိခဲ့သည်။ ဤကား ကျွန်ုပ် ငယ်ရွယ်စဉ် စာဖတ်ခြင်းနှင့် ပတ်သက်၍ ယခုတိုင်အမှတ်ရနေသော အဖြစ်အပျက်များပင်တည်း။

အလယ်တန်းကျောင်းသားဘဝ

၂၀၀၅ ခုနှစ် ကျွန်ုပ် ၇ တန်းအရွယ်တွင် မိဘများနှင့်အတူ မြောက်ဒဂုံတွင် ပြောင်းရွှေ့နေထိုင်ရသည်။ အဘွားအိမ်နှင့် ဘေးကပ်ရက်နေရသည်ဖြစ်၍ အဘွားဆီမှာရှိသော ‘သူရဇ္ဇ’၊ ‘ရောင်ပြန်’၊ ‘နက္ခတ္တရောင်ခြည်’ စသော မဂ္ဂဇင်းများနှင့် ထိတွေ့ခဲ့ရလေသည်။ ထိုစဉ်က ‘သရဲ’ ၊ ‘တစ္ဆေ’ ၊ ‘လူဝင်စား’ ၊ ‘ဗေဒင်’ နှင့် အခြားအခြားသော ထူးဆန်းသည့်ကျင့်စဉ်များကို အထူးတလည် စိတ်ဝင်စားမိသည်။ စိတ်ဝင်စားမိသည့်အတိုင်းလည်း ကျွန်ုပ်သဘောကျမိသည့် ဗေဒင်၊ နက္ခတ် တွက်ချက်ပုံများ၊ ဆေးကျမ်းများ၊ ‘အသံကုထုံး’ စသည့် ကျင့်စဉ်အဖြာဖြာကို မှတ်စုစာအုပ်တစ်အုပ်ထဲတွင် ကူးယူမှတ်သားထားမိသည်။ ဂမ္ဘီရအတတ်နှင့် လျှို့ဝှက်ကျင့်စဉ်များပါသော မှတ်စုစာအုပ်ကြီးတစ်အုပ် ပြုစုနေသည် ဟူ၍ပင် မိမိဘာသာမိမိစိတ်ကျေနပ်ခဲ့ရသည်ကိုလည်း မှတ်မိနေပါသေးသည် (အခုတော့ ဟိုချောင်ထိုး၊ ဒီချောင်ထိုးနှင့် အဆိုပါစာအုပ် ဘယ်ရောက်နေမှန်းပင် မသိတော့ပါ)။ မည်သို့ဖြစ်စေ ကျွန်ုပ်အား မည်သူကမျှ တွန်းတိုက်ပြောဆိုချင်းမရှိပါဘဲလျက် ပထမဆုံး မိမိဘာသာမှတ်စုရေးထုတ်တတ်သည့်အကျင့်ကို ရရှိခဲ့သည်ဟု ဆိုရပါမည်။

