ပထမပိုင်းသို့ ပြန်သွားရန် (ဆောင်းပါး ပထမပိုင်းတွင် ကျွန်ုပ်၏ ငယ်စဉ်ဘဝမှ တက္ကသိုလ်အပြီးကြားကာလအထိ ဖြစ်စဥ်များကို ဖော်ပြခဲ့ပါသည်။)

မဟာကျောင်းသားဘဝ

မဟာကျောင်းသားဘဝ စာရေးဖြစ်ပုံအကြောင်းများကိုလည်း ပြောပြပါဦးမည်။ ၂၀၁၅ ခုနှစ်တွင်  ဥရောပ၌ ပညာသင်ကြားရန် စကောလားရှစ်အရွေးခံခဲ့ရသည်။ ပထမဆုံးသွားရောက်ခဲ့ရသည့်နိုင်ငံမှာ ဘယ်လ်ဂျီယံဖြစ်ပြီး ၆ လတာမျှ ကြာမြင့်ခဲ့လေသည်။ လွန်စွာအလုပ်များခဲ့သဖြင့် ရံဖန်ရံခါ ကိုယ်ရေးမှတ်တမ်း ရေးမှတ်ခြင်း၊ ကျောင်းတွင်း မှတ်စုများရေးထုတ်ခြင်းနှင့် ပရောဂျက်အတွက် အစီရင်ခံစာများ ရေးတင်ခြင်း တို့ကိုသာ အနိုင်နိုင်ပြုလုပ်ခဲ့ရပေသည်။ ဤသို့ဖြင့် ဒုတိယနှစ်ဝက်သို့ ရောက်လာြပီး ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့သင်ကြားရပြန်သည်။ ကျွန်ုပ်မှာ ပြင်သစ်နိုင်ငံသို့ ရောက်တော့မှ မူလက အလုပ်များ၍ ပြတ်လုလုဖြစ်နေသော ဂိမ်းကစားခြင်း၊ anime ကြည့်ခြင်း၊ light novel ဖတ်ခြင်း စသည့်ဝါသနာဟောင်းများ ပြန်ပေါ်လာခဲ့၏။ အဆိုပါပြင်သစ်နိုင်ငံ Nantes မြို့တွင်ပင် မဟာဘွဲ့ ပြီးမြောက်သည်အထိ တစ်နှစ်နီးပါးခန့် ကြာမြင့်ခဲ့လေသည်။ ဤတစ်နှစ်တာအတွင်း၌ စာရေးရန်ဟူသော ကျွန်ုပ်၏ အတွေးများမှာလည်း Bakuman ဟူသော anime စီးရီးကို ကြည့်အပြီးသကာလ ဆည်ကျိုး၍ထွက်သော ရေကဲ့သို့ အရှိန်နှင့် အဟုန်နှင့် ထွက်ပေါ်လာပေသည်။ ရင်းနှီးသော ဝါသနာတူ သူငယ်ချင်းတစ်ယောက်နှင့် တိုင်ပင်ကြည့်ရာတွင် သူကလည်း အားပေးပြန်သောကြောင့် အပြန်အလှန်ရေးလိုက်၊ ရေးပြီးသားများ ဖလှယ်၍ စစ်ပေးလိုက်နှင့် မအားလပ်နိုင်အောင် ရှိတော့သည်။ ရေးသည့်အကြောင်းအရာများမှာ အခြားမဟုတ်၊ ကျွန်ုပ်ဖတ်ခဲ့ဖူးသော light novel ဝတ္ထုများကဲ့သို့ fantasy အကြောင်းအရာများပင်တည်း။ အင်္ဂလိပ်လိုသာ အဖတ်များနေသဖြင့် ဝတ္ထုကိုလည်း အင်္ဂလိပ်လိုပင် ရေးသားခဲ့သည်။

