Philosophy ကို မြန်မာလို “ဒဿနိကဗေဒ (ဝါ) အတွေးအခေါ် ” ဟု တိုက်ရိုက်ဘာသာပြန်ဆိုနိုင်သည်။ ဂရိစကားလုံး  philosophia မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဉာဏ်ပညာကို မြတ်နိုးခြင်း (Love of wisdom) ဟု အဓိပ္ပာယ်ရသည်။ ဖြစ်တည်မှု ၊ ဗဟုသုတ ၊ တန်ဖိုး ၊ ယုတ္တိဗေဒ ၊ စိတ် စသည်တို့နှင့် သက်ဆိုင်သော မေးခွန်းကြီးများကို လူသားတို့၏ တွေးခေါ်ဆင်ခြင်ခြင်းသက်သက်ဖြင့် စူးစမ်းအဖြေရှာသော ဘာသာရပ်ဖြစ်ပြီး အလိုလိုသိရှိခြင်း (ဝါ) အသိဉာဏ် ကွန့်မြူးသဖြင့် ရုတ်ချည်းသိရှိခြင်းတို့ကို လက်မခံဘဲ ကိုယ်တိုင်ကိုယ်ကျ အထပ်ထပ်လေ့လာခြင်းနှင့် ဗဟုသုတကို စနစ်တကျရှာမှီးတည်ဆောက်ခြင်းတို့ဖြင့်သာ နားလည်မှုကို ရယူသော ဘာသာရပ်ဟု ဆိုနိုင်ပါသည်။ ယင်းသို့လေ့လာရာတွင်လည်း မေးခွန်းထုတ်ခြင်း  (questioning) ၊ ဆန်းစစ်ဆွေးနွေးခြင်း (critical discussion) ၊ ယုတ္တိရှိစွာ အငြင်းအခုံပြုခြင်း (rational argument) နှင့် စနစ်တကျ တင်ပြခြင်း (systematic presentation) စသည့်နည်းလမ်းကြီးလေးသွယ်ကို အဓိကထား အသုံးပြုကြပါသည်။ (Ref. [1])

ရှေးဂရိခေတ်မှ အစပြုခဲ့သော အဆိုပါ Philosophy သည် ယနေ့ခေတ်အခါတွင်‌ ဘာသာရပ်ခွဲပေါင်းများစွာနှင့် လွန်စွာမှ နက်ရှိုင်းကျယ်ဝန်းလှ၏။ ကျွန်ုပ်တို့နှင့် ရင်းနှီးသော ရူပဗေဒ ၊ နက္ခတ္တဗေဒ ၊ ဆေးပညာ ၊ စိတ်ပညာ စသည်တို့မှာလည်း  Philosophy ၏ အနွယ်အဖွားများပင် ဖြစ်ကြလေသည်။ ဤတွင် Philosophy အား လွယ်ကူအောင်အမျိုးအစားခွဲခြားကြည့်သော် အတွင်းစိတ်သဘာဝကို လေ့လာခြင်း (philosophy within) နှင့် အပြင်ပိုင်းသဘာဝကို လေ့လာခြင်း (philosophy outside) ဟူ၍ နှစ်မျိုးတွေ့မြင်နိုင်ပါသည်။ အတွင်းစိတ်သဘာဝကို လေ့လာခြင်းတွင် လူသားတို့၏ အမူအကျင့် ၊ စာရိတ္တနှင့် လူ့ကျင့်ဝတ်များ ၊ စိတ်ဓာတ်လှုံ့ဆော်မှု နှင့် ပေါင်းသင်းဆက်ဆံရေး စသည်တို့ပါဝင်သည်။ အပြင်ပိုင်းသဘာဝကို လေ့လာခြင်းဆိုသည်မှာ လူသားတို့၏ စိတ်တံတိုင်းပြင်ပမှာတည်ရှိနေသော စကြဝဠာကြီးအား လေ့လာခြင်း (ဝါ) သဘာဝတရားကြီးအား လေ့လာခြင်းပင် ဖြစ်သည်။ (Ref. [2])