မိမိအတွေးနှင့် မိမိစာ‌ရေးခြင်းအလေ့အထသည်လည်း ယင်း ၇ တန်းအရွယ်မှာပင် အခြေတည်ခဲ့သည်။ မိမိအတွေးနှင့် စာရေးခြင်း ဆိုလိုက်၍ ကြီးလေးသောစာများဟု မထင်လိုက်ပါနှင့်။ နေ့စဉ်မှတ်တမ်း (Diary) ရေးမှတ်သည့် အကျင့်ကို ဆိုလိုပါသည်။ ဤအလေ့အကျင့်ကို ပုံမှန်ပျိုးထောင်သွားပါရန် ကျွန်ုပ်၏ ဖခင်က လမ်းညွှန်ပြသပေးခဲ့သည်။ မည်သို့မည်ပုံ ရေးရမည်ကို မသိသောကြောင့် ဖခင်ကပင် သူ၏ ကိုယ်ရေးမှတ်တမ်းကိုပြ၍ ရေးပုံရေးနည်းကိုလည်း ပြသပေးခဲ့လေသည်။ သို့နှင့်ပင် ကျွန်ုပ်လည်း နေ့စဉ်နေ့တိုင်း မဟုတ်သော်ငြား သတိရတိုင်း စာတိုကလေးတစ်ကြောင်းစ၊ နှစ်ကြောင်းစ ရေးမှတ်သည့်အကျင့်ရလာခဲ့၏။ ‌ရေးမှတ်ထားသည့် အကြောင်းအရာများမှာလည်း အထွေအထူးတော့မဟုတ်ပေ။ ‘ကျွန်ုပ် ယနေ့ မည်သူနှင့် တွေ့သည်၊ မည်သူနှင့် ကစားသည်၊ မည်သူ့အိမ်သို့ အလည်သွားသည်၊ မေမေ ကြာဆံကြော်လုပ်သည်’ စသည့် နိစ္စဓူဝအဖြစ်အပျက်များကိုသာ မှတ်သားထားမိပါသည်။ မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်တွင် မန္တလေး၊ မေမြို့၊ မုံရွာ သို့ အဖေ့ဘက်မှ ဆွေမျိုးမိတ်သင်္ဂဟအပေါင်း စုံညီစွာဖြင့် ခရီးသွားဖြစ်ခဲ့သည်။ ပြန်ရောက်သောအခါ ခရီးစဉ်အကြောင်းကို စုံစေ့အောင်ပြန်မရေးတတ်သဖြင့် ဖခင်၏ diary ကိုတောင်းယူ၍ တိုက်ရိုက်နီးပါးတမျှ ကူးယူခဲ့ဖူးလေသည်။ ဤကား အလယ်တန်းကျောင်းသားဘဝ၌ ကျွန်ုပ်နှင့် စာရေးခြင်းတို့ အကြောင်းပင်ဖြစ်ပါသည်။

အထက်တန်းကျောင်းသားဘဝ

ကျွန်ုပ် ၉ တန်း ၊ ၁၀ တန်းသို့ ရောက်လာသောအခါ မြောက်ဒဂုံရှိ ‘နောင်ရိုး’ စာသင်ဝိုင်းတွင် တက်ရောက်ခဲ့ပြီး အမှတ် ၃ အထက်တန်းကျောင်း (မြောက်ဒဂုံ) မှပင် ဆယ်တန်းဖြေဆိုအောင်မြင်ခဲ့သည်။ ဤအချိန်လောက်ဆို ကျွန်ုပ်သည် စာရေးခြင်းအတတ်ကို အတော်ကလေး အကျွမ်းတဝင် ဖြစ်နေလောက်ပြီဟု ထင်မှတ်မစောလိုက်ပါနှင့်ဦး။ ကျွန်ုပ်ကား ထိုစဉ်က ရလဒ်မျှော်တွေး၍ အလုပ်လုပ်တတ်သူ (Result driven) တစ်ယောက်ဖြစ်သည့်အားလျော်စွာ (ယခုတော့ မည်သို့ဖြစ်နေသေးသည် မပြောတတ်ပါ) ၁၀ တန်းကို အမှတ်ကောင်းကောင်းဖြင့် ဖြေဆိုအောင်မြင်လိုလှသည်။ ဝိပ္ပံဘာသာတွဲယူထားမိသူဖြစ်၍ သိပ္ပံသမားများသာ မြန်မာနိုင်ငံ top ten စာရင်းတွင် ပါဝင်နေသည်ကို ကြိတ်၍အားကျမိသည်။ မိမိတို့ ဝိပ္ပံတွဲမှ (ကျွန်ုပ်သိရသလောက်) တစ်ခါဖူးမျှ top ten စာရင်းမဝင်ဖူးသေးသည်ဖြစ်၍ မိမိအလှည့်တွင် ပါအောင် ‘ကြိုးစားလိုက်မဟဲ့’ ဟုလည်း မဆီမဆိုင်သန္နိဋ္ဌာန်ချထားခဲ့ဖူး၏။