ဝတ္ထုအတွက်လိုအပ်သော ဇာတ်လမ်းဇာတ်ကွက်နှင့် ဇာတ်ကောင်များကိုမူ ငယ်စဉ်က ညီဖြစ်သူနှင့် ဆော့ဖူးခဲ့သည့် ဇာတ်လမ်းအတိုင်းပင် ယူရေးမည်ဖြစ်ရာ အလွယ်တကူပင် ရေးနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ တကယ်ရေးသည့်အချိန်တွင်မှ ကျွန်ုပ်၏ အထင်နှင့် အမြင် တက်တက်စင်အောင် လွဲကြောင်း သိလိုက်ရ၏။ မူလကပင် စာကိုကြေအောင် ဖတ်မထားခဲ့ဖူးသော ကျွန်ုပ်အဖို့ ဤသို့ အခန်းဆက်ဝတ္ထု ရေးရသည်မှာ အင်မတန်မှ ခက်ခဲလှသည်။ သရုပ်ဖော်မြင်ကွင်းများ (ဥပမာ – တိုက်ခိုက်ခန်း၊ ရုန်းရင်းဆန်ခတ် ဖြစ်ခန်း) ၊ စိတ်ခံစားမှုများ၊ စကားပြောခန်းများမှာ အတွေးလွယ်သလောက် အရေးခက်လှသည်ဟုသာ ဆိုချင်ပါသည်။ သုံး၊ လေးခန်းလောက်အထိ ကြိုးစား၍ ကြိတ်မှိတ်ရေးကြည့်သည်။ ရင်းနှီးသည့် သူငယ်ချင်းနှစ်ယောက်သုံးယောက်လောက်ကို ပြကြည့်ပြီး အကြံဉာဏ်တောင်းခံကြည့်သည်။ သို့သော် နောက်ပိုင်းဆက်ရေးရန် အခက်ကြုံလာရသည့်အလျှောက် ဝတ္ထုရေးနည်းကို free online course တစ်ခုတွင် ဝင်ရောက်လေ့လာကြည့်သည်။ ဝတ္ထုတွင်ပါသော သိပ္ပံဆိုင်ရာသဘောတရားများ (ဥပမာ – အပြိုင်ကမ္ဘာများ၊ အချိန်ခရီးသွားခြင်းများ) ကို ကျနစွာ ရေးသားနိုင်ရန် သိပ္ပံဆိုင်ရာစာအုပ်များကို ရှာဖတ်ကြည့်ရာတွင် ရူပနက္ခတ္တပညာရှင် စတီဗင်ဟော့ကင်း၏ A Brief History of Time စာအုပ်ကို ပထမဆုံးအနေဖြင့် ဖတ်ရှုမိပါသည်။ ထိုစာအုပ်ကိုဆုံးသည်အထိ မဖတ်ရှုဖြစ်ခဲ့သော်လည်း ထိုစာအုပ်က ကျွန်ုပ်၏ စိတ်မျက်စိကို ဖွင့်ပေးတန်သလောက် ဖွင့်ပေးခဲ့သည် ဆိုရပါမည်။ မှတ်မှတ်ရရ ထိုစာအုပ်နှင့် တစ်ပြိုင်တည်း ဖတ်ရှုဖြစ်ခဲ့၊ သဘောကျနှစ်ခြိုက်မိခဲ့သည့် အခြားစာအုပ်တစ်အုပ်မှာ Dan Brown ၏ Angles & Demons စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်ကိုလည်း ကျွန်ုပ်၏ ဝတ္ထုအတွက် အထောက်အကူပေးလိုပေးငြား ဖတ်ရှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဟုတ်တိုင်းမှန်ရာ ဝန်ခံရပါမည်။ ဤသည်မှာ မဟာကျောင်းသားဘဝ စာရေးစာဖတ်နှင့် ပတ်သက်၍ အားထုတ်ခဲ့မှုများပင် ဖြစ်ပါ၏။

