၁၇၈၅ ခုနှစ်ရဲ့ နှောင်းပိုင်းကာလတစ်ခု။ အခုလို ကိုဗစ်တွေ ဘာတွေမပြောနဲ့။ စပိန်တုပ်ကွေးတို့၊ ကမ္ဘာစစ်တို့ပင် မဖြစ်သေးတဲ့ အချိန်။ ဘိုးကီးတို့ ငယ်နုစဉ်တုန်းကပေါ့ကွယ်။ သြော် ဒါနဲ့ ပြောရဦးမယ်။ ဘိုးကီး ဆိုတာ လက်ရှိ စာရေးသူရဲ့ ဇာတ်လိုက်ကျော် ‘ဆရာကီး’ ရဲ့ အဘိုးရဲ့ အဘိုး (ဂရိတ်ဂရိတ် ဂရမ်းဖားသားကြီး) ဆိုပါတော့။ အဲ့ဒီအချိန်တုန်းက ဘိုးကီးတို့ရဲ့ ရွှေပြည်ကြီးမှာ ပညာရှင်တွေဟာ စာဟန်စကားပြေလေးနဲ့ ကာရန်နဘေရေးလေ့ရှိကြသတဲ့။ ဆိုတော့ ဘိုးကီးဟာလည်း သူ့ခေတ်သူ့အခါမှာတော့ ပညာရှင်တစ်ဦးပေါ့ကွယ်။

တစ်နေ့တော့ ဘိုးကီးဟာ ကဗျာတွေစာတွေ လေ့လာနေရင်း ရှေးဟောင်းပုရပိုက်တစ်ခုထဲမှာ လျှို့ဝှက်ကဗျာတစ်ပုဒ်ကို သွားတွေ့ပါလေရော။ ထူးဆန်းတာက အဲ့ဒီ ပုရပိုက်ဟာ အင်မတန်မှ အိုမင်းနေပြီး ဒီကဗျာရှိနေတာကို ဘယ်သူကမှ သိကြပုံမရဘူး။ ဒါကို ဘိုးကီးက ချက်ချင်းသဘောပေါက်လိုက်တယ်။ ဘာလို့ဆို ဘိုးကီးကလည်း ခေသူမှမဟုတ်တာ။ ခေတ်ဟောင်းခေတ်သစ် ကဗျာအစုံ စာအစုံကို အတောင့်လိုက် မျိုချထားခဲ့ဖူးတာကိုး။ ခက်တာက ဒီကဗျာ ဘာကိုဆိုလိုသလဲဆိုတာကိုကျ ဘယ်လိုပဲ စဉ်းစားစဉ်းစား အဖြေကထွက်မလာဘူး ဖြစ်နေတယ်။ သူ့ရဲ့ ကဗျာဆရာဗီဇအရ ဒီကဗျာဟာ အင်မတန်မှ သိမ်မွေ့နက်ရှိုင်းတာကိုတော့ ဘိုးကီးက တပ်အပ် သိနေသဗျာ။

အဲ့ဒါနဲ့ပဲ ဘိုးကီးဟာ ကဗျာရဲ့ အဓိပ္ပာယ်ကို သိလိုသိငြား ရွှေပြည်ကြီးအနှံ့ ခရီးဆန့်ပြီး စာပေ၊ ကျမ်းဂန်နှံ့စပ်ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးခန်းဖွင့်တော့တာပေါ့ကွယ်။ ခက်တာက ထူးဆန်းလှတဲ့ ဒီကဗျာရဲ့ အနက်ကို ဘယ်ပညာရှင်ကမှ ကောင်းကောင်းမဖော်ပြနိုင်ကြဘူး ဖြစ်နေတယ်။ ကဗျာထဲက အကြောင်းအရာကို သိလွန်းမက သိချင်နေပြီဖြစ်တဲ့ ဘိုးကီးဟာ နောက်တစ်မျိုး ကြံရတော့တာပေါ့။ သူ့တွေးတဲ့ပုံက ဒီလို —

”အိမ်း ကျုပ် သိသမျှ ရွှေပြည်ကြီးက ပညာရှင်တွေတော့ ကုန်သလောက်တောင် ရှိသွားပြီ။ ရွှေပြည်ကြီး အပြင်မှာလည်း ပညာရှင် အကျော်အမော်တို့ ရှိတယ်ကြားတယ်။ ဒီလူတွေအကြောင်း တီးခေါက်ကြည့်ဦးမှပါလေ”