ဤတွင် မိမိလိုချင်သောရလဒ်သို့ ရောက်အောင် မည်သို့မည်ပုံသွားရမည်ကို စဥ်းစားရာတွင် အချက်နှစ်ချက်သွား၍တွေ့သည်။ ပထမအချက်မှာ အမှန်အကန် ‘ကျက်’ ရန်ဖြစ်ပြီး ဒုတိယအချက်မှာ အမှန်အကန် ‘ကျင့်’ ရန် ဖြစ်၏။ မည်သည်ကို ‘ကျက်’ ၍ မည်သည်ကို ‘ကျင့်’ မည်နည်း ဟု ထပ်မံ၍ စဥ်းစားကြည့်လိုက်ရာ မြန်မာစာတွင် စာစီစာကုံးမှလွဲ၍ ကျန်ရှိသော ခက်ဆစ်၊ သဒ္ဒါ၊ ရေသည်ပြဇာတ် စသည်တို့အားလုံးသည် ကျက်စာ၊ အင်္ဂလိပ်စာတွင်လည်း Essay နှင့် Letter မှလွဲ၍ ကျန်တာအားလုံးသည် ကျက်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ ဘာသာတို့၌လည်း အတော်များများမှာ ‘၏ သည်’ မလွဲ ဖြေမှ အမှတ်ပြည့်ရမည်ဖြစ်၍ ကျက်စာများဟုသာ သဘောပိုက်လိုက်သည်။ (စကားချပ်။  ။ ဤသည်မှာ လွဲမှားသော အတွေးအကြံ ဖြစ်ခဲ့ကြောင်း ယခုပြန်ကြည့်သော် တွေ့နိုင်ပေသည်။) သို့ဆိုလျှင် စာစီစာကုံးရေးသားခြင်းနှင့် ဂဏန်းအတွက်များသည်သာ ‘ကျင့်’ စာ ဟူ၍ ကျန်ရှိလေတော့သည်။ ယခုဆောင်းပါး၏ ခေါင်းစဉ်အရ စာရေးသားခြင်းအကြောင်းကိုသာ ထပ်မံရှင်းလင်းပါမည်။

မြန်မာ၊ အင်္ဂလိပ် စာစီစာကုံးများရေးသားခြင်းကို တစ်ပတ် သို့မဟုတ် နှစ်ပတ် တစ်ပုဒ်နှုန်းလောက်ရေးသားနိုင်မည်ဟု ထင်မြင်မိသည်။ ထိုအခါ တစ်နှစ်တာပတ်လုံး မိမိရေးသားရမည့် စာစီစာကုံး၊ Essay နှင့် Letter ခေါင်းစဉ်စာရင်းကို မေးခွန်းဟောင်းများအား လေ့လာ၍ ကြိုတင် အစီအစဉ်ချထားလိုက်သည်။ စီစဉ်ထားသည့်အတိုင်းလည်း လေ့ကျင့်ဖြစ်ခဲ့သလို ကျွန်ုပ်၏စာစီစာကုံးများကို အစဉ်မပြတ်ဖတ်ရှုဝေဖန်ပေးခဲ့သည့် ကျေးဇူးရှင်ဆရာသမားကောင်းများနှင့်လည်း ဆုံစည်းခဲ့ပါသည်။ ရည်မှန်းထားသလောက်အဆင့်ထိ မပေါက်မြောက်ခဲ့သည့်တိုင် ထိုခေတ်ထိုအချိန်က မြင့်မားသည်ဟု လက်ခံထားကြသောအမှတ်များ၊ ဂုဏ်ထူးများကို ပိုင်ဆိုင်ခဲ့ပါသည်။ သို့ရာတွင် အထက်၌ ကျွန်ုပ်တင်ပြပြီးဖြစ်သည့်အတိုင်း ကျွန်ုပ်မှာ အစီအစဉ်ကောင်း၊ ရေခံမြေခံပင်ကောင်းသော်ငြား မူရင်းခံယူချက်လွဲမှားနေခဲ့သဖြင့် စာရေးခြင်းဟူသည်ကား ကျွန်ုပ်အဖို့ အနှစ်မပါ အကာချည်းဖြစ်သော ကြက်ဥကဲ့သို့ လေးနက်မှုပေါ့လျော့နေခဲ့ပါသည်။