ပါရဂူကျောင်းသားဘဝ

မဟာတန်းအပြီးတွင် မြန်မာပြည်သို့ ပြန်လာပြီး အလုပ်အကိုင်ဟူ၍ မည်မည်ရရ မရှိခဲ့သလို မူလရေးလက်စဝတ္ထုကိုလည်း ဆက်မရေးဖြစ်တော့ပေ။ ရောက်တတ်ရာရာ စာများဖတ်ခြင်း၊ ဂျပန်ပြည်သို့ သွားရောက်ရမည် ထင်မှတ်လျက် ဂျပန်စကားလေ့လာခြင်းတို့နှင့်သာ အချိန်ကုန်ခဲ့၏။ ဤတွင် ကျွန်ုပ်ဘဝအတွက်လည်းကောင်း၊ ကျွန်ုပ်၏ စာရေးစာဖတ် ဝါသနာအတွက်လည်းကောင်း နောက်ထပ် တဆစ်ချိုးအချိန်သို့ ကျ‌ရောက်ခဲ့ပြန်၏။ ဤအကြိမ်တွင်မူ ပညာတော်သင်မဟုတ်တော့ဘဲ ပြင်သစ်၌ ပါရဂူစာတမ်း (အလုပ်ကဲ့သို့) ပြန်လာလုပ်ပါရန် ပြင်သစ်လူမျိုးဆရာသမားကြီးမှ ကျွန်ုပ်အား ပြန်လည်ခေါ်ယူခဲ့လေသည်။ ဤသို့ဖြင့် ဒုတိယအကြိမ်အဖြစ် ပြင်သစ်နိုင်ငံသို့ ထွက်လာရပြန်၏။ ဤတစ်ကြိမ်တွင်တော့ ရေခံမြေခံကောင်းလျှင် စိတ်အခံလည်း ကောင်းစေရမည် ဟု စိတ်ဆုံးဖြတ်ထားလိုက်လေသည်။

ဤအဖြစ်အပျက်များလောက်ဖြင့်လည်း ကျွန်ုပ်အား ယခုကဲ့သို့ website ထောင်ပြီး စာရေးရလောက်သည်အထိ တွန်းအားမဖြစ်စေခဲ့သေး။ ကျွန်ုပ်၏ စိတ်ဝယ်အဓိကစွဲထင်သွားစေသည့် အဖြစ်သနစ်ကြီးတစ်ခု ရှိခဲ့လေသည်။ ဤတွင် အဖြစ်သနစ်ဟုမဆိုဘဲ ကျွန်ုပ်၏ အဇ္ဈတ္တသန္တာန်၌ ရုတ်ခြည်းဖြစ်ပေါ်လေသော စိတ်အတွေးဟု ပြောလျှင်လည်း ရနိုင်ပေသည်။ အဖြစ်မှာ ဆွီဒင်နိုင်ငံ စတော့ဟုန်းလေဆိပ်မှ စာတစ်အုပ်သည် ကီလိုမီတာ ၂၂၀၀ (မိုင်ပေါင်း ၁၄၀၀) ကျော်ဝေးသော Nantes မြို့ရှိ ကျွန်ုပ်၏လက်ဝယ်ရောက်လာခြင်းမှ အစပြုခဲ့သည်။ ဤသို့ အကြောင်းတိုက်ဆိုင်သဖြင့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့သော စာအုပ်ကို ကျွန်ုပ်ကလည်း နှစ်နှစ်ခြိုက်ခြိုက်ကြီးပင် လက်မှမချတမ်း ဖတ်ရှုခဲ့လေသည်။ အဆိုပါစာအုပ်ကို ကျွန်ုပ်အား လက်ဆောင်အဖြစ် ပေးခဲ့သူမှာလည်း ကျွန်ုပ်၏ ဘဝ၌ အရေးပါသူတစ်ဦးဟု ဆိုရမည်။ စာရေးခြင်းအကြောင်းကို ရေးသားသောဆောင်းပါးဖြစ်နေ၍ ထိုသူ၏အကြောင်းကို အရေးပါပင်ပါငြား ချန်လှပ်ထားခဲ့ရပေတော့မည်။ ဤသည်ကိုလည်း သက်ဆိုင်ရာကာယကံရှင်ကပင် နားလည်ပေးစေချင်ပါသည်။

