Motion နဲ့ပတ်သက်ပြီးတော့ ကိုးတန်းရူပဗေဒမှာ အကျယ်တဝင့်သင်ကြားခဲ့ရတယ်။ ကျွန်တော်ကတော့ အဲဒီ Motion အခန်းကို ရူပဗေဒရဲ့ နှလုံးသားလို့တောင် တင်စားချင်တယ်ဗျ။ ဘာ့ကြောင့်လဲဆိုတော့ ရှေးရှေးကပညာရှင်တွေဟာ အဲဒီ Motion နဲ့ပတ်သက်ပြီးတော့ တစိုက်မတ်မတ် လေ့လာခဲ့ကြတယ်။ အရစ်စတိုတယ်လ်၊ ဂယ်လီလီယို၊ ကတ်ပလာ၊ အိုင်းဆက်နယူတန် စတဲ့ပညာရှင်ပဂေးတွေဟာ Motion အကြောင်းကိုလေ့လာရင်း ရူပဗေဒလို့ခေါ်တဲ့ပညာရပ်ကြီးကို ပျိုးထောင်ပေးခဲ့ကြတယ်။ ဒါ့ကြောင့် ကျွန်တော်ကတော့ “ရူပဗေဒအစ Motion က” လို့တောင်ပြောလိုက်ချင်သေးတယ်။ အမှန်တကယ်လည်း Universe ထဲမှာရှိတဲ့အရာရာတိုင်းဟာရွေ့လျားမှုနဲ့ မကင်းကြဘူး။ Big Bang လို့ခေါ်တဲ့ မဟာပေါက်ကွဲမှုကြီးကနေ စတင်ပြီးတော့ ယနေ့ထိ အရာရာတိုင်းဟာရွေ့လျားမှုနဲ့ ခရီးဆက်နေကြရတယ်။ ဒါ့ကြောင့် Universe အကြောင်းလေ့လာနေတဲ့ ရူပဗေဒဘာသာရပ်ရဲ့နှလုံးသားဟာ Motion လို့အမည်တပ်လိုက်ရင်ဖြင့် ကျွန်တော်ကတော့ ဒါဟာသင့်တော်တဲ့အမည်ပေးခြင်းတစ်ခုလို့ မြင်တယ်ဗျ။

ကဲ….ဒါဆို …Motion ဆိုတာ ဘာလဲလို့ မတွေးမိဘူးလား။

ဟာ……Motion ဆိုတာဘာလဲဆို …. ရွေ့လျားမှု ပေါ့ကွာ … လို့လွယ်လွယ်တွေးတောကောင်းတွေးတောနေပါလိမ့်မယ်။

အမှန်ကအဲလောက်ထိ မရိုးရှင်းပါဘူး။ ကဲ … ကျွန်တော် ဒီလိုလေးထပ်မေးလိုက်မယ်။ လမ်းရှေ့ကလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ လူကြီးကရွေ့နေသလားလို့ ထပ်မေးလိုက်မယ်။

ဟ…ဒီလူကြီးနဲ့တော့ ခက်နေပြီ…လက်ဖက်ရည်သောက်နေတယ်ဆိုမှ မတ်တပ်ကြီးလမ်းလျှောက်ပြီးတော့ ဘယ်သောက်ပါ့မလဲ…ထိုင်သောက်နေမှသင့်တော်မှာပေါ့….ထိုင်သောက်နေမှတော့ ဘယ်လိုလုပ်ရွေ့နေမှာလဲကွာ… စသည်ဖြင့် အများစုကအဖြေပေးကြပါလိမ့်မယ်။

ဒါပေမယ့် ကျွန်တော်ကတော့ရွေ့နေတယ်လို့ ချက်ခြင်းတိတိကျကျပြောနိုင်တယ်။ ဘာ့ကြောင့်လဲတော့ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ ဒီအတိုင်း တစ်နေရာတည်းမှာ တည်ရှိနေတဲ့အရာမဟုတ်မှန်း ကျွန်တော်သိထားတယ်။ တနည်းဆို…တစ်မိနစ်မှာ19 မိုင်နှုန်းနဲ့ the sun လို့ခေါ်တဲ့ သာမန်အလယ်အလတ်အရွယ်အစားရှိတဲ့ ကြယ်ကြီးကိုဦးတည်လည့်ပတ်နေမှန်း ကျွန်တော်သိထားတယ်။ ဒါ့ကြောင့် လက်ဖက်ရည်ထိုင်သောက်နေတဲ့ ဦးလေးကြီးရဲ့တစ်မိနစ်မှာရှိတဲ့အမြန်နှုန်းဟာ 19 မိုင်နှုန်း မှန်းကျွန်တော်သိထားတယ်။