သဘာဝတရားကြီးအကြောင်း လေ့လာသည့် ဒဿနိကဗေဒကို အစဦး၌ natural philosophy ဟုခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ Natural ဟူသော စကားလုံးမှာ လက်တင်ဘာသာ natura မှဆင်းသက်လာခြင်းဖြစ်ပြီး “သဘာဝ” ဟုအဓိပ္ပာယ်ရသည်။ အထက်မှာတင်ပြခဲ့ပြီးဖြစ်သည့်အတိုင်း philosophy ဟူသော စကားလုံးမှာ ဂရိဘာသာမှ ဆင်းသက်လာသည်။ ဤသို့ မတူညီသော ဘာသာစကားနှစ်မျိုးဖြင့် ပေါင်းစပ်ခေါ်ဆိုထားသည်ကို ထုံးမီစံကျသမားများ (တစ်နည်း) စာပေအနုပညာကို မတိမ်းမယွင်း ထိန်းသိမ်းလိုသူများက နှာခေါင်းရှုံ့ကြသည်။ ထို့ကြောင့်လည်း natural ကို ဂရိစကားလုံးဖြစ်သော physikos ဖြင့် အစားထိုးလိုက်ပြီး physical philosophy ဟု ပြင်ဆင်ခေါ်ဆိုခဲ့ပါသည်။ နောက်ပိုင်း ကာလရွေ့လျောသော် အတိုကောက်စကားလုံးဖြစ်သော physics ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ သိထားခဲ့ကြသော ရူပဗေဒဘာသာရပ်၏ မူလဇာစ်မြစ်ဖြစ်ပြီး အရာဝတ္ထု (matter) ၊ အရွေ့ (motion) ၊ ဟင်းလင်းပြင်-အချိန် (space-time) ၊ စွမ်းအင် (energy) နှင့် အားများ (force) စသည့် သဘာဝဖြစ်စဥ်များကို လေ့လာကြရပါသည်။

လောကဓာတ်ပညာ (ဝါ) သိပ္ပံ (Science) ဟူသော စကားလုံးမှာမူ  လက်တင်ဘာသာစကားမှ ဆင်းသက်လာသော စကားလုံးဖြစ်ပြီး “သိမှု” (to know) ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းတွင်လည်း စကြဝဠာကြီးနှင့် ပတ်သက်သော ကြိုတင်ခန့်မှန်းမှုများ (predictions) နှင့် လက်တွေ့စမ်းကြည့်နိုင်သော ရှင်းပြချက်များ (testable explanations) ပါဝင်သည့်အတွက် အရင်းစစ်ကြည့်သော် အထက်တွင်ဖော်ပြခဲ့သော ရူပဗေဒဘာသာရပ်နှင့် ဇာစ်မြစ်တစ်ခုတည်းဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ နောက်ပိုင်း ဗဟုသုတနယ်ပယ် ကျယ်ပြောလာသည့်အလျှောက် အဆိုပါ သိပ္ပံဘာသာရပ်ကိုပင် ဘာသာရပ်ခွဲပေါင်းများစွာ ခွဲခြားလေ့လာရန် လိုအပ်လာပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သိထားကြသော သင်္ချာ ၊ နက္ခတ္တဗေဒ ၊ ဇီဝဗေဒ ၊ ဘူမိဗေဒ ၊ ဓာတုဗေဒ စသည်ဖြင့် ဘာသာရပ်ခွဲပေါင်းများစွာ ပေါ်ထွန်းလာကြသည်။

Philosophy ကို ပထမဦးဆုံး ပ‌ရော်ဖက်ရှင်နယ်လောကထဲသို့ ဆွဲသွင်းပေးခဲ့သောနိုင်ငံမှာ ဂျာမနီနိုင်ငံ ဖြစ်ပါသည်။ ၁၇ ရာစုအလယ်ပိုင်းလောက်တွင် စာသင်ကြားပေးသူ ဆရာ/ဆရာမများအတွက် အရည်အချင်းပြလက်မှတ်တစ်ခုအနေဖြင့် Doctor of Philosophy (PhD) ဟူသော ဘွဲ့ကို သတ်မှတ်ပြဌာန်းခဲ့သည်။ ယင်းသည်လည်း လက်တင်စကားလုံး doctor philosophiae မှ ဆင်းသက်လာခြင်းဖြစ်ပြီး တက္ကသိုလ်တစ်ခုမှ သိပ္ပံ သို့မဟုတ် အတွေးအခေါ်နှင့် သက်ဆိုင်သော အမြင့်ဆုံးပေးအပ်နိုင်သည့် ဘွဲ့ဒီဂရီတစ်ခုလည်း ဖြစ်ပါသည်။

