ရူပဗေဒဆိုတာ သဘာဝရဲ့ ဆန်းကြယ်နက်နဲမှုတွေကို တိကျသေချာတဲ့သီအိုရီတွေနဲ့ ကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုပါ။ ဒါ့ကြောင့်လည်း ရူပဗေဒမှာ သီအိုရီတွေဟာ အရမ်းကို များပြားလွန်းလှပါတယ်။ တနေ့တခြား အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေအတွက် သီအိုရီအသစ်တွေဟာလည်း တိုးတိုးလာတယ်။ မရိုးနိုင်တဲ့အဆင့်ထိပါပဲ။  ဒါဆိုလူသားတွေဟာ ဘယ်အချိန်မှာ သီအိုရီရှာပုံတော်ကို အဆုံးသတ်နိုင်မလဲ……? ပြီးတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘယ်အချိန်ထိရှာဖွေနေကြဦးမှာလဲ….? သဘာဝရဲ့နက်နဲမှုတွေကကော မပြီးဆုံးနိုင်တော့ဘူးလား….? ဒါပေမယ့် လက်ရှိမှာတော့ Scientists တွေဟာ final theory အနေနဲ့ TOE ကို အကောင်အထည်ဖော်နေကြပါတယ်။

TOE ဆိုတာ Theory Of Everything ပါ … အရာရာတိုင်းရဲ့ သီအိုရီပေါ့။ ပြောရရင် သဘာဝကပေးတဲ့မေးခွန်းတိုင်း အတွက်အဖြေပေးနိုင်မယ့် နောက်ဆုံးသီအိုရီ။ အဲ့ဒီ TOE ဟာ ကွမ်တမ်သီအိုရီနဲ့ နှိုင်းရသီအိုရီကို ပေါင်းစည်းပေးဖို့ ကြံရွယ်နေတာပါ။ ဒီအကြံပေါက်မြောက်ရင်တော့ TOE ဟာ သဘာဝရဲ့ နောက်ဆုံးသီအိုရီဖြစ်လာမှာ အသေအချာပါ။ ဘာ့ကြောင့် အဲလိုကောက်ချက်ချပြီး ပြောနိုင်သလဲဆိုတော့ Universe ကိုအကျုဉ်းချုပ်လိုက်ရင် Quantum Theory (ကွမ်တမ်သီအိုရီ) နဲ့ Relativity Theory (နှိုင်းရသီအိုရီ) တို့ပဲရှိပါတယ်။ အဲ့ထက်အပိုဆိုတာမရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Quantum Theory ဆိုတာ ကျွန်တော်တို့ မျက်စိနဲ့မမြင်နိုင်တဲ့ အနုရုပ်လောကအကြောင်းကို ဖွင့်ဆိုပြထားတဲ့ ပညာရှင်အကျော်အမော်တွေရဲ့ စုပေါင်းလက်ရာ သီအိုရီတစ်ခုဖြစ်နေလို့ပါ။ Relativity Theory (နှိုင်းရသီအိုရီ) ဆိုတာကတော့ တကယ့်မဟာ့မဟာကြီးမားတဲ့ ရုပ်ဝတ္ထုတွေရဲ့ ရွေ့လျားမှုကိုရှင်းပြတဲ့ ပညာရှင်အိုင်စတိုင်းရဲ့ သီအိုရီဖြစ်နေလို့ပါ။ တကယ်လည်း Universe မှာရှိတဲ့အရာရာတိုင်းဟာ အသေးဆုံးသော အမှုန်အမွှားနဲ့ ဖွဲ့စည်းထားပြီး ကြီးမားတဲ့ရုပ်ကောင်တွေအနေနဲ့ Vacuum Space ထဲမှာ လွင့်စင်ရွေ့လျားနေကြတာပါ။ ဒါ့ကြောင့်လည်း အသေးဆုံးသောအရာတွေရဲ့အကြောင်းကို ဖွင့်ဆိုထားတဲ့သီအိုရီနဲ့ မဟာ့ရုပ်ဝတ္ထုကြီးတွေရဲ့အကြောင်းကိုရှင်းပြထားတဲ့ သီအိုရီကို ပေါင်းစည်းဖို့ကြံရွှယ်နေတဲ့ TOE ဟာ သဘာဝရဲ့ နောက်ဆုံးသီအိုရီပဲဖြစ်လာမှာအသေအချာပါ။ ကျွန်တော် အခုလို နိဒါန်းပျိုးနေရတာဘာ့ကြောင့်လဲဆိုတော့ ကွမ်တမ်သီအိုရီနဲ့ နှိုင်းရသီအိုရီတွေဟာ အရမ်းကို သိမ်မွေ့နက်ရှိုင်းပြီး သဘာဝရဲ့ဖြစ်တည်မှုအတွက် အဓိကထောက်တိုင်နှစ်ခုဆိုတာကို မြင်စေချင်လို့ပါ။ ဒါပေမယ့် ကျွန်တော်ဒီဆောင်းပါးမှာ ကွမ်တမ်သီအိုရီအကြောင်းကိုပဲ နားလည်သလောက်ရှင်းပြမှာပါ။ ပထမဆုံး ဒီဆောင်းပါးဖြစ်လာဖို့ ကျွန်တော့်ကိုမေးခွန်းထုတ်ခဲ့တဲ့ ကို yp ကိုကျေးဇူးအရမ်းတင်ပါတယ်ဗျာ။ ကျွန်တော် Photoelectric effect အကြောင်းလေးရေးတော့ Nucleus ကို electron လေးတွေကလှည့်ပတ်နေတယ်လို့ ခပ်လွယ်လွယ်လေးပြောခဲ့တယ်။ ဒါပေမယ့် ဒီအကြောင်းကိုအသေးစိတ်ကြည့်လိုက်ရင် အရေးကြီးတဲ့မေးခွန်းတစ်ခုဝင်လာတယ်။ အဲဒါကဘာလဲဆိုတော့ အီလက်ထရွန်တွေက Nucleus ကိုလှည့်ပတ်တာတော့ ဟုတ်ပါပြီ … ဒါဆို ဘယ်ပုံဘယ်နည်းနဲ့လှည့်နေတာတုန်း …? ဒီမေးခွန်းက အရမ်းမေးသင့်တဲ့မေးခွန်းပါ။ ကျွန်တော် ကြားဖြတ်လို့ပြောရရင် ဒီမေးခွန်းရဲ့အဖြေဟာ ကွမ်တမ် ဘာလဲဆိုတဲ့မေးခွန်းရဲ့အဖြေပါပဲ။ ကဲ…ကွမ်တမ်အကြောင်းကိုစပြောရရင်တော့ ဂျာမန်ရူပဗေဒပညာရှင်ကြီး မက်(စ်)ပလန့် ကို ဘေးဖယ်ထားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပလန့်ဟာ ကွမ်တမ်သီအိုရီရဲ့ လက်ဦးဖခင်မို့လို့ပါ။ ကွမ်တမ် ဆိုတဲ့စကားလုံးလေးကိုလည်း ပလန့်ကပဲ ရူပဗေဒနယ်ပယ်ထဲကို ပစ်သွင်းခဲ့တာပါ။ ရှေးကသိထားတဲ့သီအိုရီတွေအရ စွမ်းအင်ဆိုတာ တစ်ဆက်တည်း (Continuous) သဘောပဲဆောင်တယ်လို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် ပလန့်ကတော့ စွမ်းအင်ဆိုတာ ပြတ်တောင်းတန်ဖိုးဆောင်တယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ကွမ်တမ်သီအိုရီရဲ့အစဟာ ရှေးသီအိုရီတွေနဲ့ လုံးဝကိုဆန့်ကျင်နေပါတယ်။ ပြီးတော့ ပိုပြီးဆန့်ကျင်သွားတာက စွမ်းအင်ဟာ အဲလိုပြတ်တောင်းတန်ဖိုးဆောင်တဲ့အခါလည်း ကိန်းပြည့်အဆနဲ့ပဲသွားတယ်တဲ့။ ဒါဟာ ကွမ်တမ်ရူပဗေဒရဲ့အစပါ။ ဒါဆိုမေးစရာရှိတာက စွမ်းအင်ဟာဘာ့ကြောင့် ပြတ်တောင်းတန်ဖိုးဆောင်ရတာလဲ ….? ပြီးတော့ ဘာ့ကြောင့်ကိန်းပြည့်အဆနဲ့ပဲ ဖြစ်တည်နေရတာလဲ …? အရမ်းမေးသင့်တဲ့မေးခွန်းပါ။