ကဲ..အခု..ကျွန်တော်ကရွေ့နေတယ်လို့ပြောရင်ငြင်းရဲတော့မလား။ ဒါပေမယ့် ခက်တာက ရွေ့ပေမယ့် ရွေ့နေမှန်း ကျွန်တော်တို့မခံစားကြရဘူး။တစ်မိနစ် 19 မိုင်နှုန်းဆိုတာနည်းတဲ့ Speed လည်းမဟုတ်ဘူး။ ဒါဆို ကျွန်တော်တို့ ဘာ့ကြောင့် ရွေ့လျားနေတယ်လို့မခံစားကြရတာလဲ။ ဟဟ…ခပ်ရှင်းရှင်းပြောရရင်…အဲလို…. ရွေ့လျားနေတယ်လို့ မခံစားရတာကိုက ရွေ့လျားမှုရဲ့ Propertity (ဂုဏ်သတ္တိ) တစ်ခုဖြစ်နေလို့ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ရွေ့လျားမှုဆိုတာ နှိုင်းရဖြစ်စဉ် (Relative Process) ဖြစ်တယ်။ ဆိုလိုချင်တာကတော့…ရွေ့လျားမှု ဆိုတာတစ်ခုခုနဲ့ နှိုင်းမှထင်ရှားတဲ့သဘောရှိတယ်။ အပေါ်က ဥပမာနဲ့ချိတ်ဆက်စဉ်းစားကြည့်ရင်….လက်ဖက်ရည်သောက်နေတဲ့ လူကြီးရွေ့နေတယ်လို့မခံစားရတာ ကမ္ဘာကြီးရဲ့ရွေ့လျားမှုကိုနှိုင်းယှဉ်မယ့် နှိုင်းရပစ္စည်းတစ်ခု ကမ္ဘာကြီးထဲမှာရှိမနေလို့ပဲ။ ဒါပေမယ့် …. နောက်ထပ်ဂြိုဟ်တစ်ခုကလှမ်းကြည့်လိုက်ရင်တော့ ကျွန်တော်တို့ဟာ တစ်မိနစ်မှာ 19 မိုင်နှုန်းနဲ့ ရွေ့လျားနေကြတဲ့ အရွေ့ကောင်တွေပါ။ ဒါ့ကြောင့် ရွေ့လျားမှုဆိုတာ နှိုင်းရဖြစ်စဉ် … တနည်းအားဖြင့် ကြည့်သူရဲ့အမြင်ဘောင်မှာ မူတည်ပြောင်းလဲနေတဲ့ ဖြစ်စဉ်ပေါ့ဗျာ။ တဖြည်းဖြည်း အတွေးဆန့်ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ မရပ်တန့်သူတွေပါ … အမြဲတမ်းသွားနေရတဲ့သူတွေ … တနည်းအားဖြင့် သံသရာစက်ဝန်းထဲမှာ တဝဲလည်လည်သွားလာနေရတဲ့ ထာဝရခရီးသွားတွေပါ။ ကဲ……ရွေ့လျားမှုရဲ့သဘောကို နားလည်သွားရင် ရွေ့လျားမှုကို သရုပ်ဖော်ထားတဲ့ ဇာတ်ကောင်တွေအကြောင်းကို လေ့လာရမယ်။ အဲဒီဇာတ်ကောင်တွေကတော့ Speed (အမြန်)၊ Velocity(အလျင်)၊ Acceleration(အရှိန်) နဲ့ Momentum (အဟုန်) တို့ပါပဲ။

Distance (အကွာအဝေး) & Speed (အမြန်နှုန်း)