စစ်မှန်သော သိပ္ပံယူဆချက်တစ်ခုသည် အတွေးအခေါ်ဆန်နေမည် ဖြစ်သကဲ့သို့ မှန်ကန်သော အတွေးအခေါ်တစ်ရပ်သည်လည်း လေးနက်သည့် သိပ္ပံသဘောတရားများ ပါရှိနေမည်သာ

ဤသို့ဖြင့် သိပ္ပံပညာနှင့် Philosophy တို့မှာ ဇာစ်မြစ်တစ်ခုတည်းကပင် ဆင်းသက်လာကြသည်ကို နားလည်သိရှိနိုင်ပေသည်။ စစ်မှန်သော သိပ္ပံယူဆချက်တစ်ခုသည် အတွေးအခေါ်ဆန်နေမည် ဖြစ်သကဲ့သို့ မှန်ကန်သော အတွေးအခေါ်တစ်ရပ်သည်လည်း လေးနက်သည့် သိပ္ပံသဘောတရားများ ပါရှိနေတတ်ပါသည်။ ကျွန်ုပ်တို့ ယနေ့သိရှိနားလည်ပြီးဖြစ်သော ၊ သိရှိနားလည်ရန် အားထုတ်နေဆဲ ဖြစ်သော အခြေခံမေးခွန်းကြီးများမှာ (ဥပမာ – ကျွန်ုပ်တို့ ဘာကြောင့် ရှိနေရသနည်း ၊ အရာရာတိုင်း၏ အစသည် အဘယ်သို့နည်း ၊ အစဟူ၍ကော ရှိပါသလား၊ အဘယ့်ကြောင့် နေနဲ့ လတို့ ရှိနေရသနည်း  ၊ ကမ္ဘာကြီးသည် လုံးသလား ပြားသလား၊ စသည်စသည် မဆုံးနိုင်သောစသည်များဖြင့်) သိပ္ပံနယ်ပယ်သို့ ‌ရောက်မလာမီကတည်းကပင် အတွေးအခေါ်ဆန်စွာ အခြေတည်ခဲ့ကြပါသည်။