ကဲ…ကျွန်တော်တို့ အဲလ်ဘက်အိုင်စတိုင်းရဲ့ Special Relativity Theory ကိုတစ်ခေါက်သွားကြည့်ရအောင်။ သူ့ရဲ့သီအိုရီက E=mc2 ဆိုတာသိကြမှာပါ။ တနည်းပြောရရင် စွမ်းအင် (energy) နဲ့ ရုပ်ဒြပ် (mass) တို့ကို ဆက်သွယ်ပေးတဲ့ အီကွေးရှင်းပါ။ သူ့သီအိုရီအရ ဆိုရင် mass ဟာလည်း energy အဖြစ်သို့ အသွင်ပြောင်းနိုင်သလို energy ဟာလည်း mass အဖြစ်သို့ ပြောင်းနိုင်ပါတယ်။ ပြီးတော့ တစ်ဖက်မှာလည်း အိုင်စတိုင်းဟာ ‘လှိုင်း’ လို့ အများကယူဆထားတဲ့ အလင်းတန်းဖြာထွက်မှုကို photon လို့ခေါ်တဲ့ အမှုန်လို့ယူဆပြီးတော့ အလင်းလျှပ်စစ်အကျိုးကို ပြည့်ပြည့်စုံစုံရှင်းပြနိုင်ခဲ့ပါတယ်။ အဲဒီ အိုင်စတိုင်းပြောတဲ့ ဖိုတွန်ဆိုတာလည်း တစ်ချိန်က ပလန့်ပြောခဲ့တဲ့ ကွမ်တမ်ကို ပြောတာပါ။ တကယ်တော့ ဖိုတွန်ဆိုတာ ပြတ်တောင်းတန်ဖိုးဆောင်တဲ့ စွမ်းအင်အထုပ်လေးတွေ … ကွမ်တမ်ဆိုတာလည်း ပြတ်တောင်းတန်ဖိုးဆောင်တဲ့ စွမ်းအင်အထုပ်လေးတွေ … ဆိုတော့ ပလန့်ရဲ့ကွမ်တမ်ယူဆချက်က အိုင်စတိုင်းရဲ့  အလင်းလျှပ်စစ်အကျိုးကို ဖြေရှင်းနိုင်မှုကြောင့် မမှားကြောင်းသက်သေခံလာတယ်။ ခက်တာက ဘာ့ကြောင့် ပြတ်တောင်းတန်ဖိုးဆောင်ရသလဲဆိုတာကို မရှင်းပြနိုင်ကြဘူး။ ကဲ…ကျွန်တော်တို့ Bohr ရဲ့အက်တမ်ဖွဲ့စည်းပုံကိုတစ်ခေါက်ပြန်ကြည့်ကြမယ်။

Bohr က အက်တမ်ဖွဲ့စည်းပုံကို Postulate သုံးခုနဲ့တင်ပြပါတယ်။

  1. အီလက်ထရွန်တွေဟာ သူတို့နဲ့ nucleus ကြားမှာရှိတဲ့ attractive electrical force ကြောင့်
    nucleus ကို ကိုယ်ပိုင်ပတ်လမ်းအသီးသီးနဲ့ လှည့်ပတ်နေကြတယ်။
  2. ပတ်လမ်းရဲ့ angular momentum (ထောင့်ပြောင်းအဟုန်) ဟာ \displaystyle h/(2 \pi)   ရဲ့ integral multiple (ကိန်းပြည့်အဆ) နဲ့ပဲသွားတယ်။ တစ်ဆခွဲတို့၊ နှစ်ဆတို့ဆိုတာမရှိဘူး။
  3. ဒါပေမယ့် သူ့တို့ရဲ့ own orbit ကနေ ပတ်လမ်းပြောင်းပြီး လှည့်ပတ်ရင်တော့ စွမ်းအင်ကိုဖြာထုတ်မှု ၊ စုပ်ယူမှုပြုလုပ်တတ်ကြတယ်။ ပြီးတော့ ပတ်လမ်းတိုင်းမှာ သတ်မှတ်စွမ်းအင်ကိုယ်စီပိုင်ဆိုင်ထားကြတယ်။ Nucleus နဲ့အနီးဆုံးပတ်လမ်းဟာ စွမ်းအင်
    အနည်းဆုံးပတ်လမ်းဖြစ်တယ်။ တကယ်လို့ အီလက်ထရွန်တွေဟာပတ်လမ်း change ပြီး လှည့်ပတ်ရင်တောင် စွမ်းအင်အနည်းဆုံးပတ်လမ်းရဲ့အောက်ကို မသွားနိုင်ကြဘူး။ ပြီးတော့ ပတ်လမ်းတိုင်းရဲ့ စွမ်းအင်တန်ဖိုးတွေဟာလည်း nucleus နဲ့အနီးဆုံးပတ်လမ်း စွမ်းအင်တန်ဖိုးရဲ့ ကိန်းပြည့်အဆနဲ့ပဲသွားတယ်။