အမြန်နှုန်းအကြောင်းကိုမစဉ်းစားခင် အကွာအဝေးရဲ့အဓိပ္ပါယ်ကို အရင်နားလည်အောင် ကြိုးစားရလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အကွာအဝေးအကြောင်းကို အရင်နားလည်မှ အမြန်နှုန်း(Speed)ကို နားလည်ဖို့လွယ်ကူသွားလိမ့်မယ်။ ပြောရရင်…..အကွာအဝေး (distance) သဘောကို လူတိုင်းလည်းနားလည်ကြပါတယ်။ ဥပမာ – “နေမင်းကြီးနှင့် ပရောဆီမာ စင်တော်ရီ (Proxima Centauri) ကြယ်ကြီးဟာ အလင်းနှစ် 4.2 ရှိတယ်ကွ … ငါတို့အိမ်ဟာ ကျော်ကျော်ရဲ့အိမ်ကနေ 2 မိုင် အကွာမှ ာရှိတယ်” စသဖြင့်ပြောဆိုနေကြတာဟာ အကွာအဝေးသဘောကိုရည်ညွှန်းနေကြတာပါ။ ဆိုတော့…….လူတစ်ယောက်ဟာတစ်နာရီမှာ 20မိုင်နှုန်းနဲ့ ခရီးသွားနေတယ်ဆိုပါစို့။ အဲဒါကို ကျွန်တော်က အဲဒီ 20 မိုင်နှုန်းနဲ့သွားနေတဲ့လူဟာ  10 နာရီအကြာမောင်းသွားရင် ခရီးအကွာဝေးဘယ်လောက်များများကို ရောက်ရှိသွားမလဲလို့မေးလိုက်ရင်…ဖတ်ရှုသူအနေနဲ့…ဟာ…အဲဒါ လွယ်လွယ်လေးပေါ့ကွာ…သူကတစ်နာရီ 20 မိုင်နှုန်းနဲ့သွားနေတယ်ဆိုတော့ 10 နာရီအကြာခရီးသွားခြင်းအတွက် ပေါက်ရောက်မယ့် အကွာအဝေး(Distance) ကိုလိုချင်ရင် အမြန်နှုန်း (Speed) နှင့် ကြာချိန် (time taken) ကို မြှောက်လိုက်ရင်ပြီးပြီပေါ့ကွာ…ဟုတ်ပါတယ်…မှန်တာပေါ့

Distance (အကွာအဝေး) = အမြန်နှုန်း (Speed) × ကြာချိန် (time taken) = 20 mi/h × 10 h = 200  mile

ဆိုတော့….Distance ကိုလိုချင်ရင် … \displaystyle d = v \times t  လို့ကောက်ချက်ချနိုင်ပြီပေါ့။ (v = speed, d = distance,  t = time taken)

တကယ်လို့ အဲဒီ \displaystyle d = v \times t  ကနေ v လိုချင်ရင်  \displaystyle v = d/t လို့ဖြစ်သွားမှာပေါ့။ဒါ့ကြောင့် ကျွန်တော်တို့ဟာ Speed ကိုတွက်ထုတ်တဲ့ အခါ  \displaystyle v = d/t ပုံသေနည်းကိုအသုံးပြုကြပါတယ်။ အဓိပ္ပါယ်ကတော့…Speed ဆိုတာ အချိန်တစ်ယူနစ်အတောအတွင်းမှာရောက်ရှိသွားတဲ့ ခရီးအကွာအဝေးလို့ ဆိုလိုလိုက်တာပါ။ ပြီးတော့ ကျွန်တော်ဆိုလိုတဲ့အချိန်တစ်ယူနစ်ဆိုတာ တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ စသည်ဖြင့် ပုံစံအစုံ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Displacement (အရွေ့) & Velocity (အလျင်)

အပြီးမသတ်နိုင်သေးတဲ့ Motion ရဲ့အရှုပ်တော်ပုံက ခုမှစပါတယ်။ ဘယ်က စ သလဲဆိုတော့ Displacement ကနေ စ ပါတယ်။ အရွေ့ဆိုတာ ဘာလဲ လို့ အတွေးတစ်ချက်ဝင်လိုက်တိုင်း Distance နဲ့ရောထွေးမသွားဖို့အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်အခုပြောမယ့် အရွေ့ဟာလည်း Distance ပါပဲ။ ဟာ..ဒါဆို Displacement လို့မသုံးပဲ distance လို့သုံးနှုန်းလိုက်ရင်ပြီးပြီပေါ့ဗျာ လို့ တွေးကောင်းတွေးနေလိမ့်ပါမယ်။ အဲလိုလည်း မဟုတ်သေးဘူးဗျ…တစ်ချက်တော့ကွာတယ်။ အဲဒါက…ဘာလဲဆိုတော့ ဦးတည်ဘက် (direction) ပါပဲ။ ဒါ့ကြောင့်လည်း အရွေ့ (displacement) ဆိုတာ ဦးတည်ဘက်ပါတဲ့ အကွာအဝေး ကိုဆိုလိုခြင်းပါ။