ဤနေရာတွင် ‘ရေခံမြေခံကောင်း’ ဟူသောစကားကို အနည်းငယ်မျှ ရှင်းလင်းလိုသေးသည်။ ကျွန်ုပ်၏ မိခင်ဖက်မှ တော်စပ်သူ ကြီးတော်ဝမ်းကွဲတစ်ယောက်သည် ‘မြနှောင်းညို’ ဟူသော ကလောင်အမည်ဖြင့် စာများ၊ ဝတ္ထုများကိုရေးသားလေ့ရှိသည်။ သူနှင့်လည်း တစ်ခါတစ်ရံမျှသာ တွေ့ဆုံဖူးပြီး တွေ့သည့်အခါများတွင်လည်း စာရေးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမိရန်မှာ ဝေးစွ။ သူ့စာအုပ်များပင် ကုန်စင်အောင် မဖတ်ဖူးသည်ကို ရှက်ရှက်နှင့် ဝန်ခံရပါမည်။ တစ်ဖန် ကျွန်ုပ် ကြီးတော် (ကျွန်ုပ်မိခင်၏ အစ်မရင်း) ၏အမျိုးသားမှာလည်း စာဖတ်ဝါသနာပါလှသူဖြစ်၍ သူ၏အိမ်တွင် သမိုင်း၊ နိုင်ငံရေး၊ တက်ကျမ်း၊ စွယ်စုံကျမ်းများမှစ၍ စာရေးဆရာပေါင်းစုံ၏ စာအုပ်ပေါင်းများစွာကို ဘီဒိုကြီးအထဲတွင် သိမ်းဆည်းထားရှိသော်လည်း ထိုစဉ်က ကျွန်ုပ်ယူဖတ်ခဲ့သည့် စာအုပ်များမှာ တစ်အုပ်နှစ်အုပ်မျှလောက်သာ ရှိပေသည်။ ဤအကြောင်းအရာများကို ပြောပြနေသည်မှာ အခြားမဟုတ်။ ကျွန်ုပ်သည် အခွင့်အရေးလည်း ရခဲ့ပါလျက်၊ ဆရာသမားကောင်းတို့နှင့်လည်း ကြုံကြိုက်ခဲ့ပါလျက် ‘သတိမမူ ဂူမမြင်’ ဆိုသည့်အတိုင်း စာရေးခြင်း၊ ဖတ်ခြင်းနှင့် အစွဲမကပ်ဖြစ်နေသေးပုံကို စာဖတ်သူတို့ သင်ခန်းစာယူလိုက ယူကြစေရန် ရည်ရွယ်ရင်းဖြစ်ပါသည်။