ကျွန်တော်ပြောချင်တာ နံပါတ် (2) နဲ့ (3) ပါ။ Bohr ရဲ့ second postulate အရ ဆက်ရှင်းကြည့်လိုက်ရင် အခုလိုအဖြေထွက်ပေါ်လာပါတယ်။ အီလက်ထရွန်တွေဟာ nucleus ကိုစက်ဝိုင်းပုံပတ်လမ်းနဲ့ လှည့်ပတ်နေတဲ့အတွက် သူတို့မှာ ထောင့်ပြောင်းအဟုန်ဆိုတာရှိတယ်။ ထောင့်ပြောင်းအဟုန်ရဲ့ အီကွေးရှင်းက

\displaystyle \text{Angular momentum } =m v r

m ဆိုတာလှည့်ပတ်တဲ့ပစ္စည်းရဲ့ ရုပ်ဒြပ် (mass)
v ဆိုတာလှည့်ပတ်တဲ့ပစ္စည်းရဲ့ အလျင် (velocity)
r ဆိုတာလှည့်ပတ်တဲ့ပစ္စည်းနဲ့ လှည့်ပတ်ခံရတဲ့ပစ္စည်းရဲ့ ကြားအကွာအဝေး…တနည်းအားဖြင့် အချင်းဝက် (radius)
ပြီးတော့ obit ရဲ့ Angular momentum ရဲ့တန်ဖိုးဟာ \displaystyle h/(2  \pi) ရဲ့ကိန်းပြည့်အဆနဲ့ သွားတယ်လို့ပြောထားတယ်။ သင်္ချာလိုစဉ်းစားကြည့်ရင် အခုလိုဖြစ်လာတယ်။

\displaystyle m v r = n \times \frac{h}{2 \pi}

\displaystyle 2 \pi r = n \frac{h}{mv}      ——(1)

n ဆိုတာ integral multiple

ပြီးတော့ Bohr ဟာ ပတ်လမ်းတစ်ခုစီမှာရှိမယ့် သတ်မှတ်စွမ်းအင်တန်ဖိုးကိုလည်း

\displaystyle E(n) = - \frac{13.6}{n^2} eV ——(2)

ဆိုတဲ့အီကွေးရှင်းနဲ့ တွက်ထုတ်ပြနိုင်ခဲ့တယ် (မှတ်ချက်။ eV ဆိုတာ electron-volt ပါ) ။ ဒီအီကွေးရှင်းအရထောက်ကြည့်ရင် ပတ်လမ်းတိုင်းရဲ့စွမ်းအင်တန်ဖိုးဟာ Nucleus နဲ့ အနီးဆုံးပတ်လမ်းရဲ့ ကိန်းပြည့်အဆနဲ့သွားနေတာတွေ့ရတယ်။ Bohr ရဲ့ \displaystyle E(n) = - \frac{13.6}{n^2} eV (ညီမျှခြင်း 2) အရ

E(1)= -13.6 eV (nucleus နဲ့အနီးဆုံးပတ်လမ်း)
E(2)= -3.4 eV (E(1) ရဲ့ 4 ဆ)
E(3)= -1.5 eV (E(1) ရဲ့ 9 ဆ)

ကဲ..ကိန်းပြည့်အဆနဲ့သွားမနေဘူးလား။ အသိအသာကြီးပါ။ ဆိုတော့ Bohr ရဲ့ eqn(1) နဲ့ (2) ကို သေချာဆန်းစစ်ကြည့်ရင် ဒီမေးခွန်းလေးတွေပေါ်လာတယ်။

  1. ပတ်လမ်းရဲ့အဝန်း (\displaystyle 2 \pi r ) ဟာ \displaystyle \frac{h}{mv} ကိန်းပြည့်အဆတွေနဲ့ ဘာ့ကြောင့်တူညီနေရတာလဲ…..?
  2. ပတ်လမ်းရဲ့ သတ်မှတ်စွမ်းအင်တန်ဖိုးတွေဟာ E(1) ရဲ့ကိန်းပြည့်အဆတွေနဲ့ ဘာ့ကြောင့်သွားနေရတာလဲ…?

