မင်္ဂလာပါ insight ပရိသတ်များ။ စာရေးသူ post မတင်ဖြစ်တာ ဘာလိုလိုနဲ့ နှစ်တောင်ပေါက်သွားခဲ့ပြီ။ အခု စာနည်းနည်း ပြန်စ‌ရေးပါမယ်။ ဒီရက်ပိုင်း စာရေးသူ အာရုံကို ဖမ်းစားမိတဲ့ အကြောင်းအရာ တစ်ခုကနေပဲ ပြန်စလိုက်ပါမယ်။ ဒါကတော့ Mileva Marić (တနည်း Mileva Marić Einstein) အကြောင်းလေးပါ။

Albert Einstein ကို လူတိုင်းနီးပါး သိကြပါတယ်။ ၂၀ ရာစုနှစ်မှာ သူ့ရဲ့ အတွေးအခေါ် နဲ့ သိပ္ပံတွေ့ရှိမှုတွေဟာ ကျွန်တော်တို့ရဲ့ စကြဝဠာအပေါ် နားလည်မှုတွေကို ပြောင်းလဲသွားစေခဲ့တယ်။ General relativity , special relativity, Photoelectric effect စတဲ့ အကြောင်းအရာအချို့ ကိုလည်း မိတ်ဆက်သဘော mminsight page မှာ အရင်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ တစ်ခါ Einstein ရဲ့ ဒုတိယဇနီးဖြစ်သူ Elsa အကြောင်းကိုလည်း တွေ့ဖူး/ဖတ်ဖူးကြပါလိမ့်မယ် (ဆောင်းပါးလင့်ခ်) ။ ဒါပေမယ့် Mileva Maric အကြောင်းတော့ သိပ်မတွေ့မိပါ (ရှိပါလိမ့်မယ်၊ စာရေးသူသိပ်မတွေ့ဖူးတာဖြစ်မှာပါ)။ ဆိုတော့ ဒီနေ့ ဆောင်းပါးမှာ သူမရဲ့ ဘဝဇာတ်ကြောင်း (အကျဉ်း) နဲ့တကွ Albert Einstein ရဲ့ ၁၉၀၅ ခုနှစ် သိပ္ပံဆောင်းပါးတွေမှာ သူမအကူအညီတွေ ပါခဲ့သလား၊ စသည်ဖြင့် ဆွေးနွေးကြည့်ပါမယ်။

ပထမဦးဆုံး Mileva Marić (ပုံ-၁) ဆိုတာ ဘယ်သူလဲ အရင်ပြောပါမယ်။ သူက ရူပဗေဒပညာရှင် တစ်ယောက်ပါ။ သင်္ချာပညာရှင်လို့ သမုတ်ရင်လည်း မမှားပါ။ သူမဟာ နာမည်ကျော် ရူပဗေဒပညာရှင်ကြီး Albert Einstein ရဲ့ ဇနီး (ပထမအိမ်ထောင်) ဖြစ်တယ်။ ၁၈၇၅ ခုနှစ် ဒီဇင်ဘာ ၁၉ မှာ မွေးတာပါ။ ဇာတိကတော့ Serbia နိုင်ငံ Titel မြို့က ဖြစ်တယ်။ (ပုံ-၂) မှာ မြေပုံနဲ့တကွ ဖော်ပြပေးထားပါတယ်။

ပုံ-၁။ Mileva Marić (image source. Wikipedia[1])