တက္ကသိုလ်ကျောင်းသားဘဝ

စာရေးခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်၏ စိတ်ဝယ် မှတ်မိနေသေးသည့် အဖြစ်သနစ်တစ်ခုရှိသည်။ ၂၀၀၉ ခုနှစ် ကျွန်ုပ်ရေကြောင်းတက္ကသိုလ်သို့ စတင်ဝင်ရောက်ခဲ့ချိန်က ဖြစ်သည်။ ဝင်ခွင့်ရကျောင်းသားများကို ဆေးစစ်ရန်နှင့် အခြားလူတွေ့စစ်ဆေးမှုများ ပြုလုပ်ရန် ဆယ်တန်းရမှတ်အတိုင်းပင် ခုံနံပါတ်နေရာပေး၍ စီစဉ်ထားရှိ၏။ ဤတွင် ကျွန်ုပ်၏ ခုံနံပါတ်နှင့် ရှေ့နောက်ကပ်လျက်ဖြစ်သော (အမှတ်ချင်းရှေ့နောက်ဖြစ်သည့်) ကျောင်းသားတစ်ဦးနှင့် စကားစမြည်ပြောမိ၏။ နည်းပညာတက္ကသိုလ်သို့ သွားရောက်လိုသော်လည်း မိဘများက အတင်းတက်ခိုင်းသဖြင့် ရေကြောင်းတက္ကသိုလ်သို့ ရောက်လာရကြောင်း ပြောပြနေသည့် သူ၏ စိတ်ထားမှာ ထူးခြားသည်ဟု ထင်မှတ်မိ၍လည်း ယခုတိုင်ဤအဖြစ်သနစ်များကို ကျွန်ုပ် မှတ်မိနေခြင်းဖြစ်တန်ရာသည်။ ဤတစ်ခေါက်မှလွဲ၍ နောက်ပိုင်းတွင် သူနှင့်ကျွန်ုပ်မှာ တက်ရောက်သည့် မေဂျာဘာသာရပ်ချင်းလည်း မတူသောကြောင့် တစ်ခါဖူးမျှပင် စကားမပြောဖူးတော့ပါ။ သို့သော် သူ့အကြောင်းဆက်လက်၍ သတိထားနေမိသည်မှာ ကျွန်ုပ်တို့၏ ရေကြောင်းတက္ကသိုလ်ကျောင်းဆောင်တိုင်းတွင် ကြော်ငြာဘုတ်များထားရှိရာ ထိုသူရေးသည့် (အထူးသဖြင့် နာဆာအကြောင်း၊ ဂြိုလ်သားများအကြောင်း စသည့်) သိပ္ပံအကြောင်းအရာ စာတိုပေစများကို ရံဖန်ရံခါ ဖတ်ရှုနေခဲ့ရသောကြောင့်ဟု ဆိုရမည်။ နောက်ပိုင်းတွင်လည်း သိပ္ပံမဂ္ဂဇင်းထုတ်ဝေခြင်း၊ website တည်ထောင်၍ သိပ္ပံစာပေများ၊ သတင်းများအားဖော်ပြခြင်းတို့ကြောင့် ယခုအခါတွင် မြန်မာပြည်၌ သူ၏ website မှာ follower ပေါင်းများစွာနှင့်တကွ နာမည်ကြီးနေပေပြီ။

နောက်ထပ်အဖြစ်အပျက်တစ်ခုကို ပြောပြလိုသေးသည်။ ရေကြောင်းတက္ကသိုလ်တွင် ကျွန်ုပ်တက်ရောက်ခဲ့စဉ်က ပထမနှစ်မှပင် မေဂျာများရွေးချယ်ရသည်။ ဒုတိယနှစ်ရောက်မှ အပြောင်းအလဲပြန်လုပ်လိုလျှင်လည်း အခွင့်ပေးပါသည်။ ကျွန်ုပ်ပြောပြလိုသည်မှာ ပထမနှစ်၌ ကျွန်ုပ်တို့မေဂျာတွင် တက်ရောက်ပြီး ဒုတိယနှစ်တွင် အခြားမေဂျာတစ်ခုသို့ပြောင်းသွားသော သူငယ်ချင်းတစ်ယောက်အကြောင်းဖြစ်သည်။ သူသည်လည်း ပထမနှစ်ကျောင်းစတက်သည့် အချိန်ကတည်းမှပင် စာတိုပေစများရေသားနေလေပြီ။ ထိုစဉ်က ကျောင်းတွင် မေဂျာအလိုက် မဂ္ဂဇင်းများထုတ်ဝေလေ့ရှိခဲ့သည် (မှတ်ချက်။ ဤသည်ကို သေချာမှတ်မိတော့ပါ)။ တစ်နေ့သော် ကျွန်ုပ်တို့ မေဂျာမှထုတ်ဝေသည့် မဂ္ဂဇင်းတစ်အုပ်တွင် ပါရှိသော သူ၏ ဆောင်းပါးကို လာရောက်ပြသလေသည်။ ထိုသူငယ်ချင်းမှာ ထိုစဉ်က အခြားမေဂျာတစ်ခုသို့ ပြောင်းသွားပြီးဖြစ်ရာ သူကပင် ‘တွေ့လား။ မင့်တို့မေဂျာမဟုတ်ပေမယ့်လည်း မင့်တို့ရဲ့ မဂ္ဂဇင်းထဲမှာ ငါ့ဆောင်းပါးလည်း ပါသကွ’ ဟူ၍ ကျွန်ုပ်အား ပြောဖူးခဲ့သည်ကိုလည်း ယနေ့တိုင် စိတ်ဝယ်စွဲမှတ်နေခဲ့ဖူးပါသည်။ (မှတ်ချက်။  ။မကျေနပ်ခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုခြင်းများ အလျင်းမရှိဘဲ ဒီအတိုင်း ကျွန်ုပ်အမှတ်ရနေသည်ကို ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။ ထိုသူနှင့်လည်း ယခုထက်တိုင် အဆက်အသွယ်မပြတ် ခင်မင်လျက်ပင် ရှိ၏။)

ဤအကြောင်းအရာများကို ဖော်ပြရသည်မှာ အခြားမဟုတ်၊ အထက်၌ဖော်ပြပြီးခဲ့သော ‘ရေခံမြေခံကောင်းသည်’ဆိုသော ကျွန်ုပ်၏ အသုံးအနှုန်းကိုသာ ရှင်းလင်းလိုရင်း ဖြစ်ပါသည်။ ကျွန်ုပ်မှာ စာရေးစာဖတ် အားသန်သူများနှင့် အတော်ပင် တွေ့ကြုံခဲ့ရသည် ဆိုရမည်။ ထိုသူတို့မျှသာမကသေး။ အခြားအခြားသော ကျွန်ုပ်၏ သူငယ်ချင်းများထဲမှလည်းကောင်း၊ စီနီယာ၊ ဂျူနီယာများထဲမှလည်းကောင်း၊ ဆရာမများထဲမှလည်းကောင်း အသီးသီးစာရေးသားမျှဝေသူများ၊ ဗဟုသုတ sharing လုပ်သူများ၊ စာဖတ် ’နာ’ ကြသူများ အမြောက်အမြားပင် ရှိနေလေသေးရာ ရေခံမြေခံ ပတ်ဝန်းကျင်အခံ ကောင်းပါလျက် ကျွန်ုပ်ကိုယ်တိုင်ကပင် တုတ်တုတ်မျှမလှုပ် (ရေးရန်လည်း အတွေးမျှပင် မဝင်မိခဲ့) သည့်အတွက် တက္ကသိုလ်ကျောင်းသားဘဝဝယ် မည်သည့်စာကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မရေးသားဖြစ်ခဲ့ပါပေ။ စာမရေးသဖြင့် စာဖတ်သလား ဆိုတော့လည်း ထိုစဉ်အခါက ဆယ်တန်းဂိုက်ပြခြင်း၊ ဂိမ်းဆော့ခြင်း၊ တက္ကသိုလ်ကျောင်းစာများအား ဝတ်ကုန်ဝတ်ကျေလေ့လာခြင်းတို့ဖြင့်သာ မိမိ၏အချိန်ကိုကုန်ဆုံးစေခဲ့မိပြီး စာရေးစာဖတ်ရန်ကိုမူ မေ့လျော့နေခဲ့မိပါသည်။ ဤသည်ကား ကျွန်ုပ်တက္ကသိုလ်တက်ရောက်စဉ်ကာလ ‘ကျွန်ုပ်နှင့်စာရေးခြင်း’အကြောင်းပင် ဖြစ်တော့သည်။