စာအုပ်အကြောင်း ဆက်သွားပါဦးမည်။ ၂၀၁၈ ခုနှစ် မတ်လတွင် ရူပနက္ခတ္တပညာရှင်ကြီး စတီဗင်ဟော့ကင်း ကွယ်လွန်လေသည်။ သူကွယ်လွန်ပြီးနောက်တွင်မှ နက်နဲလှသောမေးခွန်းကြီးများအတွက် ဖြေကြားခဲ့ဖူးသော စတီဗင်ဟော့ကင်း၏ မှတ်တမ်းမှတ်ရာများကိုပင် ပြန်လည်စုစည်းခြင်းဖြင့်လည်းကောင်း၊ သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များ၏ အကူအညီများဖြင့်လည်းကောင်း Brief Answers to the Big Questions (မေးခွန်းကြီးများအတွက် အနှစ်ချုပ်အဖြေများ) ဟူသောစာအုပ်ကြီး ထွက်ရှိခဲ့လေသည်။ ဤစာအုပ်မှာ စတီဗင်‌ဟော့ကင်း၏ နောက်ဆုံးစာအုပ်ဖြစ်သည်။ အထက်၌ ဆိုခဲ့ပါသော ကီလိုမီတာ ၂၂၀၀ ကျော်ဝေးသည့် လေဆိပ်မှ ကျွန်ုပ်ထံသို့ ရောက်ရှိလာခဲ့သော စာအုပ်မှာလည်း ဤစာအုပ်ပင်ဖြစ်တော့သည်။ ယင်းစာအုပ်သည် ကျွန်ုပ်၏ ဒုတိယအကြိမ်မြောက် စတီဗင်ဟော့ကင်းရေးသည်ကို ဖတ်ဖူးခြင်းပင်တည်း။ (ပထမစာအုပ်မှာ A Brief History of Time စာအုပ်ဖြစ်ကြောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်) ဤစာအုပ်မှာ ဖတ်ရလည်းလွယ်သည့်အပြင် စိတ်ဝင်စားစရာလည်း ကောင်းလှပါ၏။ စာအုပ်၏အဆုံး၌ လူစီဟော့ကင်း (စတီဗင်ဟော့ကင်း၏ သမီး) ရေးသားထားခဲ့သော ‘နောက်ဆက်တွဲ’ အမှာစာမှ အောက်ဖော်ပြပါ စာသားများကို ဖတ်လိုက်ရသည်တွင် ကျွန်ုပ်၏ စိတ်ဝယ် များစွာထိခိုက်မိတော့သည်။

“My father never gave up, he never shied away from the fight. At the age of seventy-five, completely paralysed and able to move only a few facial muscles, he still got up every day, put on a suit and went to work. He had stuff to do and was not going to let a few trivialities get in his way.”

အဓိပ္ပာယ်မှာ “ကျွန်မ၏ ဖခင်သည် တစ်ခါမျှ အရှုံးမပေးခဲ့သလို တစ်ခါမျှလည်း ရုန်းကန်မှုများမှ ရှောင်မပြေးခဲ့ပါ။ အသက်မှာ ၇၅ နှစ်တိုင်ရှိနေပြီး မျက်နှာကြွက်သားအနည်းငယ်မှလွဲ၍ တစ်ကိုယ်လုံးလည်း လှုပ်မရတော့ပြီ။ သို့တိုင် မနက်တိုင်း ထ၍ ဝတ်စုံပြည့်နှင့် အလုပ်သွားနေဆဲပင်။ သူ့မှာ လုပ်စရာများရှိနေပြီး အသေးအဖွဲကိစ္စများကြောင့် ထိုလုပ်စရာများအား အလစ်ဟင်းခံမည့်သူမဟုတ်” ဟူ၍ ဖြစ်ပါသည်။