ဥပမာ –  “3 မိုင်” ဆိုတာ distance ကိုဆိုလိုပြီးတော့ “အရှေ့ဘက်သို့ 3 မိုင်” ဆိုတာ Displacement ကိုပြောတာပါ။

ဆိုတော့…ဦးတည်ဘက်ပါတာနဲ့ ဘာများကွာသွားတာလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့…အများကြီးကွာသွားပါတယ်။ ဦးတည်ဘက်ပါသွားတဲ့အတွက်…ဟိုကောင်.. displacement ဟာ Vector Quantity ဖြစ်သွားပြီ။ Vector Quantity ဖြစ်သွားတဲ့အတွက် Scalar Quantity တွေကိုပေါင်းသလို ကိန်းဂဏန်းတွေကိုပဲ သက်သက်ပေါင်းလို့မရတော့ပါဘူး။ Direction တွေကိုပါ ထည့်စဉ်းစားလာရတယ်။ မြင်သာအောင် ဥပမာလေး ပေးကြည့်ပါမယ်။

မြမြရဲ့အိမ် နှင့် ရွာဦးဘုန်းကြီးကျောင်းဟာ တစ်မိုင်ဝေးတယ်ဆိုပါစို့။ မြမြဟာဘုန်းကြီးတွေကိုဆွမ်းပို့ပြီးတော့ အိမ်ကိုပြန်လာတယ်ဆိုရင်…သူ့အတွက်အကွာဝေးနှင့် အရွေ့တန်ဖိုးဟာဘယ်လောက်ရှိမလဲ စဉ်းစားကြည့်ကြမယ်။ ဘုန်းကြီးကျောင်းသွားပြီး အိမ်ကိုပြန်လာတယ်ဆိုတော့ သူ လျှောက်ခဲ့ရတဲ့အကွာအဝေးဟာ 2 မိုင် ဖြစ်ပါလိမ့်မယ်(အသွားအပြန်ကိုး)။ ဒါပေမယ့် သူ့အတွက် အရွေ့တန်ဖိုးကတော့ Zero ပါပဲ။ ဟယ်…သုည ကဘယ်လိုဖြစ်သွားတာတုန်း။ ဒီလိုပါ…အိမ်ကနေ ဘုန်းကြီးကျောင်း၊ ဘုန်းကြီးကျောင်းကနေအိမ်ဆိုတော့ မြမြသွားခဲ့တဲ့ Direction တွေဆန့်ကျင်ဘက်ဖြစ်နေတယ်။ Direction ဟာဆန့်ကျင်ဘက် (Opposite) ဖြစ်နေရင် Vector Rules တွေအရ ပမာဏ (magnitude) တွေကိုနုတ်ပေးရတယ်။

ဆိုတော့….အသွား တစ်မိုင်ကနေ အပြန်တစ်မိုင်ကိုနုတ်လိုက်ရင် အရွေ့တန်ဖိုး သုညဖြစ်သွားပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ အရွေ့တန်ဖိုးလိုချင်ရင် direction ကိုပါထည့်စဉ်းစားရလို့ပဲ။ ဒါဆို ဘယ်လောက်ပဲသွားသွား စမှတ်နှင့်ဆုံးမှတ်တူနေရင် (သို့) တည်နေရာပြောင်းလဲခြင်းမရှိရင် အရွေ့ကတော့ သုည ပါပဲ။ ဒါ့ကြောင့်လည်း အရွေ့ကိုတည်နေရာပြောင်းလဲခြင်းလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ အဲဒီအရွေ့ကို s နဲ့သင်္ကေတပြုတယ်။