အတွေးအခေါ်နှင့် သိပ္ပံတို့၏ ဆက်စပ်ပုံကို သမိုင်းသာဓကများအား လေ့လာကြည့်ခြင်းဖြင့် ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်ပေမည်။ ဥပမာ – စကြဝဠာအတွင်းရှိ အရာဝတ္ထုများအားလုံးကို အက်တမ်များ (အလွန်သေးငယ်ပြီး မမြင်နိုင်သည့်အမှုန်များ) ဖြင့် ဖွဲ့စည်းထားကြောင်း ဘီစီ ၄၁၀ ခန့်တွင် ဂရိတွေးခေါ်ပညာရှင် ဒီမိုခရေးတပ်စ် (Democritus) မှ အဆိုပြုခဲ့သည်။ နောင်နှစ်ပေါင်း ၂၀၀၀ ခန့်အကြာတွင် ယင်းအဆိုမှန်ကန်ကြောင်း သိပ္ပံစမ်းသပ်ချက်များဖြင့် သက်သေထူနိုင်ခဲ့သည်။ ထို့အတူ အရစ်စတားခပ်စ် (Aristarchus of Samos)  အမည်ရှိ ဂရိလူမျိုး နက္ခတ္တဗေဒပညာရှင် (ဘီစီ ၃၁၀ – ၂၃၀) သည် ကမ္ဘာကနေကို လှည့်ပတ်နေခြင်းဖြစ်နိုင်ကြောင်း ဖော်ပြသည့် heliocentric model ကို ပထမဦးဆုံး အဆိုပြုခဲ့သည်။ ၁၅၁၄ ခုနှစ်တွင် ပိုလန်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သူ နီကိုလပ်စ်ကော့ပါးနီးကပ်စ် (Nicolaus Copernicus) မှလည်း heliocentric model အကြောင်း ထပ်မံအဆိုပြုခဲ့ပြန်သည်။ သို့သော် ယင်းတွေးဆချက်တို့မှာ အတွေးအခေါ်အနေနဲ့သာ ရှိနေခဲ့ပြီး တွင်ကျယ်စွာ လက်မခံခဲ့ကြသေးပေ။ ထိုခေတ်က ခရစ်ယာန်ကျောင်းများနှင့် ပညာရှင်အတော်များများသည် တိုလရ်မီ (Ptolemy) နှင့် အရစ်စတိုတယ်လ် (Aristotle) တို့၏ geocentric model အယူအဆဖြစ်သည့် “ကမ္ဘာသည် စကြဝဠာ၏ အလည်၌ရှိပြီး အခြားသော ကြယ် ၊ နေ နှင့် ဂြိုဟ်များက ကမ္ဘာကိုလည်ပတ်နေကြသည် “ ဟူ၍သာ လက်ခံထားခဲ့ကြပါသည်။  ကော့ပါးနီးကပ်စ် ပြီးနောက် နှစ်ပေါင်း ၁၀၀ ခန့်ကြာသော် အီတလီသိပ္ပံပညာရှင် ဂယ်လီလီယို ဂယ်လီလဲယ် (Galileo Galilei) မှ  နက္ခတ်တာရာကြည့်မှန်ပြောင်း (telescope) အသုံးပြု၍လည်းကောင်း၊ ဂျာမန်လူမျိုး နက္ခတ္တဗေဒပညာရှင် ဂျိုဟန်ကပ်ပလာ (Johannes Kepler) ၏ ဂြိုဟ်လမ်းကြောင်းများ ရွေ့လျားမှုအကြောင်း သင်္ချာ model ဖြင့်လည်းကောင်း ၊ နယူတန်၏ အ‌ရွေ့ဥပဒေသ (laws of motion) နှင့် ဒြပ်ဆွဲအားဆိုင်ရာ ဥပဒေသ (law of gravitation) တို့ဖြင့်လည်းကောင်း အသီးသီးသက်သေထူနိုင်ခဲ့ကြပုံများကို ထောက်ရှုကြည့်လျှင် အတွေးအခေါ်ဖြင့် အစပြုခဲ့သည့် အယူအဆများကို သိပ္ပံနယ်ပယ်သို့ဆွဲခေါ်၍ လက်ဆုပ်လက်ကိုင်ပြနိုင်ပုံအား ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

ဤနည်းအားဖြင့် သိပ္ပံနှင့် အတွေးအခေါ်တို့မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသကဲ့သို့ အပြန်အလှန် အမှီသဟဲ ပြုနေကြသည်။ အတွေးအခေါ်မပါဘဲ သိပ္ပံသည် ရှေ့ရောက်မလာနိုင်သကဲ့သို့ သိပ္ပံ၏ အကူအညီမပါဘဲနှင့် အတွေးအခေါ်အဆိုပြုချက်တစ်ရပ်ကို လက်သင့်ခံရန် ခက်ခဲမည်သာ။ သိပ္ပံသီအိုရီတို့မည်သည် လေ့လာခြင်း (observation) ပေါင်းများစွာ ပါဝင်ပြီး အနုမာန (hypothesis) တို့နှင့် ဖွဲ့စည်းထားသည်။ Arbitrary elements ဟုခေါ်သော ဖန်တီးထည့်သွင်းချက် (စဦး input ကို ဆိုလို) အနည်းငယ်သာ ပါဝင်ရမည်ဖြစ်ပြီး အနာဂတ်လေ့လာချက်တွေကို တိကျစွာခန့်မှန်းခြင်းပြုနိုင်ရပေမည်။  (Ref. [3])