ပုံ-၂။ Mileva Marić ရဲ့ မွေးဖွားရာ ဇာတိ Titel မြို့

သူမဘဝရဲ့ စိတ်ဝင်စားစရာအချက်တချို့ ကို ရွေးထုတ်ပြီး ပြောရရင် သူမဟာ အထက်တန်းနဲ့ ဒီပလိုမာတန်း (တက္ကသိုလ် သို့ အင်စတီကျုလို့ သုံးနှုန်းလို့ရမည်ထင်) တွေမှာ အမျိုးသားချည်း တက်တဲ့ကျောင်းတွေမှာ တက်ခဲ့တာပါ။ အဲ့လို တက်ခွင့်ရခဲ့တာကလည်း သူမရဲ့ ပညာရေးပိုင်း စိတ်ဝင်စားမှုတွေကြောင့်လို့ ဆိုရမယ်။ အဲ့ခေတ်တုန်းက (လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က) တစ်နည်းဆိုရရင် သင်္ချာ၊ ရူပဗေဒ ဘာသာရပ်တွေမှာ တက်ရောက်သူ အမျိုးသမီးအရေအတွက်ဟာ လက်ချိုးရေလို့ရပါတယ်။ အဲ့လိုခေတ်ကြီးမှာ အမျိုးသားတွေပဲ လက်ခံခဲ့တဲ့ကျောင်းမှာ (အထက်တန်းရော ၊ ဒီပလိုမာတန်းပါ) တက်ရောက်ခဲ့တဲ့ သူမနေရာက စဉ်းစားကြည့်ပါ။ ဥပမာပြောရရင် ယောက်ျားလေးတွေချည်း ရှိတဲ့ ကျောင်းအားကစားလေ့ကျင့်ဆောင်လိုမျိုး ၊ ကျောင်းကန်တင်း ဒါမှမဟုတ် ကျောင်းသားအဆောင်လိုမျိုးကို မြင်ယောင်ကြည့်ပါ။ ဒီနေ့ခေတ်အခါမှာလို မဟုတ်တာကိုပါ ထည့်ပြီး စဉ်းစားကြည့်ရင် (ဆိုလိုသည်မှာ ကျား/မ ခွဲခြားဆက်ဆံမှု အတော်လေးရှိခဲ့တဲ့ ခေတ်အခါကိုဆိုလို) အတော်လေး မလွယ်ကူခဲ့မှန်း တွေးကြည့်လို့ရပါတယ်။

ဟုတ်ပြီ။ ဇာတ်လမ်းလေးကိုဆက်ပြောရရင် သူမဟာ ၁၈၉၆ ခုနှစ်မှာ Zurich Polytechnic (ယခုအခေါ် Eidgenössische Technische Hochschule, ETH) ကျောင်းမှာ သင်္ချာ-ရူပဗေဒ ဒီပလိုမာတန်း ကို တက်ရောက်ခဲ့ပါတယ်။ ပုံ-၃ မှာ Switzerland နိုင်ငံ Zurich မြို့ရှိ ETH ကျောင်းကို ပြပေးထားပါတယ်။ တက်ရောက်သူ စုစုပေါင်း ၆ ယောက်အနက် သူမဟာ တစ်ဦးတည်းသော အမျိုးသမီးပါ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Albert Einstein နဲ့ တစ်နှစ်တည်း အတန်းတူတူဖြစ်ပါတယ်။ အဲ့မှာ ဇာတ်လမ်းက စတာလေ 😁။

 

ပုံ-၃။ Main building of the Swiss Institute of Technology in Zürich (ETH). Image source – Wikipedia[2]

Albert နဲ့ Mileva တို့ဟာ သိပ်မကြာခင်မှာပဲ အင်မတန်ရင်းနှီးသွားကြပါတယ်။ သူတို့ နှစ်ယောက်ဟာ နာရီပေါင်းများစွာ စာအတူလုပ်ကြရင်း တပူးတွဲတွဲ အမြဲရှိခဲ့ကြတယ် (Source.[3])။ ၁၉၀၀ ခုနှစ် သူတို့နှစ်ဦးစလုံး အတန်းတွေပြီးဆုံးချိန်မှာတော့ Mileva  ရဲ့ ပျှမ်းမျှရမှတ်ဟာ Einstein နီးတူ ရှိခဲ့တယ်လို့ Sources[1, 3] တချို့အရ သိရပါတယ်။

wikipedia မှာဖော်ပြထားချက်အရ သူမဟာ ၁၈၉၉ ခုနှစ် နှစ်ဝက်စာမေးပွဲမှာ ပျမ်းမျှရမှတ် ၅.၀၅ မှတ် ၊ Einstein က ၅.၇ မှတ် လို့ တွေ့ရပါတယ် (အမှတ်ပြည့်က ၆ မှတ်ပါ)။