အင်း…အရွေ့အကြောင်းနားလည်ရင် Velocity ကိုရှေ့ဆက်လို့ရပါပြီ။ Speed ဆိုတာ အချိန်တစ်ယူနစ် အတွင်းပေါက်ရောက်တဲ့ခရီးအကွာအဝေးဆိုရင် Velocity ကို တော့အချိန်တစ်ယူနစ်အတွင်းရွေ့သွားတဲ့ တည်နေရာပြောင်းလဲခြင်းလို့ အဓိပ္ပါယ်ဖွင့်ရလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အရွေ့ဆိုတာ အကွာအဝေးနှင့် ဦးတည်ဘက်နှစ်ခုလုံးပါတဲ့ကောင်…တနည်းအားဖြင့်

Displacement = Distance + Direction ပါပဲ။

ဆိုတော့ Displacement ကိုကြာချိန် နဲ့စားလိုက်ရင်

\displaystyle \frac{s}{t}=\frac{d}{t}+\text{direction} ဖြစ်သွားမယ်။

ပြီးတော့ …. Velocity ရဲ့ ဖွင့်ဆိုချက်အရ s/t ဆိုတာအချိန်တစ်ယူနစ်အတွင်း ရွေ့သွားမယ့် တည်နေရာပြောင်းလဲခြင်း။ ဒါ့ကြောင့် s/t ဟာ Velocity (v) ပါပဲ။ ပြီးတော့ d/t ဆိုတာ Speed ကိုပြောတာ။ ဆက်ရှင်းလိုက်ရင် …

\displaystyle \text{Velocity } \frac{s}{t} = \text{Speed } \frac{d}{t} + \text{Direction}

ဖြစ်သွားမယ်။

ဆိုတော့ Velocity ရဲ့အဓိပ္ပါယ်ကို အလွယ်ကူဆုံး ခပ်ရှင်းရှင်းဖွင့်ဆိုရရင် ဦးတည်ဘက်ပါတဲ့အမြန်နှုန်းလို့ ဖွင့်ဆိုရလိမ့်မယ်။ ရိုးရိုးအမြန်နှုန်းမဟုတ်ဘူး…ဦးတည်ဘက်ပါတဲ့အမြန်နှုန်း။

ရိုးရိုးအမြန်နှုန်းဆိုတာ Speed… ဦးတည်ဘက်ပါတဲ့အမြန်နှုန်းဟာ Velocity လို့မှတ်ထားရင်အဆင်ပြေပါတယ်။

ဆိုပါတော့ လူတစ်ယောက်ဟာ တစ်နာရီမှာ 2 မိုင်နှုန်းနဲ့ လမ်းလျှောက်နေတယ်ဆိုတာ Speed ကိုပြောတာ။ ဒါပေမယ့် လူတစ်ယောက်ဟာ အရှေ့ဘက်သို့တစ်နာရီမှာ 2 မိုင်နှုန်းနဲ့ လမ်းလျှောက်နေတယ်ဆိုရင် Velocity ဖြစ်သွားပြီ။ ဦးတည်ဘက်ပါတာနဲ့ ဘာထူးသွားမှာလဲလို့မေးရင်တော့ ထပ်မပြောတော့ဘူးနော်။ ဒါ့ကြောင့်လည်း Speed က Scalar Quantity ဖြစ်ပြီးတော့ Velocity က Vector Quantity ဖြစ်သွားတယ်။ အဲဒီ Velocity ကိုထပ်မံခွဲခြားကြည့်လိုက်ရင် Constant Velocity နှင့် Average Velocity ဆိုပြီးနှစ်မျိုးရလာပါတယ်။

ကဲ…Constant Velocity ကို အရင်လေ့လာကြည့်မယ်။ Constant Velocity ကိုမြန်မာလိုအနက်ကောက်ရင် ကိန်းသေအလျင်လို့ရပါတယ်။ ကိန်းသေအလျင်ဖြစ်ဖို့အတွက် Speed နဲ့ Direction ဟာကိန်းသေဖြစ်ရပါတယ်။ လမ်းခရီးတစ်လျှောက် ပြောင်းလဲသွားလို့မရပါဘူး။ ဥပမာ-လူတစ်ယောက်ဟာအရှေ့ဘက်သို့ တစ်နာရီ 3 မိုင်နှုန်းနဲ့လမ်းလျှောက်သွားတယ်ဆိုရင် ခရီးဆုံးတဲ့အထိ အဲဒီ ဦးတည်ဘက်၊ အဲဒီအမြန်နှုန်းနဲ့ပဲ သွားရပါလိမ့်မယ်။ အဲ့လိုသွားနိုင်မှ ကိန်းသေအလျင်နဲ့ သွားနေတယ်လို့ပြောလို့ရပါမယ်။ အမြန်နှုန်းက ကိန်းသေဖြစ်နေပေမယ့် ဦးတည်ဘက်က နည်းနည်းပြောင်းသွားရင်လည်း ကိန်းသေအလျင်မဖြစ်တော့ပါဘူး။