“သိပ္ပံသီအိုရီကောင်းတစ်ခုဆိုသည်မှာ အမှားတွေ့ရှိနိုင်ခြင်း (falsifiable) ဖြစ်ရမည်” ဟူ၍လည်း သြစတြီယံတွေးခေါ်ပညာရှင်ကြီး ကားလ်ပေါ်ပါ (Karl Popper) မှ ထောက်ပြခဲ့ပါသည်။ ဆိုလိုသည်မှာ သိပ္ပံသီအိုရီတစ်ခုသည် ခန့်မှန်းမှုပေါင်းများစွာကို ပြုလုပ်နိုင်သည်။ အဆိုပါခန့်မှန်းမှုများကို လက်တွေ့တွေ့ရှိချက် (observations) များဖြင့် ချိန်ထိုးစိစစ်ရပေမည်။ မှန်ကန်သည်ကို တွေ့လျှင် အဆိုပါသီအိုရီကို ဆက်၍လက်ခံမည်။ အကယ်၍ အမှားတစ်စုံတစ်ရာတွေ့သည်နှင့် (အမှားသေးသည်ဖြစ်စေ ၊ ကြီးသည်ဖြစ်စေ) ဘာ့ကြောင့် မှားရသနည်းကို ဆန်းစစ်အဖြေရှာ၍ မူရင်းသီအိုရီကို လုံးဝစွန့်ပယ်သည်ဖြစ်စေ ၊ ပြန်လည်ပြင်ဆင်ခြင်းဖြစ်စေ ပြုလုပ်ရပေမည်။ “ယေဘုယျအားဖြင့် သီအိုရီအသစ်တစ်ခုမှာ လုံးဝအစအဆုံးအသစ် ဖြစ်လေ့မရှိ။ ရှိပြီးနှင့်သော အရင့်အရင် သီအိုရီအဟောင်းများကို ချဲ့ကားစဥ်းကားခြင်း (extension) မျိုးသာ များသည်” ဟု ရူပနက္ခတ္တပညာရှင် စတီဗင်ဟော့ကင်း က ပြောခဲ့ဘူးပါသည် ။  (Ref. [3])

ဤတွင် သိပ္ပံလောက၌ လက်ခံထားကြသည့် ယုံကြည်ခြင်း (believability in science) ဆိုသည်မှာ “လေဖမ်း ဒန်းစီး” ၍ မျက်စိစုံမှိတ်လက်ခံခြင်းမဟုတ်။ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုစိုးစဥ်းမျှပင် မရှိသော ကွဲပြားသည့် စမ်းသပ်ချက်အသစ်များ (independent experiments) ၊ တွေ့ရှိချက်အသစ်များဖြင့်သာ သီအိုရီများကို အမြဲတစေ ချိန်ထိုးလေ့လာကြရပါသည်။ “သီအိုရီတစ်ခုသည် အချိန်မရွေး ပျက်နိုင်သည်” ဆိုသည့်အသိကိုလည်း အစဥ်အမြဲခေါင်းထဲထည့်ထားရပေမည်။ ဥပမာ – နယူတန်၏ ဒြပ်ဆွဲအား နိယာမဖြင့် မာကြူရီဂြိုဟ်၏ လမ်းကြောင်းများကို တွက်ချက်ရာတွင် အမှားအနည်းငယ်တွေ့ရှိရသည်။ အိုင်းစတိုင်း၏ နိယာမဖြင့် တွက်ကြည့်သော် အဖြေကွက်တိရ၏။ သို့သော် ကမ္ဘာပေါ်ရှိ နေ့စဥ်အဖြစ်အပျက်များ (motion ၊ velocity စသဖြင့်) ကို ခန့်မှန်းတွက်ချက်ရာတွင်မူ နယူတန်နှင့်တွက်တွက် ၊ အိုင်းစတိုင်းနှင့်တွက်တွက် အဖြေတူညီစွာ ရရှိသည်။ ထို့ကြောင့် ပို၍ လွယ်ကူသော နယူတန်၏ နိယာမကိုသာ အသုံးပြုကြပါသည်။ ဤသို့ဆိုလျှင် အိုင်းစတိုင်း၏ သီအိုရီသည် အမြဲထာဝရမှန်သွားပြီလော။ မမှန်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အိုင်းစတိုင်းသီအိုရီကိုသုံး၍ စကြဝဠာ၏ အစ (အမှတ်ထူးမတိုင်မီ အခြေအနေ) ကို မခန့်မှန်းနိုင်သောကြောင့်ပင်။ အိုင်စတိုင်း၏ သီအိုရီသည် အမှတ်ထူးသို့ ရောက်သော် ပျက်၏။ ကွမ်တမ်သီအိုရီကို ကြည့်မည်ဆိုလျှင်လည်း ထိုနည်းတူပင်။ ကွမ်တမ်သီအိုရီသည် ဒြပ်ဆွဲအားသက်ရောက်မှုရှိနေလျှင် မမှန်ကန်နိုင်တော့ပေ (Ref. [4]) ။