လူစီဟော့ကင်း၏ ရိုးရှင်းသော ဤစာသားများကပင် အမေ့မေ့အလျော့လျော့ အပေါ့‌ပေါ့အတန်တန်နေခဲ့မိသော ကျွန်ုပ်၏ စိတ်ကို ကောင်းစွာ လှုပ်နိုးလိုက်သကဲ့သို့ရှိ၏။ အထူးသတိပြုမိသည့်အချက်မှာ စတီဗင်ဟော့ကင်း၏ အလုပ်အပေါ်၌ တန်ဖိုးထားပုံ၊ အသက်အရွယ်ကြီးရင့်ခြင်း၊ ဒုက္ခိတဖြစ်နေခြင်း စသည့်အကြောင်းအရာတို့မှာ သူ၏အလုပ်နှင့် နှိုင်းယှဉ်က အသေးအဖွဲ့များပင် ဖြစ်သွားရပုံ၊ အကြောင်းပြချက် ဆင်လက်ဆင်ခြေတို့မျှ မပေး၊ မိမိလုပ်ရန်ရှိသည်ကို အရှုံမပေးဘဲ တစိုက်မတ်မတ်လုပ်တတ်ပုံ၊ မိမိချမှတ်အပ်သောစည်းမျဥ်းစည်းကမ်း (Self-discipline) ကို အထူးလေးစားလိုက်နာပုံ စသည့်အရည်အချင်းများပင် ဖြစ်ပါသည်။ ဤသည်ကို လူစီဟော့ကင်း၏ စာအရသော်လည်းကောင်း၊ စတီဟော့ကင်းအသက်ရှင်နေစဉ် ရေးသားပြုစုခဲ့သော များပြားလှသည့် စာအုပ်များ၊ စာတမ်းများ၊ သင်ခန်းစာများအား လေ့လာကြည့်ခြင်းဖြင့်လည်းကောင်း သိနိုင်ပေသည်။

ဤအခြင်းအရာကိုပင် ကျွန်ုပ်တို့၏ ဘဝနှင့် ပြန်ဆက်စပ်ကြည့်မိသည်။ ကျွန်ုပ်တို့ အတော်များများသည် ဘဝတွင် ‘မလုပ်ရန်’ အကြောင်းပြချက်များ ရှာလေ့ရှိကြသည်။ ပွဲမစမီကပင် ‘မအောင်မြင်နိုင်လောက်မည့်’ အကြောင်းများကို ကြိုတွေး၍လည်း အားငယ်တတ်ကြသေး၏။ ဥပမာပြရပါမူ ‘သူက ဉာဏ်ကောင်းသည်။ မိမိမှာမူ ပင်ကိုဉာဏ်မှမကောင်း’ ဟုမှတ်ထင်လျက် အမှန်တကယ်အားထုတ်ရန်ကိုမူ မေ့လျော့နေတတ်ကြလေသည်။ အကယ်၍ စတီဗင်ဟော့ကင်းနေရာတွင် ကျွန်ုပ်ရောက်နေလျှင်ကော သူ့ကဲ့သို့ ပေါက်မြောက်နိုင်ပါမည်လား၊ ကျွန်ုပ်၏ ဘဝတွင် မည်ရွေ့မည်မျှထိ အားစိုက်ထုတ်ခဲ့ပြီးပြီလဲ စသော မေးခွန်းများ စီတန်း၍ပေါ်လာလေ၏။

