စာမရေးဖြစ်တာတောင် အတော်ကြာပေါ့။ ကျမ်းပြုစာပြု လုပ်နေရတာတကြောင်း၊ အပျင်းကလေး ဝင်နေတာလည်းတကြောင်းကြောင့် insight page မပြောနဲ့၊ facebook ဖွင့်ရမှာတောင် ပျင်းဖို့ကောင်းလှချည့် ဆိုပြီး အောက်မေ့မိတယ်။ ဒီအတိုင်းနေသွားရင်တော့ လူရော စိတ်ပါ ထိုင်းကုန်မှာ ကျိန်းသေပေါက်။ ဒါနဲ့ မဖြစ်ချေဘူး။ တစ်ခုခုတော့ ရေးဦးမဟဲ့ ဆိုပြီး လတ်တလောဖတ်ဖူးတာတွေထဲက စိတ်ဝင်စားစရာကောင်းမယ့် အကြောင်းအရာလေးတွေ စဉ်းစားကြည့်တော့ Ponzi scheme ဆိုတဲ့ အသုံးအနှုန်းလေးကို ပြေးတွေ့မိတယ်။ Finance တို့ economics တို့ လေ့လာဖူးသူတွေအတွက်ကတော့ အဆန်းဟုတ်ချင်မှဟုတ်ပါမယ်။ ဒါပေမယ့် အရင်က ဒီစကားလုံးလေးကို မသိဖူး၊ မကြားဖူးသေးဘူးဆိုတဲ့ ပရိသတ်တွေအတွက်တော့ ဗဟုသုတတစ်စုံတရာ ပေးစွမ်းနိုင်လိမ့်မယ်လို့ ထင်မှတ်မိတာကြောင့် အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး စာရေးသူဖတ်ဖူးကြားဖူးသလောက် ပြန်လည်ဝေမျှ ဖောက်သည်ချလိုက်ရပါတယ်။
Ponzi scheme ဆိုတဲ့စကားလုံးလေးကို စာရေးသူစပြီး သတိထားမိတာ John Allen Paulos ရဲ့ ‘A mathematician reads the newspaper’ ဆိုတဲ့စာအုပ်ထဲက “ပစ္စုပ္ပန်၊ အနာဂတ်နှင့် Ponzi scheme” အမည်ရှိဆောင်းပါးလေးမှ တဆင့်ဖြစ်တယ်။ ဆောင်းပါးထဲမှာ ပြောထားတာကို သုံးသပ်ကြည့်တော့ အချက်နှစ်ချက်သွားတွေ့မိတယ် (စာရေးသူရဲ့ အမြင်သက်သက်သာ။)
ပထမအချက်က ကျွန်ုပ်တို့ လူသားတွေရဲ့ ရေတို (ပစ္စုပ္ပန်) ကိုသာ ပိုမိုဂရုထားပူပန်တတ်ကြပုံ၊ အနာဂတ်အကျိုးဆက်တွေကို လျစ်လျူရှုလေ့ရှိတတ်ပုံ၊ စတာတွေကို Ponzi scheme နဲ့ ခိုင်းနှိုင်းသုံးသပ်ပြထားတာပါ။ ဒုတိယအချက်မှာတော့ အဖြစ်အပျက်သေးသေးလေးတွေစုတာ များလာရင် သက်ရောက်မှု (impact) ကြီးကြီးမားမားဖြစ်သွားနိုင်ကြောင်း ဥပမာအချို့ ပေးပြီး ဆွေးနွေးထားပါတယ်။ အခုဆောင်းပါးလေးမှာတော့ ပထမအချက်ဖြစ်တဲ့ Ponzi scheme နဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးကြည့်ချင်ပါတယ်။
Ponzi scheme ဆိုတာဘာလဲ?
အမေရိကန်ပြည်ထောင်စု Securities and Exchange Commission ဆိုတဲ့အဖွဲ့အစည်းကတော့ Ponzi scheme ကို အတုအယောင် ရင်းနှီးမြှုပ်နှံမှု (investment fraud) ဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ဆိုပြထားတယ်။ ဖွင့်ဆိုချက်အပြည့်အစုံမှာ –
A Ponzi scheme is an investment fraud that involves the payment of purported returns to existing investors from funds contributed by new investors.