ဟိုမရောက် သည်မရောက် ကြားကာလ

ကျွန်ုပ် တက္ကသိုလ်ကျောင်းသား စတုတ္ထနှစ်နှင့် နောက်ဆုံးနှစ် (ငါးနှစ်ကြာတက်ရောက်ရသည်) တွင် ကျွန်ုပ်၌ ဝါသနာသစ်အချို့ စွဲကပ်ခဲ့လေသည်။ ဤသည်မှာ ဂျပန် anime များကို စွဲစွဲမြဲမြဲ ကြည့်ခြင်း၊ manga ခေါ် ကာတွန်းစာအုပ်များဖတ်ရှုခြင်းနှင့် light novel ဟုခေါ်သော ပေါ့ပေါ့ပါးပါး ဝတ္ထုများ ဖတ်ရှုခြင်းတို့ပင် ဖြစ်သည်။ ကာလအတန်ကြာ ကျောင်းစာမှလွဲ၍ အခြားပြင်ပစာများ၊ အထူးသဖြင့်အင်္ဂလိပ်စာနှင့်လည်း အထိအတွေ့နည်းနေခဲ့သော ကျွန်ုပ်မှာ ဂျပန်မှ အင်္ဂလိပ်သို့ ပြန်ဆိုရေးသားထားသော အဆိုပါ light novel (ဝတ္ထုအသေးစား) များဖတ်ရှုရသည့်အခါမှပင် စာပြန်ဖတ်ဖြစ်သကဲ့သို့ အင်္ဂလိပ်စာကိုလည်း ထိုအချိန်မှပင် သေချာဖတ်ဖြစ်သည် ပြောရမည်။ ကျောင်းသုံးဖတ်စာအုပ်များကို အင်္ဂလိပ်လို သင်ခဲ့ရ၍သာ တော်သေးသည်။ တစ်ဖန် Light novel များဖတ်ရာတွင်လည်း အင်္ဂလိပ်စာတိုးတက်ရန်၊ မတိုးတက်ရန်ပင် ဂရုမထားတော့။ ဝတ္ထုတို့၏ စိတ်ဝင်စားဖွယ်ကောင်းလှသော ဇာတ်လမ်းသွားကိုသာ အာရုံထားမိတော့၏။ ကျွန်ုပ်၏ နေအိမ်မှ ရေကြောင်းတက္ကသိုလ်သို့ အသွားတစ်နာရီ၊ အပြန်တစ်နာရီ ဖယ်ရီနှင့် သွားရသည့်အတွက် ခရီးလမ်းတစ်လျှောက်တွင် အဆိုပါဝတ္ထုများ၊ manga များကို စိတ်ရှိလက်ရှိ ဖတ်ပြီး လိုက်ပါသွားနိုင်လေသည်။ ယင်းဝါသနာမှာ ကျောင်းပြီးသွားသည့်တိုင် အရှိန်မသေသေးဘဲ ဝါသနာတူ သူငယ်ချင်းများတွေ့လျှင် မိမိဖတ်ဖူးသမျှ ဇာတ်လမ်းအကြောင်းအရာများကို မမောတမ်း ပြန်ပြောဖြစ်ခဲ့သည်။ ‘ရေခံမြေခံ’ က ဤအချက်တွင်တော့ လာကောင်းနေပုံရပြီး ကျွန်ုပ်မှလည်း အမိအရပင် ဖမ်းတွယ်ဆုပ်ကိုင်ခဲ့ပုံမှာ ‘တလွဲဆံပင်ကောင်းခဲ့သည်’ ဟုပင် ဆိုရမတတ်ပင်။

မှတ်မှတ်ရရ ကျောင်းပြီး၍ အလုပ်အကိုင်လည်း မယ်မယ်ရရ မရှိသေးသည့် သည်ကြားကာလထဲတွင် Hyouka ဝတ္ထုအတွဲ ၁ ကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုရန် အားထုတ်ခဲ့ဖူးသည်။ သို့သော် တစ်ခန်း၊ နှစ်ခန်းလောက်သာ ဘာသာပြန်ကြည့်ပြီးနောက် မည်သို့မှ motivation ဖြစ်မလာသောကြောင့် ဘာသာပြန်ခြင်းကို ရပ်ထားလိုက်ပြန်သည်။ ဤသည်မှာ တက္ကသိုလ်ပြီးပြီးချင်း ‘ဟိုမရောက် သည်မရောက်’ ကာလ၌ဖြစ်သော ကျွန်ုပ်နှင့် စာရေးခြင်းအကြောင်းပင် ဖြစ်ပါ၏။

(ဒုတိယပိုင်းဆက်လက်ဖတ်ရှုရန်)