နိဂုံးချုပ်ဆိုရသော် ဤဆောင်းပါး၌ သိပ္ပံနှင့် အတွေးအခေါ်တို့၏ ဆက်စပ်မှုကို သမိုင်းသာဓကများပေး၍ တင်ပြခဲ့ပါသည်။ သိပ္ပံဆိုင်ရာ ယူဆချက်နှင့် အဘယ့်ကြောင့် သိပ္ပံသည် မှန်ကန်နိုင်သနည်း၊ မည်သည့်အချိန်တွင် အဆိုပါအမှန်တရားပျက်ယွင်းသနည်း စသည့် အတွေးအခေါ်ဆန်သော တွေးဆချက်တို့ကိုလည်း အမြည်းသဘောမျှတင်ပြခဲ့ပါသည်။ လူသားဟူ၍ ဖြစ်လာသည်နှင့် အတွေးအခေါ်နှင့် ခွဲခြားနေ၍မရသကဲ့သို့ သိပ္ပံ၏ တိုးတက်မှုဖြစ်စဥ်မှာလည်း ထိုနည်းတူပင်။ ဖော်ပြခဲ့ပြီးသော သမိုင်းသာဓကများနည်းတူ ရှေ့လျှောက်မှာလည်း  အတွေးအခေါ်ဆန်သော ယူဆချက်အသစ်များသည် သိပ္ပံနယ်ပယ်ထဲ့သို့ အနှေးနဲ့အမြန် ဝင်ရောက်လာဦးမည် (ဝင်ရောက်နေဦးမည်) ဖြစ်ကြောင်း ၊ ထိုသောအခါ ရှိခဲ့ပြီးသည့် သီအိုရီအဟောင်းများကို ချဲ့ထွင်ပြုပြင်ခြင်းဖြင့်လည်းကောင်း ၊ အသစ်အသစ်သော သီအိုရီများကို အဆိုပြုခြင်းဖြင့်လည်းကောင်း သိပ္ပံဘာသာရပ်များသည်လည်း အစဥ်သဖြင့်တိုးတက်နေဦးမည်သာ။ “အဆိုပါတိုးတက်မှုများနှင့်အတူ လူ့အဖွဲ့အစည်းသည် မည်သည်ကို ဦးတည်သွားနေပါသနည်း”  စသဖြင့် အတွေးအခေါ်ဆန်သော မေးခွန်းကြီးများကလည်း တစ်ချိန်တည်းမှာ လိုက်ပါတိုးတက်နေဦးမည်သာ ဖြစ်ပါကြောင်း တွေးဆမိရင်းဖြင့် စာရေးသူ၏ ဆောင်းပါးကို ဤနေရာတွင် နိဂုံးကပတ် အဆုံးသတ်အပ်ပါသည်။

ဆက်စပ်ဆောင်းပါး
Physics က ခက်သလား

#yp

 

Ref.

[1] https://en.wikipedia.org/wiki/Philosophy

[2] Isaac Asimov, 1966. Understanding physics, Vol. I.

[3] Stephen hawking, 1998. A brief history of time. New York: Bantam Books.

[4] https://www.danielandjorge.com/search.php?terms=why+gravity+is+weird

 

Victoria အမှုမှန်ပေါ်ပေါက်သလို မြန်မာနိုင်ငံမှာ Rule of Law အမှန်တကယ် ရှိလာနိုင်ပါစေကြောင်း ၊ ပညာရေးတွင်လည်း ကောင်းတဲ့ တိုးတက်မှုဖြင့် ရှေ့သို့ဆက်လက် ရွေ့နိုင်ပါစေကြောင်း mminsight မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#justice_for_victoria
#justice_for_myanmar