၁၉၀၀ နဲ့ ၁၉၀၂ ခုနှစ်တွေဟာ သူတို့ နှစ်ဦးအတွက် ခက်ခဲတဲ့ကာလတွေပါ။ ဘာလို့ဆို Albert Einstein မှာ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပေမယ့် ဘယ်အလုပ်မှ မရဖြစ်နေခဲ့သလို Mileva ကတော့ Albert နဲ့ ပထမကိုယ်ဝန်ရခဲ့ပြီး ၁၉၀၂ မှာ ကလေးတစ်ယောက်မွေးခဲ့တယ်။ ဒီကလေးဘာဖြစ်သွားသလဲ မသိရပါ။ Source တစ်ခုနဲ့ တစ်ခုဖော်ပြတာ မတူညီနေပါ။ တချို့က တခြားသူကို ပေးလိုက်တယ်လို့ ရေးထားသလို တချို့မှာတော့ Scarlet fever နဲ့ အသက် တစ်နှစ်ခွဲမှာ ဆုံးပါးသွားတယ်လို့ဖော်ပြထားပါတယ်။

ပုံ-၄။ Albert and Mileva Einstein, 1912 (Source. Wikipedia[1])
ဇန်နဝါရီလ ၆ ရက်နေ့ ၁၉၀၃ ခုနှစ်မှာတော့ သူတို့နှစ်ဦး မင်္ဂလာဆောင်ခဲ့ကြတယ်။ Bern က Patent ရုံးမှာ Einstein အလုပ်ရပြီးတဲ့အခါမှာပါ။ (အလုပ်မရခင်ထိ Einstein မှာ မင်္ဂလာဆောင်ဖို့ ငြင်းဆိုခဲ့တယ်လို့ Source အချို့မှာ ရေးထားပါတယ်)။ ဒီနေရာမှာ သူမရဲ့ အထုပ္ပတ္တိကို ပြုစုခဲ့သူ Trbuhovic-Gjuric ရဲ့ ရေးသားချက်တစ်ခုကို ကောက်နုတ်ဖော်ပြလိုပါတယ်။

 အဆိုပါ ပါရမီရှင်နှစ်ယောက်ရဲ့ ထိမ်းမြားခြင်းဟာ ထိုစဉ်ခါက အလွန်ကို ကြည်နူးစရာပါ။ သူမဟာ သူနဲ့ဆို ပျော်ရွှင်နေခဲ့တယ်။ သူ့အနားမှာရှိနေပြီး သူ့အတွက် အလုပ်လုပ်ပေးရတာကိုလည်း ကျေနပ်နေခဲ့တယ်။ နိစ္စဓူဝ တာဝန်တွေကို မပင်မပန်း ထမ်းရွက်ခဲ့သလို သူမရဲ့ ဉာဏအသိ ၊ အားကိုးယုံကြည်မှုတွေ၊ တက်ကြွတဲ့အားအင်တွေနဲ့ သူ့ကိုပံ့ပိုးခဲ့တယ်။ သူမရဲ့ အဆိုပါအရည်အသွေးတွေကို သူတန်ဖိုးထားတာ သိရတော့ အတိုင်းထက်အလွန်ဝမ်းမြောက်ခဲ့တယ်။ သူမဟာ သူ့ဘဝကို ငြိမ်သက်ပြီး စနစ်တကျရှိစေခဲ့တယ်။ သူ့နဲ့ တူညီတဲ့ အရည်အသွေးတွေကြောင့်လည်း နှစ်ဦးအကြား တသားတည်းလို ဖြစ်နေခဲ့တယ်