အဲ့ဒီလို တွေးမိသွားတဲ့ ဘိုးကီးဟာ ချက်ချင်းဆိုသလို ရွှေပြည်ပြင်ပက နာမည်ကြီး ကျမ်းတတ်ပေတတ် ပုဂ္ဂိုလ်များအကြောင်းကို စနည်းနာတော့တာပေါ့။ သိပ်မကြာပါဘူး။ ဂုဏ်ရှိန်သတင်း လျှမ်းလျှမ်းဝင်းတဲ့ လူဖြူပညာရှင်ကြီးတစ်ယောက်ကို သတိထားမိသွားတယ်။ အဆိုပါ လူဖြူပညာရှင်ကြီးဟာ ကမ္ဘာ့အနောက်ခြမ်းက နိုင်ငံကြီးတစ်ခုမှာ နေထိုင်သတဲ့။ ပညာရှင်ကြီးဆိုလို့ မုတ်ဆိတ်မွှေးထူလပျစ်နဲ့ အသက်ကြီးကြီး အဘိုးကြီးများလားလို့ အတွေးမစောလိုက်ကြလေနဲ့။ ပညာရှင်ကြီးရဲ့ အသက်ဟာ အခုမှ ၃၆ နှစ်ဝန်းကျင်သာသာလောက် ရှိဦးမယ်။ ငယ်ငယ်ကတည်းက ပညာလက်ဝါးစောင်းထက်လွန်းလို့ မကြာသေးခင်ကပဲ သူ့တိုင်းပြည်က ကဗျာအသင်းကြီးရဲ့ အမြဲတမ်းအသင်းဝင်အဖြစ်တောင် ကမ်းလှမ်းခံထားရဆိုပဲ။ သူက ရှုပ်ပေ့ဆိုတဲ့ ကဗျာ လင်္ကာတွေကို ရှင်းလင်းပြေပြစ်တဲ့ စကားပြေအဖြစ် ပြန်ဆိုတဲ့နေရာမှာ ဆရာတစ်ဆူ။

ဒါနဲ့ ဘိုးကီးဟာ အနှီ လူဖြူပညာရှင်ကြီးနဲ့ သွားပြီး ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ဒါ လွယ်လွယ်ချလို့ရတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ဘူး။ ဘိုးကီးတို့ ခေတ်အခါတုန်းက အခုလို အွန်လိုင်းကနေ လေယာဉ်လက်မှတ်ဝယ်စီးလို့မှမရတာ။ စီးဖို့ လေယာဉ်တောင်ပေါ်သေးတာ မဟုတ်ဘူး။ ဆိုတော့ ကုန်းတတန်၊ ရေတတန် ရက်ပေါင်းအဖန်ဖန် ခရီးနှင်ပြီးမှသာ အဆိုပါပညာရှင်ကြီးရဲ့တိုင်းတပါးကို ရောက်နိုင်မယ် မဟုတ်လား။ ကံကောင်းချင်တော့ ဘိုးကီးမှာ စုမိစောင်းမိထားတဲ့ ငွေကြေးတွေကအသင့်ပဲ။ ဒီတော့ ခရီးစရိတ်အတွက်က ပူစရာမရှိပေဘူး။ တစ်ခုပဲ စိတ်ပူရမှာ။ ကြားထားတဲ့ သတင်းတွေအရတော့ အဲ့ဒီ အဖြူတိုင်းပြည်ကြီးမှာ လတ်တလော အုံးအုံးကြွတ်ကြွတ်တွေ ဖြစ်တော့မယ်တဲ့။ တိုင်းပြည်ကအကြွေးတွေတင်လို့ အခြေအနေမကောင်းရတဲ့အထဲ အုပ်ချုပ်သူဘုရင်ကလည်း သောက်သုံးမကျဘူးဆိုလား။ အခြေခံလူတန်းစားပြည်သူတွေမှာလည်း အငတ်ငတ်အပြတ်ပြတ်တွေ ဖြစ်လာကြပြီ။ ဆိုတော့ အခြေအနေက တဖြည်းဖြည်းတင်းမာလာပြီး အုံကြွတာတွေ ဖြစ်တော့မယ်။ ဘိုးကီးလည်း ကြားညှပ်မယ့်အရေးတွေးပူမိတာပေါ့ကွယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ဒီကဗျာရဲ့ အဓိပ္ပာယ်ကိုမှ မသိရရင် စားမဝင်အိပ်မပျော်တွေတောင် ဖြစ်လာနေပြီ။ မထူးတော့ပါဘူး။ အသက်ပင်သေပါ‌စေ၊ ကဗျာလေးရဲ့ စကားပြေကိုတော့ဖြင့် ရအောင် ရှာဖွေမယ်၊ လူဖြူပညာရှင်ကြီးနဲ့လည်း တွေ့ဖြစ်အောင်ကို တွေ့ဦးမယ်၊ ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်တွေနဲ့အတူ ဘိုးကီးရဲ့ မျက်လုံးအစုံဟာလည်း တလက်လက် အရောင်တောက်ပလာတော့တာပေါ့။