Quoted from Ref. [1]
အဓိပ္ပာယ်မှာ Ponzi scheme ဆိုတာ ရင်းနှီးမြှုပ်နှံသူ အသစ်တွေဆီကနေရတဲ့ ငွေတွေကို ရင်းနှီးမြှုပ်နှံသူအဟောင်းတွေအတွက် အမြတ်အစွန်းအနေနဲ့ ပေးချေတဲ့ အတုအယောင်ရင်းနှီးမြှုပ်နှံမှုစနစ်လို့ ပြောထားတာပါ။ ဒါနဲ့ အတုအယောင်ဆိုပြီး ပြောရတာကတော့ ဒီစနစ်ဟာ အမြတ်တကယ်ရနေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျိုး မဟုတ်လို့ပါပဲ။ နောက်လာတဲ့လူတွေ (တနည်း လူသစ်တွေ) ဆီက ငွေတွေကို လူဟောင်းတွေကို ပြန်ပြီး ဖြန့်ဝေ ပေးနေတာမျိုးပါ။ ဟာ ဒါဘာပြဿနာရှိလို့လဲ လို့မေးလာခဲ့ရင် ‘ဟုတ်ကဲ့။ ပြဿနာကတော့ အကြီးကြီးရှိတယ်’ လို့ဆိုချင်ပါတယ်။ ဘာလို့ဆို ဒီစနစ်က လူသစ်တွေ ထပ်ထပ်ပြီး ဝင်နေမှသာ ဆက်လက်ပြီး လည်ပတ်နေနိုင်တာပါ။ လူသစ်တွေ ထပ်မရောက်လာတော့ရင်တော့ ဒီစနစ်လည်း လဲပြိုသွားနိုင်လို့ပါ။
Ponzi scheme စနစ်ဟာ အရင်းနည်းနည်းနဲ့ အမြတ်များများရမယ်ဆိုပြီး လူတွေကို ဆွဲဆောင်လေ့ရှိတယ်။ လက်တွေ့ဘဝထဲက ဥပမာတချို့ကို ပြရမယ်ဆိုရင် တချို့ ငွေစုဖို့ဆိုပြီး လူတွေကို ဆွဲဆောင်တဲ့အကြောင်းလေး ပြောပြရမယ်ထင်ပါ့။ စာရေးသူနားလည်မိသလောက်တော့ အဆိုပါသူတွေက ပြောတဲ့ အမြတ်အစွန်းဟာ အရမ်းကို ကောင်းလွန်းနေတတ်ပါတယ်။ ဆိုပါတော့ ငွေ တစ်သောင်း ပေးပြီး လကုန်တဲ့အခါ ငွေတစ်သောင်းခွဲ ပြန်ရမယ်ဆိုတာမျိုး (ဥပမာပြောတာနော်)။ သဘောတရားအရပြောရရင် ဒီလုပ်ငန်းကို စလုပ်တဲ့သူ (operators) တွေဟာ အစောပိုင်း ငွေသွင်းထားတဲ့လူတွေကို အိတ်စိုက်ပေးထားပြီး နာမည်ကောင်းရအောင် လုပ်တတ်ကြတယ်။ တဖြည်းဖြည်းနဲ့ အမြတ်ရတဲ့လူတွေဆီကနေ တဆင့်စကားတဆင့်ကြားပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူတွေ ထပ်ဝင်လာကြမယ်။ ဥပမာ – တစ်ယောက် တစ်သောင်းပဲထား၊ အသစ်ဝင်တဲ့သူ ဆယ်ယောက်ဆို တစ်သိန်း ရှိနေပြီ။ Operator ရဲ့အလုပ်က အဲ့ဒီအသစ် (လူများစု)ရဲ့ ငွေတွေကို အဟောင်း (လူနည်းစု)ကို ပြန်ဖြန့်ဖို့ရယ်၊ သူ့အတွက် အမြတ်အစွန်းဖြတ်ယူထားတာရယ်ပဲ ရှိပါတယ်။ တကယ့်လုပ်ငန်းရယ်လို့လည်း မယ်မယ်ရရမရှိတာများပါတယ်။ ဒီတော့ အသစ်ထပ်ဝင်တဲ့သူ (new investors) တွေ မရှိတော့ရင်ပဲဖြစ်စေ၊ လက်ရှိငွေထည့်ထားတဲ့သူတွေ အကြောင်းတစ်စုံတစ်ခုကြောင့် ငွေပြန်ထုတ်ချင်လာလို့ပဲဖြစ်စေ၊ စတာတွေ ဖြစ်လိုက်တာနဲ့ operator ဟာ သူအိတ်စိုက်ပြီး ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင်ပြေး (များသောအားဖြင့်တော့ ဒုတိယ option ပဲ သွားကြတယ်ထင်ပါ့ 😅) ။ ဒီအကြောင်းလေးတွေ စာဖတ်သူတို့လည်း ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါတွေကတော့ Ponzi scheme ကို ရှင်းပြချင်လို့ ပေးတဲ့ဥပမာတစ်ခုသာ ဖြစ်ပါတယ်။
တကယ်လည်း ဒီစနစ်ကို သုံးပြီး လူတွေအများကြီးကို အကြံအဖန်လုပ်သွားတဲ့ သာဓကတွေ သမိုင်းမှာလည်း အများကြီး ရှိပါတယ်။ ဝေးဝေးကြည့်စရာတောင် မလိုဘူး။ Ponzi scheme ဆိုတဲ့ စကားလုံး အစပြုလာတာကိုပဲကြည့်တော့။ ၁၉၂၀ ခုနှစ်ပိုင်းလောက်မှာ Charles Ponzi ဆိုတဲ့ ဘိုးတော်ဟာ တံဆိပ်ခေါင်းလုပ်ငန်းအယောင်ပြပြီး လူတွေကို လိမ်လည်ခဲ့တာပါ။ အဲ့ဒီတုန်းက နှစ်စဉ်ဘဏ်တိုးနှုန်းဟာ ၅% ပဲ ရှိတာပါ။ ဒါကို Charles Ponzi က သူ့ဆီမှာ ရင်းနှီးမြှုပ်နှံမယ်ဆို ရက် ၉၀ တည်းနဲ့ ၅၀% အတိုးပေးမယ်ဆိုပြီး investors တွေကို ဆွယ်ခဲ့တယ်။ အစပိုင်းတော့ mail coupons လေးဘာလေးဝယ်ပြီး ဟန်ပြလုပ်လိုက်သေးပေမယ့် နောက်ပိုင်းလည်းကျရော လူသစ်တွေဆီက ငွေတွေကို အရင်မြှုပ်နှံထားတဲ့လူတွေ (လူဟောင်းတွေ) ဆီ ပြန်ပေးတဲ့ စနစ်ဖြစ်သွားခဲ့ပါတယ် (Ref. [1]) ။ သူဟာ ဒီနည်းနဲ့ အတော်လေး အမြတ်တွေရသွားသေးတယ် ပြောတယ်။ ဒါပေမယ့် ရေရှည်မခံပါဘူး။ တချိန်မှာတော့ စနစ်ရဲ့ သဘောအရ ပြိုလဲရတာပါပဲ။ ဒီအကြောင်းကို အဲ့ဒီခေတ်တုန်းက အမေရိကနဲ့ အခြားအပြည်ပြည်ဆိုင်ရာ သတင်းစာဆောင်းပါးတွေမှာ အကျယ်တဝင့်ဖော်ပြခဲ့ကြတယ်တဲ့။ စနစ်ရဲ့ နာမည်ကိုတောင်မှ သူ့ကို အစွဲပြုပြီးခေါ်ခဲ့ကြတယ်လို့လည်း သိရပါတယ် (Ref. [3])။