သူတို့ နှစ်ဦးဟာ ၁၉၀၄ ခုနှစ်မှာ သားဖြစ်သူ Hans Albert ကို ဖွားမြင်ခဲ့ပြီး ၁၉၁၀ မှာတော့ အငယ်ကောင် Eduard ကို မွေးခဲ့ပါတယ်။ Eduard ကို အသက် ၂၀ အရွယ်မှာ စိတ်ရောဂါ (schizophrenia)ကြောင့်  ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ် (၁၉၂၉ ခုနှစ်ပိုင်းလောက်ပါ)။ ရောဂါဖောက်လာပြီဆို အထူးသဖြင့် ပရိဘောဂတွေကို ဖျက်စီးတာပါ။၊ တစ်ခါ Mileva ကိုတောင် လည်ပင်းညစ်ဖို့ လုပ်ခဲ့ပါသေးတယ်။ Eduard ကတော့ သူအဲ့လို ထိန်းချုပ်နိုင်စွမ်းပျောက်တာဟာ သူ့အဖေရဲ့ အပြစ်လို့ဆိုပြီး အဖေကို မုန်းတီးတဲ့အကြောင်း ရေးခဲ့ပါတယ် (Source. [5])

၁၉၁၄ ခုနှစ်မှာတော့ သူတို့နှစ်ယောက် (Mileva နဲ့ Albert Einstein) အတူမနေကြတော့ပြီ။ Mileva က ကလေးနှစ်ယောက်ကို ခေါ်လို့ Zurich ပြန်သွားပါပြီ။ Einstein ကတော့ Berlin မှာ ဆက်နေခဲ့ပါတယ်။ ခေတ်ကာလကတော့ ပထမကမ္ဘာစစ်ကြီး စဖြစ်တဲ့အချိန်ပါ။ Albert က Mileva ကို Switzerland မှာ နေခိုင်းခဲ့ပေမယ့် ကိုယ်တိုင်တော့ လိုက်မလာခဲ့ပါ။ Mileva ဟာ အစပိုင်းတော့ Berlin က သူ့အလုပ်ကြောင့် လိုက်မလာနိုင်တာလို့ ထင်ခဲ့ပါတယ်။ တကယ်တန်းတော့ Albert ဟာ နောက်ထပ် အမျိုးသမီးတစ်ယောက် (သူ့ရဲ့ ဒုတိယဝမ်းကွဲတော်စပ်သူ Elsa) နဲ့ ရှိနေခဲ့တာပါ။ အဲ့ဒီအချိန်မှာ ကလေးနှစ်ဦးဟာ အသက် ၄ နှစ် နဲ့ ၁၀ နှစ် ရှိနေပါပြီ။ Mileva ဟာ ပုံမှန်ဝင်ငွေလည်း ရှိမနေခဲ့သလို Albert ဆီကလည်း လုံလောက်တဲ့ ပုံမှန်ထောက်ပံ့ငွေလည်း မရခဲ့ပါ။