ဒီလိုနဲ့ ခရီးရှည်ကြီး ထွက်ဖို့ လိုအပ်မယ့် လူသူ၊ ရိက္ခာတွေ လိုလိုမယ်မယ် ဖြည့်ရတော့တယ်။ လူသူဖြည့်ရတယ်ဆိုတာ တခြားတော့မဟုတ်ပါဘူး။ တိုင်းတပါးဆီကို သွားမှာမဟုတ်လား။ ဒီတော့ ဘာသာစကားအခက်အခဲ ရှိလောက်မှာကို ဘိုးကီးက ကွက်ကျော်မြင်တယ်။ ကိုယ်တိုင်ကလည်း စာပေနှံ့စပ်သူတစ်ယောက်ဆိုတော့ အီးလမ်းဂွေ့ဂျ် မှာတော့ ပိုင်ပြီးသား။ ဒါပေမင့် သူသွားမယ့် တိုင်းပြည်က အီးလမ်းဂွေ့ဂျ် ကို မပြောကြဘူးလို့ ကြားတယ်။ သူတို့ စကားကို လိုက်ပြောဖို့ဆိုတာကလည်း အင်မတန်မှ လျှာလိပ်အာလိပ်တဲ့ ဘာသာစကားဖြစ်လေတော့ စကားတစ်ခွန်းပြောပြီးရင်တောင် လည်ချောင်းတွေနာလိုက်သည့် ဖြစ်ခြင်း။ ဆိုတော့ တဖက်ကမ်းခပ် ဘာသာပြန်ကျွမ်းကျင်သူ ပညာရှင်တွေပါ တပါတည်း ခေါ်သွားမှ တော်ကာကြလိမ့်မပေါ့။

ဒီလိုနဲ့ ဘိုးကီးရဲ့ ကဗျာအနက် ရှာပုံတော် ခရီးစဉ်ကြီး စလေပြီ။ ဆိုခဲ့သလိုပဲ ဘိုးကီးနဲ့ ဘာသာပြန်ပညာရှင် အပေါင်းအပါတစ်စုဟာ ကုန်းတတန်၊ ရေတတန်သွားပြီးတဲ့နောက်မှာ အဖြူတိုင်းပြည်ကြီးကို အောင်အောင်မြင်မြင် ဆိုက်ရောက်သွားကြသတဲ့။ ရောက်ရောက်ချင်းပဲ ဘိုးကီးဟာ အချိန်လုံးဝ မဆိုင်းဘဲ ပညာရှင်ကြီး ရှိမယ့် မြို့တော်ကြီးဆီကို အရောက်လှမ်းလိုက်တယ်။ အချိန်မဆိုင်းဆို ဒီဖက်ခေတ်လိုမျိုး ဆယ်လ်ဖီ ဘာညာဆွဲဖို့ စမတ်ဖုန်းမှ မရှိကြတာ။ တစ်ခါ သူဖြတ်လျှောက်နေတဲ့ ချော့မ်ဒူမား ကွင်းပြင်ကျယ်ကြီးမှာ နောင်တချိန် အထင်ကရဖြစ်လာမယ့် မိုးထိုးမျှော်စင်ကြီးလည်း မရှိသေးဘူးလေ။ ဆိုတော့ ပညာရှင်ကြီးရှိမယ့် တက္ကသိုလ်ကျောင်းကြီးဆီကိုသာ တစိုက်မတ်မတ် လျှောက်သွားရတော့တာပေါ့။