ကဲ Ponzi အကြောင်း အနည်းနဲ့အများ သဘောပေါက်သွားပြီဆိုရင် ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ John Allen Paulos ရဲ့ argument လေးဆီ ပြန်သွားရအောင်။ လူသားတွေဟာ ရေတိုကိုသာ ပိုမိုအာရုံစိုက်ပြီး ရေရှည်အကျိုးဆက်ကို မကြည့်ကြဘူး။ ဒီအတိုင်းသာဆက်သွားမယ်ဆို Ponzi scheme လိုပဲ တချိန်ချိန်မှာ ပြိုလဲသွားနိုင်တယ် ဆိုပြီးပြောထားတာပါ။ အော် ဒါနဲ့ သူ့ရဲ့ဆောင်းပါးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက ရေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူပြောချင်တဲ့ အချက်တွေကို ယနေ့ခေတ်အဖြစ်အပျက်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆို အတော်များများ မှန်နေတာတွေ့ရပါမယ်။ ဥပမာ – သယံဇာတတွေရှားပါးလာတာမျိုး၊ ပလတ်စတစ်နဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲတွေအပေါ်မှာ ထိခိုက်မှုတွေရှိလာတာ၊ ကမ္ဘာကြီးပူနွေးလာတာ စတဲ့အချက်တွေဟာ Ponzi စနစ်လိုပဲ တချိန်ချိန်လဲပြိုသွားနိုင်မလား ဆိုပြီး စိုးရိမ်ထိုက်ပါတယ်။
ဆောင်းပါးလေးထဲမှာ ပေးထားတဲ့ နောက်ထပ်သင်္ချာဆိုင်ရာ သရုပ်ပြကွက်လေးကို သဘောကျမိတာကြောင့် ဆီလျော်အောင် ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ မူရင်းကတော့ Robert Louis Stevenson ရဲ့ ပုလင်းထဲကမှင်စာ (The imp in the bottle) ဆိုတဲ့ ပုံပြင်လေးပါ။ ပုလင်းကို ဖွင့်လိုက်ရင် မှင်စာလေးထွက်လာပြီး သင်တောင်းချင်တဲ့ဆုတစ်ခုကို ပြည့်ဝစေမယ်။ ဥပမာ – အချစ်၊ ငွေကြေး၊ အာဏာ။ အဲ့ဒီပုလင်းလေးကို ကြိုက်သလောက်ဈေးပေးပြီး ဝယ်လို့ရတယ်ဆိုပါတော့။ အဲ့ တစ်ခုတော့ရှိတယ်။ သင်ကြိုက်ရာဆုတစ်ခုတောင်းပြီးသွားရင် ပုလင်းကို ဝယ်ထားတဲ့ဈေးအောက် လျှော့ပြီး ပြန်ရောင်းကိုရောင်းရမယ်။ ရောင်းမထွက်တာတို့၊ ပုလင်းကို ခွဲပစ်လိုက်တာတို့ လုပ်ခွင့်မရှိဘူး။ အဲ့လိုလုပ်လိုက်မယ်ဆို သင်တောင်းထားတဲ့ဆုလည်း ပျောက်သွားမယ်၊ သင်လည်း မှင်စာဘဝပြောင်းပြီး ပုလင်းထဲမှာ တသက်လုံးနေသွားရမယ်တဲ့။ (မူရင်းဆောင်းပါးမှာတော့ suffer everlasting torment in hell ဆိုပြီးရေးထားတာပါ။ စာဖတ်သူတွေ ကြောက်ကုန်မှာစိုးလို့ နည်းနည်းပြန်ပြင်ပြီး ရေးလိုက်တာပါ 😁)