ကဲ … Average Velocity အကြောင်း ထပ်စဉ်းစားကြည့်ကြမယ်။ Average ဆိုတာကတော့ ပျမ်းမျှသဘောကို ဆိုလိုတာပါ။ Average Velocity ဆိုတော့ ပျမ်းမျှအလျင်ပေါ့။ ကျွန်တော်တို့ငယ်ငယ်ကတည်းက သင်ကြားခဲ့ကြရပါတယ်။ ပျမ်းမျှခြင်းကိုလိုချင်ရင် စုစုပေါင်းကိုတည် အရေအတွက်နဲ့စားလို့ …အဲလို…ထပ်ကာထပ်ကာအော်ခဲ့ကြရတယ်။ ခုတော့ တော်တော်လည်း အသုံးဝင်လာတယ်။ Average လို့ဆိုလိုက်ကတည်းက Speed ဟာ ကိန်းသေမဖြစ်နိုင်တော့ပါဘူး။ သဘောက လမ်းခရီးအဆုံးအထိ ကိန်းသေအမြန်နှုန်းနဲ့ သွားဖို့မဖြစ်နိုင်တော့ဘူး။ ဥပမာပေးရရင် လမ်းခရီးကကြမ်းတမ်းမယ်ဆိုရင်ပေါ့။  လက်တွေ့သာနားလည်ချင်ရင်တော့ မဖွံ့ဖြိုးသေးတဲ့ နယ်ဘက်တွေမှာ ဆိုင်ကယ်သာမောင်းကြည့်လိုက်ပါ 😁😁။ တောင်စောက်စောက်တွေ့ရင် အမြန်နှုန်းမြင့်လိုက်၊ အဆင်းဘက်ကျရင် အမြန်နှုန်းလျှော့လိုက်၊ ကျောက်ခဲလွတ်များတဲ့နေရာမှာဆို အမြန်နှုန်းလျှော့လိုက်၊ လမ်းကောင်းတဲ့နေရာရောက်ရင် အမြန်နှုန်းတင်လိုက်နဲ့ အများစု ဆိုင်ကယ်စီးဖူးကြမှာပါ။ အဲလိုမောင်းနေရင် အမြန်နှုန်းက ကိန်းသေမဟုတ်တော့ဘူး…တည်နေရာလိုက်ပြီးပြောင်းလဲပေးရတယ်။ ဆိုတော့…သူသွားခဲ့တဲ့ ခရီးအတွက် အမြန်နှုန်းတစ်ခုကိုလိုချင်တယ်ဆိုရင် …. ဟော …. ခက်ပြီ။ တိကျတဲ့အမြန်နှုန်းတစ်ခုကို ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ပျမ်းမျှအလျင်ကိုသာ ပေးနိုင်ပါလိမ့်မယ်။

\displaystyle \text{Average velocity} = \frac{\text{displacement}}{\text{change in time}}

\displaystyle v_{\text{avg}} = \frac{\Delta d}{\Delta t}

Acceleration (အရှိန်)

အရှိန်အကြောင်းကို နားလည်ချင်တယ်ဆိုရင်တော့ နယူတန် ရဲ့ Laws of Motion (ရွေ့လျားမှုနိယာမ) သုံးခု ထဲက Second Law ကိုအရင်လေ့လာရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ Law က သက်ရောက်အားနှင့် ရွေ့လျားမှုတို့ကို ဆက်စပ်ပေးနေလို့ပါ။ သူ့ရဲ့ဖွင့်ဆိုချက်က ဒီလို mass (ဒြပ်ထု )ရှိတဲ့အရာတစ်ခုကို အားသက်ရောက်ရင် အဲဒီ အားသက်ရောက်မှုကြောင့် အရှိန် ဖြစ်လာပါမယ်တဲ့…ပြီးတော့ အဲဒီ ရွေ့လျားမှုအရှိန်နဲ့ သက်ရောက်အားတို့ဟာ တိုက်အချိုးကျတယ်တဲ့ဗျ။ ကျွန်တော် သိစေချင်တာကတော့ အားသက်ရောက်ရင် အရှိန်ရှိတယ်…အရှိန်ရှိရင်အားသက်ရောက်မှုရှိတယ် ဆိုတာပါပဲ။