ဒီအထိက အဆင်ပြေနေတုန်း။ ဖြစ်ချင်တော့ လူဖြူပညာရှင်ကြီးဆိုတာကလည်း အင်မတန်မှ အလုပ်က များတာကလား။ ဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်သလို လွယ်လွယ်ခေါ်တွေ့လို့ မရဘူး ဖြစ်နေတယ်။ ဆွေးနွေးဖို့အတွက် စာတိုက်ကနေ စာပို့ဘာညာလုပ်တော့လည်း  အရေးလုပ်ပြီး ပြန်စာတောင်မရဆိုတော့ ဘိုးကီးလည်း တစ်ခုခုကြံမှ ဖြစ်တော့မယ်။ ဟုတ်တယ်လေ။ ဒါ ဆင်ပြောင်ကြီး အမြီးမှ တစ်မယ့်အရေး။ အဲ့လိုနဲ့ ဘိုးကီးနဲ့ အပေါင်းအပါတစ်စုဟာ လူဖြူပညာရှင်ကြီးရဲ့ အသွားအလာတွေကို စောင့်ကြည့်တော့တာပေါ့။ အဲ့ တစ်နေ့ကျတော့ ဘိုးကီးတို့ ကံကောင်းတယ် ပြောရမယ်။ လူဖြူပညာရှင်ကြီးဟာ ပုံမှန်အလုပ်ဆင်းချိန်ထက် စောဆင်းလာတယ်။ သူ့ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေသလိုပဲ။ မြင်းကို ဒုန်းဆိုင်းစီးပြီး တစ်နေရာရာကို လစ်တော့မယ့်သဘောရှိတယ်။ ဒီတော့ ဘိုးကီးလည်း ချက်ချင်းပဲ ပညာရှင်ကြီးရဲ့ မြင်းရှေ့က ပိတ်ရပ်လိုက်ပြီး သူတတ်ထားတဲ့ အီးလမ်းဂွေ့ဂျ် နဲ့ပဲ အမြန်မှုတ်လိုက်ရတယ်။

”ခဏကလေးစောင့်ပါဦး ခင်ဗျ။ ကျုပ်မှာ ခင်ဗျား စိတ်ဝင်စားလောက်မယ့် ကဗျာတစ်ပုဒ်ရှိပါတယ်။ ကဗျာရဲ့စကားပြေပြန်ဆိုချက်တွေကို ကျုပ်သိလိုတယ်။ အဲ့ဒါကလေး ပြောပြပေးသွားပါဦးခင်ဗျ”
(မှတ်ချက်။ အီးလမ်းဂွေ့ဂျ် ဖြင့်ပြောသည်ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။)

ပညာရှင်ကြီးက ပိန်ပိန်ပါးပါးပါပဲ။ သူ့ရဲ့ မျက်လုံးအစုံကတော့ ဉာဏ်ပညာနဲ့ စူးရှနေလေရဲ့။ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပုံတော့ရတယ်။ ပညာရှင်ကြီးက တစ်ခွန်းပဲ ပြန်ပြောတယ် –

”ဂျေ ပါး ကွန်ပရိခ်” တဲ့။
(ငါနားမလည်ဘူး ဟု အဓိပ္ပာယ်ရပါသည်)

တကယ်နားမလည်တာလား၊ နားမလည်ချင်ယောင်ဆောင်တာလား မကွဲပြားပေမယ့် ဒီအကွက်ကို ကြိုမြင်ထားတဲ့ ဘိုးကီးဟာ အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်တယ်။ ဒီလို ဘိုးကီးက ရုတ်တရက်ကြီး ပြုံးဖြီးဖြီးကြီးဖြစ်သွားတော့ လူဖြူပညာရှင်ကြီးခမျာ ဘာလားပေါ့။ မျက်မှောင်ကိုသာ အသာကြုတ်လိုက်ရင်း ဘိုးကီးကို ပြန်စိုက်ကြည့်နေတယ်။

လူဖြူပညာရှင်ကြီးရဲ့ စိတ်ဝင်စားမှုကို ရလိုက်မှန်း တပ်အပ်သိလိုက်တဲ့ ဘိုးကီးဟာ သူ့နောက်မှာ ပါတဲ့စကားပြန်တွေကနေတဆင့် သူပြောချင်တာတွေကို ပြောခိုင်းတော့တာပေါ့။ (သူတို့ရဲ့ ဂြိုဟ်သားလိုပြောကြတာတွေကို ဖတ်ရလွယ်အောင် တခါတည်း ဘာသာပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်)