ဤတွင် မူလက ရေးတလှည့် မရေးတလှည့် ဖြစ်နေခဲ့သော ကျွန်ုပ်၏ စာရေးခြင်းဝါသနာကိုပင် ပြန်လည်၍ ဆင်ခြင်မိသည်။ ဆိုရပါလျှင် ကျွန်ုပ်သည် စာရေးခြင်း၊ ဖတ်ခြင်းကို ဝါသနာထုံခဲ့သူမဟုတ်သည့်တိုင် လုံးလုံး ကင်းကွာနေခဲ့ခြင်းလည်း မရှိခဲ့ပေ။ ဤအချက်ကို ကျွန်ုပ်ငယ်စဉ်ကလေးဘဝမှစ၍ ပါရဂူကျောင်းသားဖြစ်လာရသည်အထိ ကျွန်ုပ်၏ ဘဝဖြစ်စဉ်ကို လေ့လာကြည့်ခြင်းအားဖြင့် ထင်ရှားသိမြင်နိုင်ပေသည်။ အကယ်လည်း အခွင့်အခါသင့်တိုင်း ရေးခြင်း၊ ဖတ်ရှုခြင်းများကို ပြုခဲ့ပါ၏။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်သည် စာရေးပျင်းသော်လည်း စာရှင်းသည့်ဖက်တွင်တော့ ဝါသနာထုံလှသည်။ ကျွန်ုပ်ရှင်းပြလိုက်၍ တစ်စုံတစ်ဦး ပိုမိုနားလည်သွားသည်ဆိုလျှင် အင်မတန် ဝမ်းမြောက်မိ၏။ ဤကျေနပ်စိတ်ကပင် ကျွန်ုပ်၌ ပိုမိုကောင်းမွန်သော ရှင်းပြချက်များကို ပြုလုပ်ရန်၊ ပိုမိုလေ့လာရန် တွန်းအားဖြစ်ပေါ်စေပါသည်။ တစ်ဖန် ကျွန်ုပ်မသိသော အကြောင်းအရာများကို ပိုမိုလေ့လာဖြစ်ခြင်း၊ နားလည်တတ်ကျွမ်းသူအချို့၏ ဆွေးနွေးဝေဖန်ချက်များကိုပါ ရရှိနိုင်ခြင်းများကြောင့် ကျွန်ုပ်အတွက် သာ၍ပင် အကျိုးထူးရနိုင်ကြောင်းကို ဆင်ခြင်မိပြန်သည်။ ဤသို့လျှင် ဖတ်သူ၊ ရေးသူ နှစ်ဦးနှစ်ဖက် အကျိုးများမည့် (Win – Win အခြေအနေမျိုး) ဖြစ်သောကြောင့် စာရေးပါတော့မည်ဟု လုံးလုံး ဆုံးဖြတ်ချက်ချနိုင်ခဲ့လေ၏။

Philomath မှာ စရေးဖြစ်ပုံ

ဆုံးဖြတ်ချက်ချပြီးဖြစ်၍လည်း အကယ်ပင်ရေးရန် အားထုတ်ခြင်းအမှုကို ပြုရပြန်လေ၏။ ထိုစဉ်က ကျွန်ုပ်နှင့် ရင်းနှီးသော သူငယ်ချင်းတစ်ယောက်သည် ဖေ့ဘုတ်တွင် Philomath အမည်နှင့် page တစ်ခုထောင်ထားပြီး သူ၏ အတွေ့အကြုံများနှင့် အတွေးအကြံများကို မျှဝေပေးလျက်ရှိသည်။ ကျွန်ုပ်ရေးလိုသော အကြောင်းအရာများကို သူနှင့် တိုင်ပင်ကြည့်ရာ သဘောတူသဖြင့် အဆိုပါ Philomath page မှာပင် မြေစမ်းခရမ်းပျိုး စ၍ရေးသားဖြစ်ခဲ့သည်။ ပထမဦးဆုံးရေးသားခဲ့သည်မှာ ‘အချက်အလက်တွေ ပိနေကြပြီလား’ ဟူသော ဆောင်းပါးလေးဖြစ်သည်။ အကြောင်းအရာအတော်များများကို စတီဗင်‌ဟော့ကင်း၏ Brief Answers to the Big Questions စာအုပ်ထဲကပင် ကိုးကားခဲ့သည်။ စာမရေးသည်မှာ အတန်ကြာပြီဖြစ်၍ ခက်ခက်ခဲခဲ အထစ်ထစ်အငေါ့ငေါ့နှင့်ပင် ဆောင်းပါးလေးတစ်ပုဒ် ဖြစ်မြောက်သွားလေ၏။ အရေးထဲ ကွန်ပြူတာနှင့် မြန်မာစာရိုက်နည်း မကျွမ်းကျင်သဖြင့် သုံးရက်လောက် အချိန်ယူ၍ လေ့ကျင့်ခဲ့ရသေးသည်။ နောက်ပိုင်းတွင်တော့ အတွေးသွက် အရေးသွက် ပြန်ဖြစ်လာခဲ့သည်ဟု ဆိုရပါမည်။