၁၉၁၉ မှာတော့ နှစ်ဦး တရားဝင်ကွာရှင်းလိုက်ကြပါတယ်။ အရှေ့က ကလေးဆေးရုံတင်ရတာနဲ့ပါ ပြန်ဆက်စပ်ကြည့်မယ်ဆို (၁၉၃၀ ခုနှစ်ဝန်းကျင်) ဒီကလေးရဲ့ ဆေးရုံဖိုးနဲ့တကွ အစစအရာရာ ပြုစုစောင့်ရှောက်ခဲ့တာဟာလည်း Mileva ပါပဲံ။ ဆေးရုံစားရိတ် အင်မတန်ကြီးမားတာကြောင့် သူမဟာ ငွေကြေးပိုင်းမှာ အတော်လေး ခက်ခဲခဲ့တယ်လို့ source [5] တစ်ခုမှာ ဖော်ပြထားပါတယ်။ Article [6] တစ်ပုဒ်မှာ ပြောထားချက်အရ သူမဟာ ကလေးဆေးရုံဖိုးအတွက် အိမ်နှစ်အိမ်ရောင်းခဲ့ရတယ်လို့ ဆိုပါတယ် (ဒီအိမ်တွေက Albert Einstein ရဲ့ နိုဘယ်လ်ဆုကြေးငွေတွေနဲ့ ဝယ်ထားခဲ့တာပါ။ တစ်အိမ်ကို နေဖို့ နဲ့ တစ်အိမ်ကို အငှားချထားဖို့ပါ)။ နောက်ပိုင်းမှာ သူမရဲ့ ကိုယ်ပိုင် အိမ်ကိုလည်း ထပ်ရောင်းချခဲ့ရပါတယ်။ ဒီအိမ်ကိုတော့ Albert ကို ဝယ်ယူစေခဲ့တယ်။ ဒါပေမယ့်လည်း ၁၉၄၈ ခုနှစ်အစပိုင်းမှာ အိမ်ပေါ်က ဆင်းခိုင်းတဲ့ အသိပေးစာ (notice) ကို ရခဲ့ပါတယ်။ ၁၉၄၈ မေလမှာ အငယ်ကောင် Eduard ရောဂါထပ်ဖောက်ပါတယ်။  Mileva ရဲ့ ကျန်းမာရေးအခြေအနေလည်း တစတစပိုပြီး ဆိုးဝါးလာခဲ့ပြီး ဆေးခန်းကို ပို့ခဲ့ရပါတယ်။ ကိုယ်တစ်ခြမ်းသေ (paralyze) ဖြစ်သွားတာပါ။ ၁၉၄၈ သြဂုတ် ၄ ရက်နေ့ (သူမ အသက် ၇၃ မှာ) ကွယ်လွန်ပါတယ်။  ဒါကတော့ စိတ်ထိခိုက်ဖွယ်ကောင်းတဲ့ သူမရဲ့ ဘဝနှောင်းပိုင်းတွေပါ။

ဆက်လက်ပြီးတော့မှ အငြင်းပွားဖွယ် အချက်တချို့ အကြောင်း ဆွေးနွေးချင်ပါတယ် (ဒါပြီးရင်တော့ နိဂုံးချုပ်မှာပါ)။ အဓိကဆွေးနွေးချင်တဲ့ အချက်က Einstein ရဲ့ ၁၉၀၅ ခုနှစ်က ဆောင်းပါးတွေမှာ သူမ ပါဝင်ခဲ့သလား (ပူးတွဲစာရေးသူ ဖြစ်ခဲ့သလား) ဆိုတဲ့ အချက်ပါ။ Sources နဲ့ website အချို့က ဖော်ပြချက်အတော်များများမှာတော့ သူတို့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေရဲ့ နှုတ်စကား မှတ်တမ်း၊ စာပေးစာပြန် မှတ်တမ်း စသည်တို့ကို အခြေခံပြီး ဆွေးနွေးထားကြပါတယ်။ ထင်ရှားတဲ့ အချက်အချို့ကို ရွေးထုတ်ပြီးပြောရရင် ၁၉၀၁ ခုနှစ်တုန်းက Einstein ရဲ့ Mileva ကို ပေးစာတွေထဲမှာ “ငါတို့ရဲ့ အလုပ်၊ ငါတို့ရဲ့ သီအိုရီ” ဆိုပြီး သုံးနှုန်းထားပါတယ်။ Troemel Ploetz (Source. [5])   ကတော့ Einstein ရဲ့ Nobel ဆုကြေးငွေကို Mileva ဆီ လွှဲပေးတဲ့အပေါ် ရှုထောင့်တစ်မျိုးကနေ သုံးသပ်ပြထားပါတယ်။ တစ်ဖက်က ကွာရှင်းချက် သဘောတူညီမှုတွေကြောင့် ပေးရတာဖြစ်သလို အခြားတစ်ဖက်မှာတော့ Mileva ရဲ့ ပါဝင်ကူညီပေးမှု (contributions) တွေအတွက် သွယ်ဝိုက်ပြီး အသိအမှတ်ပြုတဲ့သဘောလည်း ဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။