ဘိုးကီး။        ။ ”ဆရာကြီးအနေနဲ့ ကျိန်းသေပေါက် စိတ်ဝင်စားမယ့် ကဗျာတစ်ပုဒ် ကျုပ်မှာ ရှိပါတယ်။ ကဗျာနဲ့အနက်ကို ပြေပြစ်တဲ့ စကားပြေပုံစံနဲ့ သိလိုပါတယ် ခင်ဗျ။ တဆိတ်လောက် ကဗျာလေးကို ကြည့်ပေးပါဦးဗျ”

ပြောပြောဆိုဆိုနဲ့ ဘာသာပြန်ပြီးသား စာရွက်တစ်ရွက်ကို လှမ်းပေးလိုက်တယ်။

ဘာသာပြန်တွေရဲ့ တိကျမှုကြောင့် ကဗျာမှာ ‘၏/သည်’ အဓိပ္ပာယ်မျှမလွဲ အခြားဘာသာစကားဖြင့် ပြန်ဆိုထားပြီး ဖြစ်လို့နေတယ်။ ဒါကို လူဖြူပညာရှင်ကြီးက မျက်မှောင်ကိုကြုတ်ရင်း တအောင့်ကြာမျှ စိုက်ကြည့်နေတယ်။ ကြည့်နေရင်းမှာပဲ သူ့မျက်လုံးအစုံဟာ တဖြည်းဖြည်း ပြူးကျယ်လို့လာတယ်။

လူဖြူပညာရှင်။        ။ ” ဒါ …. ဒါက ….. ”

ပညာရှင်ကြီးမှာ စကားတောင် ကောင်းကောင်းမဟနိုင်တော့။ ဘိုးကီးကိုသာ မယုံကြည်နိုင်သလို စိုက်ကြည့်နေတော့တယ်။ သေချာပါတယ်။ ကဗျာရဲ့ အနက်ကို သူကောင်းကောင်းကြီးသဘောပေါက်တယ်ဆိုတာ။ နောက်ဆုံးမှာတော့ လူဖြူပညာရှင်ကြီးလည်း သက်ပြင်းကို အသာချရင်း –

လူဖြူပညာရှင်။        ။ ” ကောင်းပြီ။ ခင်ဗျားလိုချင်တဲ့ စကားပြေကို ကျုပ်ပြန်ပေးမယ်။ ဒါပေမယ့် သဘောတူညီမှုတစ်ခုတော့ လိုမယ်။ ”

ဘိုးကီး။        ။ ” ဘယ်လိုမျိုးလဲဗျ။ ”

လူဖြူပညာရှင်။        ။ ” ကျုပ်ကို ဒီကဗျာရဲ့ မူရင်း ပေးလိုက်ပါ။ ဒါဆိုရင် ကျုပ်လည်း ဘာသာပြန်ပေးမယ်။ ”

ကဗျာရဲ့ မူရင်းဆိုတော့ ဘိုးကီးလည်း စဉ်းစားသွားတယ်။ ဒီလူကြီးကို မူရင်းပေးလိုက်လို့ နကန်းတစ်လုံးမှ နားလည်မှာလည်း မဟုတ်ပဲနဲ့။ ဒါပေမယ့် သိတဲ့အတိုင်း ဘိုးကီးဟာ ကုန်းတတန်၊ ရေတတန် ခရီးနှင်လာခဲ့ရတာ။ ရှေ့မှာလည်း လူဖြူပညာရှင်ကြီးကို တိတ်တဆိတ်နောက်ယောင်ခံလိုက်ရသေး၊ ဆိုတော့ တော်တော်လေး ပင်ပန်းနေပြီ။ ပေးဆိုတော့လည်း ပေးရတာပေါ့လေ။ အဓိပ္ပာယ်သိရင်ပဲ ကျေနပ်ပါပြီ။ ဒါနဲ့ပဲ အသင့်ပါလာတဲ့ ပုရပိုက်ကြီးကို ထိုးပေးလိုက်တော့တယ်။