အားသက်ရောက်ရင် အရှိန်ရှိတယ်…အရှိန်ရှိရင်အားသက်ရောက်မှုရှိတယ်

ဆိုတော့…တစ်ဆင့်တက်ပြီး ထပ်စဉ်းစားကြည့်လိုက်ရင် အားသက်ရောက်ရင် အမြန်နှုန်းနှင့် ဦးတည်ဘက်နှစ်ခုထဲက တစ်ခုခုဟာပြောင်းကိုပြောင်းသွားတယ်။ မြင်သာအောင် ဥပမာပေးရရင်…ဆိုင်ကယ်မောင်းတယ်ဆိုပါစို့…လီဗာကိုအားသက်ရောက်ရင် ဆိုင်ကယ်မြန်သွားမယ် သို့မဟုတ် ဆိုင်ကယ်ရဲ့ ရွေ့လျားမှုနှေးသွားမယ်။

ကဲ…အဲဒါဘာ့ကြောင့်လဲ…ဘာ့ကြောင့်လဲဆိုတော့ အားသက်ရောက်လို့ပေါ့။ တနည်းအားဖြင့် အားသက်ရောက်ခြင်းကြောင့် အမြန်နှုန်းပြောင်းသွားတယ်ပေါ့။ တကယ်လို့ ဆိုင်ကယ်ကိုကွေ့လိုက်ရင် ဘာဖြစ်သွားမလဲ…ဘာဖြစ်သွားလဲဆိုတော့ ခန္ဓာကိုယ်လည်း ဘေးဘက်ကို ကွေ့သွားမယ် (ကားစီးရင်ပိုသိသာပါတယ်)။ အဲလို body တစ်ခုလုံးကွေ့သွားတာ အားသက်ရောက်လို့ပါပဲ။ တနည်းအားဖြင့် ဆိုင်ကယ်ကို ကွေ့လိုက်တယ်ဆိုတော့ Direction ကိုပြောင်းလိုက်တဲ့သဘော…အကျိုးဆက်အနေနဲ့ Direction ပြောင်းခြင်းကြောင့် Body လည်းဘေးဘက်ကိုကွေ့သွားတယ်။ ဆိုတော့…အားသက်ရောက်ခြင်းကြောင့် Direction ပြောင်းသွားသလို…Direction ပြောင်းလဲခြင်းကြောင့် အားသက်ရောက်ခြင်းဖြစ်ပေါ်တယ်ပေါ့။

ကဲ…ဆိုတော့..အပေါ်ကနယူတန်ရဲ့ Second Law နဲ့စဉ်းစားကြည့်လိုက်ရင် အားသက်ရောက်ရင် အရှိန် ရှိတယ်…ပြီးတော့…ခုပြောထားတာက…အမြန်နှုန်း နှင့် ဦးတည်ဘက်ပြောင်းရင် အားသက်ရောက်မှုရှိတယ်လို့ ပြောထားတယ်။ ဆိုတော့ အပြန်အလှန်အားဖြင့် အမြန်နှုန်းနဲ့ ဦးတည်ဘက်ပြောင်းရင်အရှိန်ပြီပေါ့ဗျာ။ ပြီးတော့ Motion နဲ့ပတ်သက်တဲ့ Quantities တွေထဲမှာ Direction နှင့် Speed နှစ်လုံးပါတဲ့ Quantity က Velocity….ဒါ့ကြောင့် Speed ပြောင်းရင် အရှိန်ရှိတယ်၊ Direction ပြောင်းရင် အရှိန်ရှိတယ်လို့ပြောမယ့်အစား Velocity ပြောင်းရင် အရှိန်ရှိတယ်လို့ပြောတာ ပိုပြီးသင့်တော်တာပေါ့ဗျာ။ ဒါ့ကြောင့် Acceleration ရဲ့ အဓိပ္ပါယ်ကိုလည်း “Acceleration is the rate of change of velocity”လို့ဖော်ပြထားပါတယ်။ အဓိပ္ပါယ်ကတော့ Acceleration (အရှိန်) ဆိုတာ အချိန်တစ်ယူနစ်အတွင်းပြောင်းလဲသွားတဲ့ Velocity ခြားနားခြင်းနှုန်းပေါ့။