အထက်ဖော်ပြပါ အချက်ကို ပံ့ပိုးတဲ့ အခြားအချက်တွေရှိပါသေးတယ်။ Albert Einstein ဟာ သင်္ချာပိုင်း စိတ်ဝင်စားမှုနည်းပါးခဲ့တယ်လို့ Einstein ရဲ့ ဆရာတစ်ဦးဖြစ်ခဲ့သူ သင်္ချာပညာရှင် Hermann Minkowsky ကနေ မှတ်ချက်ပြုဖူးပါတယ်။ နောက်ပြီး ၁၉၀၅ ခုနှစ်တစ်နှစ်တည်းမှာကို modern physics လောကအတွက် ထိရောက်တဲ့ publications ၄ စောင် ရေးခဲ့တာပါ။ အားလုံးဟာလည်း အရေးကြီးပြီး နက်နဲတဲ့ research တွေချည်းပါ။ အံ့ဖွယ်နှစ် (Miracle year) လို့တောင် ပြောစမှတ်တွင်ခဲ့ပါတယ်။ အဲ့နောက်ပိုင်း နှစ်တွေမှာတော့ အဆိုပါ စာတမ်းတွေနဲ့ ယှဉ်လို့ရတဲ့ publication မျိုးတွေ ထပ်မတွေ့ရတော့တဲ့အကြောင်း Troemel Ploetz [5] က သုံးသပ်ထားပါတယ်။ အဆိုပြုချက်ကတော့ သူ့ရဲ့ စာတမ်းတွေမှာ ၊ အထူးသဖြင့် သင်္ချာပိုင်းဆိုင်ရာမှာ Mileva ရဲ့ အကူအညီတွေ ပါနေနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တခု ရှိပါသေးတယ်။ ဒါကတော့ Mileva ဟာ သူ့အမျိုးသား Einstein ရဲ့ အောင်မြင်မှုဟာ သူ့ရဲ့ အောင်မြင်မှုပဲလို့ ခံယူပါတယ်တဲ့။ ဒီအချက်ကို ၁၉၀၇ ခုနှစ်မှာ သူတို့လင်မယားနှစ်ယောက်ရယ် Paul Habicht တို့ရယ် အတူတကွ အသေးစား လျှပ်စစ် တိုင်းစက်ကလေး ကို တည်ဆောက်ပြီး patent လုပ်ခဲ့ကြပါတယ်။ Einstein-Habicht (Patent No. 35693) ဆိုတဲ့ နာမည်နဲ့ပါ။ Mileva ဟာ သူ့ရဲ့နာမည်ကို ဘာ့ကြောင့် မထည့်ခဲ့တာလဲဆိုပြီး Habicht ရဲ့ ညီအကိုတွေက မေးတော့ ‘ဘာလို့ထည့်ရမှာတုန်း ။ ငါတို့ဟာ နာမည်တခုတည်းပဲလေ’ ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ Trbuhovic-Gjuric ရဲ့ စာမှာ ဖော်ပြထားပါတယ်။ ခက်တာက အတော်များများမှာ နှုတ်စကားတွေ ဖြစ်နေခဲ့သလို Mileva ရဲ့ အထုပ္ပတ္တိ မူရင်း (Serbian ဘာသာဖြင့်) ကိုလည်း ရှာဖွေလို့ မရတော့တဲ့အကြောင်း Troemel Ploetz ရဲ့ article ထဲမှာ ထောက်ပြထားပါတယ်။ ဒါ့ကြောင့် အဆိုပါ contribution ကိစ္စ၊ co-authorship ကိစ္စတွေဟာ (စာရေးသူသိသလောက်တော့) အငြင်းပွားဖွယ်အချက်တွေပဲ ဖြစ်ပါတယ်။

 

 

ပုံ-၅၊ ၆။ Memorials for Mileva Marić (Source. wikipedia[1])