ဒီမေးခွန်းတွေဟာ Bohr မရှင်းပြနိုင်ခဲ့တဲ့မေးခွန်တွေပါပဲ။ ဒါပေမယ့် De Brogile ဆိုတဲ့ ပြင်သစ်သိပ္ပံပညာရှင်ကတော့ ဒီမေးခွန်းရဲ့အဖြေပေးနိုင်ခဲ့တယ်။ ဒါဟာ မပြီးဆုံးသေးတဲ့ ကွမ်တမ်သီအိုရီရဲ့ အဖြေပဲဖြစ်ပါတယ်။ အိုင်းစတိုင်းက လှိုင်းလို့ယူဆကြတဲ့ အလင်းကို ဖိုတွန်အမှုန်လေးတွေအဖြစ်ယူဆရင်း အလင်းလျှပ်စစ်အကျိုးကိုအဖြေပေးနိုင်ခဲ့တယ်။ ဒါဟာ အလင်းအတွက်ပဲ မှန်ကန်နေတာလား။ ဒါပေမယ့် De Brogile ကတော့ လှိုင်းကိုအမှုန်လို့ ယူဆနိုင်ရင် အမှုန်ဖြစ်တဲ့ အီလက်ထရွန်ကိုကော လှိုင်းအဖြစ်မယူဆနိုင်ဘူးလား ဆိုပြီးတွေးတောလာခဲ့တယ်။ သူက ဒီလိုဆက်စပ်ကြည့်လိုက်တယ်။ အိုင်စတိုင်းရဲ့ Special Relativity Theory အရ ….

\displaystyle E = m c^2

\displaystyle E = m \times c \times c

\displaystyle E = pc  ……(3)

where

c = velocity of light

p = momentum (= mc)

E = energy of photon (or) light

ပြီးတော့ Photoelectric effect equation အရ …

E = work function + KE
hf = work function +KE
\displaystyle E = h f   ……(4)

where

E = energy of photon (or) light
h = Plank’s constant
f = frequency of photon (or) light

ဆိုတော့ eqn(3) နဲ့ (4) ကိုဆက်စပ်ကြည့်ရင်…

\displaystyle pc = hf

\displaystyle p \times f \times \text{wavelength } = hf

\displaystyle \text{wavelength } = \frac{h}{p}

\displaystyle \text{wavelength } = \frac{h}{mv}   ….(5)

where, p = mv (အဟုန်)

ကျွန်တော်တို့ eqn (5) ကိုကြည့်ခြင်းဖြင့် အီလက်ထရွန်ဆိုတာ အမှုန်သဘာဝရော၊ လှိုင်းသဘာဝပါဆောင်နေကြောင်း တွေ့ရှိနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ wavelength ဆိုတာ လှိုင်းရဲ့အမှတ်အသားတစ်ခု … m ဆိုတာတော့ အမှုန်ရဲ့ဂုဏ်သတ္တိဖြစ်နေလို့ပါပဲ။ velocity နဲ့ရွေ့နေတဲ့အမှုန်တိုင်း လှိုင်းလိုပြုမူနေတယ်ဆိုတာ De Brogile ရဲ့အီကွေးရှင်းအရ သိသိသာသာတွေ့မြင်နိုင်ပါတယ်။ ဒါဆို Bohr ရဲ့ eqn(1) ဖြစ်တဲ့ \displaystyle 2 \pi r = n \frac{h}{mv}  နဲ့ De Brogile ရဲ့ \displaystyle \text{wavelength } = \frac{h}{mv}  ကိုဆက်စပ်ကြည့်လိုက်ရင်

\displaystyle 2 \pi r = n \frac{h}{mv}

\displaystyle 2 \pi r = n \times \text{wavelength} … (6)