\displaystyle \text{Acceleration} = \frac{\text{change in velocity}}{\text{time taken}}

\displaystyle \text{Acceleration} = \frac{\text{final velocity} - \text{initial velocity}}{\text{time taken}}

\displaystyle a=\frac{v_f - v_i}{t} 

ရူပဗေဒဟာ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်လိုပါပဲ … သူ့ကိုအပေါ်ယံသက်သက် အပေါ့စား အဆင့်လေ့လာရင်တော့ … သူကလည်းပျင်းစရာကောင်းအောင် … စိတ်ရှုပ်စရာကောင်းအောင် တမင်လုပ်ပြတယ်။ ဒါပေမယ့် သူ့ကို လေးလေးနက်နက်နဲ့ သူ့ရဲ့နက်ရှိုင်းလှပမှုတွေကို နားလည်နိုင်ဖို့ … သရုပ်ဖော်နိုင်ဖို့ ကြိုးစားနေတဲ့ကောင်လေးတွေဆိုရင်တော့ သူ့ရဲ့ လျှို့ဝှက်ထားတဲ့ လှပဆန်းကြယ်မှုတွေကို ထုတ်ပြပြီးတော့ ဆွဲဆောင်တယ်။

ကဲ…Post လည်းရှည်နေပြီ။ ဒီလောက်ဆို Motion ရဲ့ဇာတ်ကောင်တွေအကြောင်း သိချင်သူတွေအတွက် အနည်းအကျဉ်းတော့ နားလည်သွားပြီလို့ယူဆပါတယ်။ အလုံးအစုံတော့မဟုတ်သေးဘူးပေါ့ဗျာ။ နိဂုံးချုပ်အနေနဲ့ အမှာတော်ပါးရရင် … ရူပဗေဒဟာ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်လိုပါပဲ … သူ့ကိုအပေါ်ယံသက်သက် အပေါ့စား အဆင့်လေ့လာရင်တော့ … သူကလည်းပျင်းစရာကောင်းအောင် … စိတ်ရှုပ်စရာကောင်းအောင် တမင်လုပ်ပြတယ်။ ဒါပေမယ့် သူ့ကို လေးလေးနက်နက်နဲ့ သူ့ရဲ့နက်ရှိုင်းလှပမှုတွေကို နားလည်နိုင်ဖို့ … သရုပ်ဖော်နိုင်ဖို့ ကြိုးစားနေတဲ့ကောင်လေးတွေဆိုရင်တော့ သူ့ရဲ့ လျှို့ဝှက်ထားတဲ့ လှပဆန်းကြယ်မှုတွေကို ထုတ်ပြပြီးတော့ ဆွဲဆောင်တယ်။ ပြီးတော့ ဆွဲဆောင်ခံရတဲ့ ကောင်လေးတွေဟာလည်း စွဲမက်သွားကြတယ်။ ကျွန်တော်ကတော့ စွဲလမ်းသွားခဲ့ပါပြီ။ ဟုတ်ကဲ့…ကျွန်တော် ဒီ post ကို ရွေ့လျားမှုအကြောင်းလာမေးတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ရေးပြထားတာပါ။ အချိန်မအားတဲ့ကြားကရေးပေးရတဲ့အတွက် ပြည့်စုံချင်မှလည်း ပြည့်စုံပါလိမ့်မယ်။ ဘာဖြစ်ဖြစ်…ဖတ်ရှုသူတွေအနေနဲ့ အသိနည်းနည်းတိုးသွားရင်ဖြင့် ကျွန်တော်ပင်ပန်းရကျိုးနပ်ပါတယ်။

 

ကျွန်တော့်ရဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို လေးစားဦးထိပ်ထားလျက်….ပညာဒါနပြုခြင်း…

 

ဆရာသောင်း

(Thaung Kyaw Oo)

 

ဆက်စပ်ဆောင်းပါး

ရှိတ်ခြင်းကို လက်တွေ့နည်းဖြင့် ရှုမြင်ခြင်း