Insight website တည်ထောင်ဖြစ်ခဲ့ခြင်း

Philomath တွင် အတွေးအခေါ်များပါသော၊ ဗဟုသုတများလည်း အတန်အသင့် ပေးနိုင်လောက်သော ခေါင်းစဉ်များကို တပတ်တစ်ပုဒ်နှုန်းမျှ ရေးလာခဲ့သည်မှာ ၅ လ နီးပါးမျှ ကြာမြင့်ခဲ့လေသည်။ ဤတွင် ကျွန်ုပ်၌ နောက်ထပ်စိတ်အကြံတစ်ခုဖြစ်ပေါ်မိသည်မှာ ကျွန်ုပ်တို့၏ တိုင်းပြည်သည် ယခုအခါ STEM (Science, Technology, Engineering, Mathematics) နှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ယှဉ်ရတော့မည်။ နောက်ကောက်ကျနေ၍ မဖြစ်တော့ပြီ။ ကျွန်ုပ်ကလည်း ဤတဖက်နိုင်ငံတွင် ဆည်းပူးဖြစ်သမျှကို ပြန်လည်မျှဝေပေးနိုင်လျှင် တိုင်းပြည်အတွက် တနည်းနည်းသော် အထောက်အကူပြုနိုင်ကြောင်း တွေးမိ၏။  တစ်ဖန် နောင် တချိန် ကျွန်ုပ် စာသင်ကြားရေးလုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်ကိုင်သောအခါ Lecture အချို့မှာ ကြိုတင်ပြင်ဆင်ပြီးသားလည်း ဖြစ်သွားမည်၊ ထပ်မံလိုအပ်သော အသစ်အသစ်များကို အနည်းငယ် ဖြည့်စွက်မွမ်းမံရန်သာ လိုတော့မည်၊ စသည်ဖြင့်လည်း စိတ်ကူးမိ၏။ ဤစိတ်ကူးကိုပင် ရင်းနှီးသူများနှင့် တိုင်ပင်ကြည့်ရာ အားလုံးကလည်း သဘောကျနှစ်ခြိုက်ကြခြင်း၊ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဤသို့ရေးသားမျှဝေရသည်ကို ပျော်မွေ့ခြင်း စသည့်အကြောင်းအချက်များနှင့်ပင် mminsight အမည်ရှိ ကိုယ်ပိုင် website တစ်ခုကို ပြီးခဲ့သည့် ဧပြီလတွင် တည်ထောင်ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် မူလက စာရေးဝါသနာမပါခဲ့သော ကျွန်ုပ်မှာ ယခုတော့ စာရေးနေရလေပြီ။ စာရေးခြင်းဟူသည်ကား ရေးနေရုံမျှနှင့်လည်းမပြီးသေး၊ အမြဲတစေ ဖတ်ရှုနေမှသာပြီး၍ စာများလည်း ရှေးကထက်တိုး၍ ဖတ်ရပေတော့မည်တည်း။ ဤကား လက်ရှိ ပါရဂူကျောင်းသားဘဝ၌ ဖြစ်သော ကျွန်ုပ်နှင့် စာရေးခြင်း ပင် ဖြစ်ပါ၏။

အင်္ဂလိပ်စာရေးဆရာအကျော်အမော် ဂျော့ချ်အိုဝဲလ်က “စာရေးခြင်းကို တွန်းအားပေးသည့် အကြောင်းအချက်များတွင် အောက်ပါအချက်လေးချက်သည် အနည်းနဲ့အများပါနေတတ်သည်” ဟုဆိုခဲ့ဖူး၏။ ယင်းတို့ကို အနှစ်ချုပ်၍ ပြန်လည်ဖော်ပြရသော်

(၁) အတ္တပ္ပဓာနဝါဒ (မိမိသေသည့်အခါ မိမိအား အမှတ်ရလျက် ပြောဆိုစေလိုခြင်း၊ မိမိတော်ကြောင်းတတ်ကြောင်းကိုပြလိုခြင်း စသည်)