ဟုတ်ပြီ။ ဒါဆို ဒီပုလင်းကို ဘယ်လောက်နဲ့ ဝယ်မလဲ။ ကျပ်နဲ့ပဲ တွက်ကြရအောင်။ လောလောဆယ် တစ်ကျပ်တန်က အနည်းဆုံးမလား (ရှိတောင်ရှိကြသေးရဲ့လားပဲ)။ တစ်ကျပ်နဲ့ဝယ်မလား။ No ဘယ်ဖြစ်မလဲနော့။ တစ်ကျပ်ထက်လျော့ပြီး ရောင်းလို့မှမရနိုင်တော့ပဲ။ ဒါဆို နှစ်ကျပ်ပေးရင်ကော။ အာ့လည်း အဆင်မပြေပြန်ဘူး။ ဘာလို့ဆို သင်နှစ်ကျပ်နဲ့ ဝယ်ထားပေမယ့် နောက်လူက တစ်ကျပ်နဲ့ရောင်းမထွက်ဘူးဆိုတာ သူသိနေတာကိုး။ ဒီတော့ဘယ်ဝယ်မလဲ။ ဟုတ်ပြီ ဒီ argument အတိုင်းသာဆက်သွားမယ်ဆို သုံးကျပ်၊ လေးကျပ်၊ ငါးကျပ် စသဖြင့် တိုးတိုးပြီး တွက်သွားရင်လည်း ဝယ်လို့မရသေးဘူး။ ဘာလို့ဆို နောက်ဆုံးမှာတော့ တစ်ကျပ်အဖြစ် ရောက်လာမှာပဲမလား။ အဲ့တော့ သင်္ချာဝိသေသ (mathematical induction) သဘောအရကြည့်ရင် ဒီပုလင်းကို ဘယ်လောက်ဖြစ်ဖြစ်ပေးပြီးတော့ မဝယ်သင့်ဘူး။ ဒါပေမယ့် သင့်ဆီ စရောက်လာမယ်ဆိုရင်တော့ တစ်သိန်းလောက်ပေးပြီး ဝယ်မှာမလား။ ထားပါတော့။ သင်ကအရမ်းကို စာနာတတ်တယ်ဆိုတော့ ၁၀ သိန်းလောက်ပေးပြီး ဝယ်လိုက်မယ်။ ၁၀ သိန်းကနေ တစ်ကျပ်ရောက်ဖို့က အဝေးကြီးမလား။ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ သင်လုပ်တဲ့အကျိုးဆက်အရ တစ်ယောက်ယောက်ကတော့ ကျိန်းသေပေါက် ရောင်းမထွက်တာကြောင့် မှင်စာဘဝရောက်ရမှာပါပဲ။ ပြောရရင် စနစ်က ပြိုလဲသွားနိုင်တာ (တနည်း sustainable မဖြစ်တာ) ကိုထောက်ပြချင်တာပါ။ ဒါတွေ သိပင်သိသော်ငြား ဝေးနေသေးရင် စိတ်အေးနေတတ်တဲ့ (မိမိအပြစ်သိပ်မရှိသလို ခံစားတတ်ကြတဲ့) လူ့သဘောဝကိုလည်း ချိန်ထိုးပြောပြထားဟန်တူပါတယ်။
(မှတ်ချက်။ money ဆိုတာ ကျွန်ုပ်တို့ရဲ့ စိတ်ထဲမှာသာတည်ရှိတဲ့ imagined reality တွေပါ ဆိုပြီးတော့လည်း စကားလာမကပ်နဲ့ပေါ့ကွယ် 😅။ သူက အတွေးစမ်းသပ်ချက်သဘောမျိုးနဲ့ ပြောထားရုံ ဖြစ်နိုင်ပါတယ်)
ဒီအကြောင်းလေးတွေဟာ ဆက်စပ်ကြည့်ရင် Ponzi scheme နဲ့လည်း အလားသဏ္ဌာန်တူနေတာကို တွေ့နိုင်ပါတယ်။ ဆောင်းပါးကတော့ ဘာလိုလိုနဲ့ အတော်လေးရှည်သွားပြီမို့ နိဂုံးချုပ်ခွင့်ပြုပါဦးလို့။
#yp
REF.
[1] https://www.sec.gov/fast-answers/answersponzihtm.html [2] John Allen Paulos, 2013. A Mathematician Reads the Newspaper. “The Present, the Future, and Ponzi Schemes”, Page 96 – 98. [3] https://en.wikipedia.org/wiki/Ponzi_scheme