ဆိုပြီးဖြစ်လာပါတယ်။ ဒီ eqn(6) ကိုကြည့်ရင် ပတ်လမ်းရဲ့အဝန်းဟာ De Brogile wavelength (or) matter wave ရဲ့ ကိန်းပြည့်အဆနဲ့ တူညီနေတာတွေ့ရတယ်။ ဒီအဓိပ္ပါယ်ကဘာလဲ…? ဘာကိုညွှန်းပြနေတာလဲ…? ရှင်းပါတယ်။

wavelength ကိန်းပြည့်အဆနဲ့သွားတဲ့ လှိုင်းဆိုလို့ Stationary Wave တစ်ခုပဲရှိပါတယ်။ ဆိုတော့ အီလက်ထရွန်လေးရဲ့ matter wave ဆိုတာ Stationary wave ပေါ့။ ဒီအချက်နဲ့ Bohr ကျရှုံးခဲ့တဲ့ မေးခွန်းတွေကိုအဖြေပေးနိုင်ပါပြီ။ ပတ်လမ်းရဲ့အဝန်းဟာ ဘာ့ကြောင့် ကိန်းပြည့်အဆနဲ့သွားနေရတာလဲ … ရှင်းပါတယ် … လှည့်ပတ်တဲ့ အီလက်ထရွန်လေးရဲ့ ဒြပ်လှိုင်းဟာ Stationary wave ဖြစ်နေလို့။ ပြီးတော့ ပတ်လမ်းတိုင်းရဲ့ စွမ်းအင်တန်ဖိုးဟာ E(1) ရဲ့ကိန်းပြည့်အဆနဲ့ ဘာ့ကြောင့် တူညီနေရတာလဲ…ရှင်းပါတယ်…အီလက်ထရွန်လေးရဲ့ matter (ဒြပ်လှိုင်း) ဟာ Stationary wave ဖြစ်နေလို့။ ဒါဆို အီလက်ထရွန်လေးတွေဟာ nucleus နဲ့အနီးဆုံးပတ်လမ်းရဲ့ အောက်ဘက်ကိုဘာ့ကြောင့် မခုန်ကူးနိုင်ကြတာလဲ…? ရှင်းပါတယ် ….. Think yourself သာလုပ်လိုက်ပါတော့ဗျာ။

ကဲ….ဒါဆို ကွမ်တမ် ဆိုတာ ဘာ့ကြောင့် ပြတ်တောင်း စွမ်းအင်အထုပ်လေးတွေ အဖြစ်တည်ရှိနေရတာလဲ…? ပြီးတော့ အဲဒီစွမ်းအင်အထုပ်လေးတွေဟာ ဘာ့ကြောင့် အငယ်ဆုံးစွမ်းအင်အထုပ်လေးတွေရဲ့ ကိန်းပြည့်အဆနဲ့ပဲတည်ရှိနေရတာလဲ…? ဆိုတဲ့မေးခွန်းလေးတွေအတွက် အဖြေပေါ်သွားပါပြီ။ ပြောရရင် De Brogile ရဲ့ အတွေးဟာ Bohr ရဲ့အက်တမ်တည်ဆောက်ပုံအတွက် ပြီးပြည့်စုံခဲ့သလို ကွမ်တမ်ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းရဲ့အသက်လည်းဖြစ်တည်နေလေရဲ့။ နိဂုံးချုပ်အနေနဲ့ပြောရရင်
အီလက်ထရွန်ဆိုတာမရွေ့လျားသေးရင် အမှုန်လို့တပ်အပ်ပြောနိုင်ပေမယ့် အက်တမ်ဖွဲ့စည်းပုံမှာတော့ သူဟာ nucleus ရဲ့ထိန်းချုပ်ခြင်းအောက်မှာ သူ့ရဲ့ matter wave ကိုစီးပြီး လှိုင်းအသွင်နဲ့ရွေ့နေတဲ့ကောင်ပါ။ ဒါကတော့ ကိုyp မေးတဲ့မေးခွန်းအတွက် ညဏ်မှီသလောက်ပေးတဲ့ကျွန်တော့်ရဲ့အဖြေပါ။ ဟုတ်ပါတယ်….
ကျွန်တော်လည်း ရူပဗေဒပညာရှင်မဟုတ်တဲ့အတွက် ကျွန်တော့်တင်ပြမှုတွေက လိုအပ်ကောင်းလိုအပ်နေပါလိမ့်မယ်။ တကယ်လို့လိုအပ်နေခဲ့ရင် ကျွန်‌တော့်ရဲ့အားနည်းမှုသာ ဖြစ်ပါလိမ့်မယ်။ ကွမ်တမ်ကမမှားနိုင်ပါဘူး။

ဆရာသောင်း