ကဲ ဆောင်းပါးလည်း အတော်လေးရှည်သွားပြီ။ နိဂုံးချုပ်ပြောရမယ်ဆိုရင် Mileva ဟာ ထက်မြက်ပြီး အတော်လေး စိတ်ဓာတ်ပိုင်းမှာ strong ဖြစ်တဲ့သူတစ်ယောက်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အိမ်ထောင်ရေးကြောင့် တစ်ဖက်မှာ သူမ နှစ်သက်တဲ့ academic ပိုင်း အလုပ်ကို စွန့်လွှတ်ခဲ့ရသလို အခြားတစ်ဖက်မှာလည်း သူမ လိုလားတဲ့ သာယာတဲ့ အိမ်ထောင်ရေးမျိုး မရရှိခဲ့ပါ။ နောက်ပြီး ကလေးနှစ်ယောက်ကို တောက်လျှောက်ကြည့်ရှုခဲ့တာကလည်း သူမပါပဲ။ ဒီလို သူမရဲ့ ဘဝကို ရုန်းကန်နေရတဲ့အချိန်မှာ Einstein ကတော့ ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ရှိနေခဲ့တဲ့အပြင် ဒီကျော်ကြားမှု အသီးအပွင့်တွေကို Einstein နဲ့အတူ စံစားခဲ့သူဟာလည်း သူမ မဟုတ်နေခဲ့ပါ (၁၉၂၁ နိုဘယ်လ်ဆု ရရှိတဲ့အချိန်မှာ Einstein ဟာ Elsa နဲ့ လက်ထပ်ပြီး ဖြစ်ပါတယ်)။ Troemel Ploetz ကတော့ သူ့တဲ့ article ထဲမှာ ‘အကယ်၍များ Mileva ဟာ Albert Einstein နဲ့သာမတွေ့ခဲ့ဘူးဆို သူ့ရဲ့ ဒီပလိုမာရော ၊ PhD ပါ ရသွားနိုင်တယ်’ လို့ ဆိုထားပါတယ်။ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ သူမတက်ရောက်ခဲ့တဲ့ကျောင်းတွေ (အထက်တန်းကျောင်းနဲ့ Novi Sad က တက္ကသိုလ်ဝင်းထဲမှာ) သူမရဲ့ ရုပ်တုပိုင်း (ပုံ-၅) ကို ထားရှိခဲ့ကြတယ်။ သူမရဲ့ နောက်ဆုံးအချိန်တွေမှာ ရှိခဲ့တဲ့ Zurich က ဆေးခန်းအိမ်ရှေ့မှာလည်း အထိမ်းအမှတ်ပြား (memorial plate) ကို ထားရှိခဲ့ကြတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Zurich က သင်္ချိုင်းမှာ အထိမ်းအမှတ်အုတ်ဂူလေးတစ်ခု (ပုံ-၆) ကို သူမအတွက် တည်ဆောက်ပေးခဲ့ကြပါတယ်။

မနက်ဖြန် (၁၉ ဒီဇင်ဘာ) ဟာ Mileva Maric ရဲ့ မွေးနေ့လည်း ဖြစ်တာမို့ ဒီဆောင်းပါးလေးနဲ့ သူ့ကို ဂုဏ်ပြုအပ်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ….

ကိုးကား

[1] https://en.wikipedia.org/wiki/Mileva_Mari%C4%87

[2] https://en.wikipedia.org/wiki/ETH_Zurich

[3] Gagnon, P., 2016, The Forgotten Life of Einstein’s First Wife.

[4] Trbuhovic-Gjuric, Desanka., 1983. Im Schatten Albert Einsteins: Das tragische Leben der Mileva Einstein-Maric (In the Shadow of Albert Einstein: The Tragic Life of Mileva Einstein Maric). Bern: Paul Haupt.

[5] Troemel-Ploetz, S., 1990, Mileva Einstein-Marić: The woman who did Einstein’s mathematics.

[6] Thomas Huonker, Diagnose: «moralisch defekt» Kastration, Sterilisation und «Rassenhygiene» im Dienst der Schweizer Sozialpolitik und Psychiatrie, (Diagnosis: “morally defective” castration, sterilization and “racial hygiene” in the service of Swiss social policy and psychiatry) 1890–1970 (2003) Archived 2 October 2016 at the Wayback Machine, Zürich; accessed 3 February 2017. (in German)