(၂) အလှတန်ဆာဆင်လိုခြင်း (စကားလုံးများနှင့် သဒ္ဒါအထားအသိုတို့၏ အလှအပကို ခံစားလိုခြင်း၊ လှပသည့်အကြောင်းအရာ၊ စိတ်ခံစားမှုနှင့် အတွေ့အကြုံတို့ကို အမိအရဖမ်းဆုပ်၍ မျှဝေခံစားလိုခြင်း စသည်)

(၃) သမိုင်း၏ စေ့ဆော်မှု (အရှိကိုအရှိအတိုင်းမြင်တွေ့လိုခြင်း၊ အချက်အလက်မှန်များကို ရှာဖွေလိုခြင်းနှင့် နောင်လာနောက်သားတို့အတွက် ထိန်းသိမ်းထားလိုခြင်း)

(၄) နိုင်ငံရေးရည်ရွယ်ချက် (လောကကို လမ်းကြောင်းတစ်ခုအပေါ် တွန်းပို့ပေးလိုခြင်း၊ လူသားတို့ ရှေးရှုအပ်သော လူ့အဖွဲ့အစည်းနှင့် ပတ်သက်သည့် အတွေးအခေါ်များကို ပြောင်းလဲပေးလိုခြင်း စသည်)

ဟူ၍ ဖြစ်ပါသည်။

ကျွန်ုပ်၏ စာရေးဖြစ်ခြင်းကို ဖော်ပြပါအချက်များနှင့် ဆက်စပ်ကြည့်မည်ဆိုပါက တစ်ခုမဟုတ်တစ်ခုနှင့် မလွတ်ကင်းသည်ကို ဘွင်းဘွင်းကြီး တွေ့မြင်ရပေမည်။ တခါတရံ အယူအဆမှား၊ အမှတ်မှားနေသည်ကို မြင်ရသည့်အခါ ပြင်ပေးချင်တတ်သည့် ကျွန်ုပ်၏နိုင်ငံရေးစိတ်ခံ၊ သိထားသင့်သော သင်္ချာ၊ သိပ္ပံဆိုင်ရာ သမိုင်းနောက်ခံများကို ဖော်ပြလိုသော သမိုင်း၏စေ့ဆော်မှု၊ ပြောလိုသည့် အကြောင်းချင်းရာများကို နားမရှုပ်အောင် စကားလုံးအလှ၊ ဝါစကနှင့်တကွ သဒ္ဒါအထားအသိုများအား စီစဉ်နေရာချရခြင်း၊ ကျွန်ုပ်စိတ်ဝင်စားသည့်အရာများကို ဖတ်ရှုသူတို့နှင့်အတူ မျှဝေခံစားလိုခြင်း စသည့် တန်ဆာဆင်လိုစိတ်၊ ယုတ်စွအဆုံး ကျွန်ုပ်၏ အဇ္ဈတ္တသန္တာန်၌ ကိန်းဝတ်ခိုအောင်းနေသေးမည့် ကျွန်ုပ်၏ အမြင်သဘော အတ္တမနော တို့လည်းရှိနေပေဦးမည်မှာ မုချတည်း။ မည်သို့ဆိုစေ ဤဆောင်းပါးရှည်ကြီးကပင် ကျွန်ုပ်၏ ဘဝအကြောင်း တစေ့တစောင်းကို မီးမောင်းထိုးပြနေသည်။ သင်ခန်းစာယူဖွယ်တို့လည်း ပါနေနိုင်သလို အတုယူဖွယ်၊ ရှုတ်ချဖွယ်များလည်း ပါနေမည်မှာ မလွဲဧကန်ပင်။ သို့ဖြစ်ရာ နိဒါန်း၌ ဆိုခဲ့သည့်အတိုင်းပင် ယူသင့်ကယူ၍ ပယ်သင့်ကပယ်ခြင်းဖြင့် ဖတ်ရှုသူတို့ အကျိုးများကြပါစေကြောင်း ဆုမွန်ကောင်းခြွေတောင်းရင်း ယခုဆောင်းပါးရှည်ကြီးကိုလည်း နိဂုံးကပတ် အဆုံးသတ်လိုပါသတည်း။    ။

#yp

Nantes, 22:41 pm, 7 Nov 2019.