လူဖြူပညာရှင်ကြီးလည်း ဂရုတစိုက်နဲ့ လှမ်းယူလိုက်တယ်။ ဒါဟာ သမိုင်းတွင်မယ့် တွေ့ရှိမှုကြီး မဟုတ်လား။ နောက်ပြီး ခပ်မြန်မြန်ပဲ ကဗျာကို သူ့ရဲ့ ဂြိုဟ်သားဘာသာစကားနဲ့ စကားပြေပြန်ပေးလိုက်တယ်။ ထို့နောက် ပုရပိုက်ကြီးကို အသေအချာပိုက်၊ သူ့မြင်းကြီးကိုစီးပြီး ခပ်မြန်မြန်ပဲ လစ်သွားလေရဲ့။ ထွက်မသွားခင် ပညာရှင်ကြီးရဲ့ ခပ်ထေ့ထေ့ အပြုံးတစ်စကိုတော့ ဘိုးကီးနဲ့ ဝိုင်းတော်သားတွေ တစ်ယောက်မှ သတိမထားမိလိုက်ကြပါ။

ပညာရှင်ကြီးရဲ့ စကားပြေပြန်ဆိုထားချက်ကို သိချင်လှပြီဖြစ်တဲ့ ဘိုးကီးဟာ သူ့စကားပြန်တွေနဲ့ အကျအန ပြန်ဆိုစေတယ်။ စကားပြေကနေ ရွှေပြည်ကြီးရဲ့ ဘာသာကို နောက်ပြန် ပြန်ပြောင်းရတာ ပိုပြီးတောင်ခက်နေသလိုပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာသာပြန်ဆိုမှုလည်း ပြီးစီး၊ ကဗျာအကြောင်းလည်း အကျအန နားလည်သွားတာမို့ ဘိုးကီးဟာ အကျေနပ်ကြီး ကျေနပ်သွားတော့တာပေါ့။ သေချာစဉ်းစားကြည့်ရင် ဒီကဗျာလေး ရဖို့ အဆင့် ၃ ဆင့် ဖြတ်လိုက်ရတယ်။

  • ပထမအဆင့်မှာ ကဗျာကို ရွှေပြည်ကြီးရဲ့ ဘာသာစကားကနေ ဘာမှန်းမသိတဲ့ ဂြိုဟ်သားဘာသာစကားကို ပြောင်းရတယ်။
  • ဒုတိယအဆင့်မှာတော့ စကားပြေအနေနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဂြိုဟ်သားဘာသာနဲ့ ပြန်ရေးရတယ်။
  • နောက်ဆုံးအဆင့်မှာ ဂြိုဟ်သားစကားကို ရွှေပြည်ကြီး စကားပြန်ပြောင်းရတယ်။

အဆင့်တွေက ရှည်ပင်ရှည်ငြား နောက်ဆုံးရလဒ်ကတော့ စိတ်ကျေနပ်ဖို့ အင်မတန်ကောင်းတာကို ဘိုးကီးလည်း ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။ ဒီလိုမျိုး ကူးပြောင်းရတဲ့ ဖြစ်စဉ်တွေကိုလည်း transform လို့အမည်ပေးလိုက်တယ်။ တချိန်တည်းမှာပဲ အဆိုပါလူဖြူတိုင်းပြည်ကြီးဟာ အပြင်အဆင်တို့နဲ့ သစ်လာမည်လို့ ယူဆရတာကြောင့် ပြင်သစ်လို့ လွယ်လွယ်ခေါ်လိုက်တယ်။ (အဲ့ တိုင်းပြည်ရဲ့ နာမည် အသံထွက်က ခက်တာလည်း ပါတာပေါ့နော်။ ဘိုးကီးဘယ်လိုကြိုးစားကြိုးစား အဆိုပါတိုင်းပြည်နာမည်ကို မှန်အောင်မခေါ်တတ်ခဲ့ဘူး။) အဲ့ဒီလိုနဲ့ ဘိုးကီးတို့လည်း ရွှေပြည်ကြီးကို ပြန်လာခဲ့ကြတာပေါ့ကွယ်။

နောက်ဆက်တွဲ

ဘိုးကီးရဲ့ စွန့်စားခန်းလေးကတော့ ဒီလောက်ပဲဗျ။ ဒါနဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်ကြသလဲ အားလုံးသိချင်ကြမယ် မှတ်တယ်။ တချို့လည်း သိပြီးသားလို့တောင် မှတ်တယ်။ ပညာရှင်ကြီးနဲ့ တွေ့အပြီး ဘိုးကီးလည်း စိတ်အကျေနပ်ကြီး ကျေနပ်ပြီး ‌ရွှေပြည်ကြီးဆီ ပြန်လာတယ်။ ဒါပေသိ အရက်ရက် အလလ ပင်ပန်းသမျှတွေက ရွှေပြည်ကြီးပြန်ရောက်တော့မှ အတိုးချပြီးတော့ လာထိတော့ ဘိုးကီးလည်း ပြန်ရောက်ပြီး သိပ်မကြာဘူး။ မာလကီးယားသွားရှာတယ်တဲ့ကွယ် (သနားပါတယ် 😥)။ ဘာသာပြန်ပေးခဲ့တဲ့ လူတစ်စုကလွဲရင် ဒီအကြောင်းကို သိတဲ့လူကလည်း မရှိသလောက် ဖြစ်သွားတယ်ပေါ့။ နောက်ပိုင်း ပြန်ကြားရတဲ့ သတင်းတွေအရ အဆိုပါလူဖြူပညာရှင်ကြီးဟာ ဘိုးကီးတို့နဲ့ တွေ့ပြီး နောင်နှစ်အနည်းငယ်အကြာမှာ တစ်ကမ္ဘာလုံး ဖိန့်ဖိန့်တုန်သွားမယ့် ကျမ်းကြီး ၅ စောင်ကို ပြုစုခဲ့တယ်ဆိုပဲ။ ၅ စောင်လုံးပြီးသွားဖို့ ၂၆ နှစ်လောက်တောင် အချိန်ယူလိုက်ရတယ် ဆိုပဲ။ ဘိုးကီးတို့နဲ့ တွေ့လိုက်တဲ့ တခဏတာအချိန်လေးအတွင်းမှာ ဒီလို ကြီးမားတဲ့ အမြင်တွေကို သူရသွားသလားဆိုတာတော့ ဘယ်သူမှသေချာမသိပါ။ သေချာတာတစ်ခုကတော့ ကျမ်းကြီး ၅ စောင်လုံးမှာရော၊ လူဖြူပညာရှင်ကြီး ရေးခဲ့သမျှစာတမ်းတိုင်းမှာရောပါ ဘိုးကီးတို့ကို အသိအမှတ်ပြုရေးထည့်သွားခြင်းမရှိခဲ့ပါ။ နောက်ပြီး ဘိုးကီးရဲ့ လျှို့ဝှက်ကဗျာ (မူရင်း)ပါ ပုရပိုက်ကြီးမှာလည်း စုံးစလုံးစမြှုပ်သွားတော့သည်မှာလည်း ယနေ့အထိတိုင်အောင် ဖြစ်ပါတော့သည်။

(စာကြွင်း။ ဒီအကြောင်းတွေကို ဘိုးကီးရဲ့ တီတွတ် (ဂရိတ်ဂရိတ် ဂရမ်းစန်း) တော်စပ်သူ ဆရာကီးက ပြန်လည်ဖောက်သည်ချတဲ့အတိုင်း ရေးသားရခြင်းဖြစ်ပါတယ်။ ကာယကံရှင်နာမည်များကို တမင်ထိန်ချန်ပြီး ရေးထားတာပါ။ ဘိုးကီးနဲ့ တွေ့ခဲ့တဲ့ လူဖြူပညာရှင်ကြီး နာမည်ကိုလည်း ထည့်မပြောတော့ဘူး။ ကိုယ့်ဘာသာစဉ်းစားကြချေ။ အချက်အလက်တွေ ချွတ်ချော်တာ တစ်ခုခုတွေ့ရင်လည်း တစ်လကျော်ကြာ lockdown ကြောင့် ရူးနောက်နောက်ဖြစ်ချင်နေသော ဆရာကီးနှင့် ကိုဗစ် တို့ကိုသာ အပြစ်တင်ကြပါလို့ပြောကြားရင်း ….. ဟိဟိ လစ်ဦးမှ 😁)

#yp

ဆရာကီးပါသော အခြားဆောင်းပါးများ – ဆရာကီး ပြောတဲ့ Gravity အကြောင်း , ဆရာကီးနှင့် ဂရိခေတ်ရဲ့ motion