ဒီနေ့ပိတ်ရက်ဆိုတော့ ထုံးစံအတိုင်း ‘ဆရာကီး’ ဆိုတဲ့ ဆရာသမားက ကျွန်တော့်အိမ်မှာ အခန့်သား။ ကျွန်တော့် တစ်ပတ်စာဘီယာတွေကို တစ်လုံးပြီးတစ်လုံးဆော်ရင်း သူပြောချင်ရာတွေ လွှတ်ပြောတော့တာပဲ။ ပထမတော့ စကားဝိုင်းက သတ်သတ်မှတ်မှတ် မရှိဘူး။ ဟိုရောက်လိုက်၊ ဒီရောက်လိုက်နဲ့။ လတ်တလောဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်အကြောင်းလည်း ပါတယ်။ တလောက ချကုန်တော့မလားတောင် ထင်ရတဲ့ အီရတ်-အမေရိကန်အရေးလည်းပါတယ်။  ဘာမှမဆိုင်တဲ့ အာဝင်ရှော်ဒင်းဂျားရဲ့ လှိုင်းညီမျှခြင်းအကြောင်း၊ ကိုပင်‌‌ဟေဂန် သုံးသပ်ပုံတွေအကြောင်းလည်းပါတယ်။ အဲ့ဒီမှာ ဆိုင်မဆိုင်တော့ မပြောတတ်ဘူး။ လူသားတွေရဲ့ ပင်ကိုယ်အသိစိတ်မှာပါလာတဲ့ လေ့လာသုံးသပ်ပုံ ညံ့ဖျင်းတဲ့အကြောင်းကို အတော်လေးဆွေးနွေးဖြစ်တယ်။ အဲ့ဒီကနေတစ်ဆင့် ဂရိခေတ်ပါ စကားဝိုင်းထဲ ရောက်လာတယ်ဆိုပါတော့။ ဆရာကီး ပြောပြပုံကဒီလို …

ဆရာကီး။ ။ မင်းတို့ ငါတို့ဆိုတဲ့ လူသားတွေမှာ ပင်ကိုပါလာတဲ့ observation skill က ခပ်ညံ့ညံ့ပဲကွ။  အဲ့ဒီ  ခပ်ညံ့ညံ့ observation တွေပေါ်အခြေခံပြီး သဘာဝနိယာမတွေကို နားလည်ဖို့လုပ်နေရတော့ တစ်ခါတလေ အလွဲအကြီးကြီးတွေ လုပ်မိကြတယ်။ ပြောရရင် Perception (သဘောထားအမြင်) နဲ့ understanding (အမှန်တကယ် နားလည်တာ) ကွာသလိုမျိုးပေါ့။

ကျွန်ုပ်။  ။ ဟာ ၊ တယ်ဆိုတဲ့ စာပါကလား ဆရာသမား။ ဘာကို ဆိုလိုချင်တာမှန်းကို မသိတာ 😅။ နည်းနည်းလောက် ရှင်းနိုင်ရင် ရှင်းစမ်းပါဦး။

ကျွန်တော့်ရဲ့ ခပ်ထေ့ထေ့လေသံကိုပင် ဘီယာတန်ခိုးနဲ့ သတိမထားမိတဲ့ ဆရာကီးကတော့ –

ဆရာကီး။  ။ အေး ရှင်းဆိုလည်း ရှင်းပြရသပ။ ဒီလိုရှိတယ်။ perception ဆိုတာက ငါတို့ရဲ့ မြင်သိ၊ ကြားသိ၊ တွေ့ကြုံသိ စတဲ့ အာရုံတွေပေါ်မှာ အခြေခံတယ်။ နားလည်မှု ဘာမှမပါဘူး။ ဥပမာပေးမယ်ကွာ။ colour blind တွေက အရောင်ကို သေချာမခွဲတတ်ဘူး။ အထူးသဖြင့် အနီနဲ့အစိမ်းဆို ရောနေတယ်။ အဲ့ဒါကို သူမြင်တဲ့ အမြင်အတိုင်း အစိမ်းကို အနီပါဆိုပြီး တလောကလုံးကို လိုက်ပြောင်းခိုင်းလို့မရဘူး။ အဲ့လိုပြောလို့ အဲ့ဒီ colour blind ကောင်က လိမ်ပြောနေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူးကွ။ သူမျက်စိကမြင်တာကို သူ့ရဲ့ ဦးနှောက်က ဖတ်ပြီး information ပြန်ထုတ်ပေးတဲ့အတိုင်း သူလည်းပြောတာပဲ။ ပြောချင်တာက သူ့အတွက် အစိမ်းကို အနီရောင်ပဲမြင်ရတာ။ အဲ့လိုမျိုးသောက်တလွဲကြီးကို သူ့ဦးနှောက်က ဆေးထိုးလွှတ်လိုက်တာ။ ဆိုတော့ သူညာနေသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အဲ့လို ပြောလို့ သူပြောတာမှန်သလားဆိုတော့လည်း မမှန်ပြန်ဘူးကွ။ ဒါက ဥပမာတစ်ခုအနေနဲ့ ပေးကြည့်တာ။ တကယ်တော့ ငါတို့အဲ့လိုတလွဲတွေ မြင်နေ၊ တွေ့နေ၊ ခံစားနေရတာတွေက အများကြီးကွ။ ရူပဗေဒသာ ပေါ်မလာခဲ့ဘူးဆို တစ်ယောက်တစ်မျိုးနဲ့ အလွဲပေါင်းများစွာ ပြောနေ၊ ငြင်းနေမိကြမလားပဲ။

ကျွန်ုပ်။  ။ ရူပဗေဒ ပေါ်လာတော့ရော ဘာကွာသွားလို့လဲ ဆရာကီးရ။

ဆရာကီး။ ။ အနည်းဆုံးတော့ ခုနက ပြောတဲ့ perception ပေါ်မှာချည်း အခြေခံပြီး ငြင်းတာတွေ နည်းသွားတာပေါ့ကွာ။ understanding လို့ခေါ်တဲ့ အမှန်တကယ် သဘောပေါက်နားလည်မှုတွေပေါ်မှာ အခြေခံလာကြတော့ အမှန်တရားနဲ့ ပိုနီးစပ်လာတာပေါ့။ ဆိုလိုချင်တာက လောကမှာရှိတဲ့ အမှန်တရားတွေဆိုတာ မင်းတို့ ငါတို့ observe လုပ်ပြီးမှရတဲ့ perception တွေပေါ် မမှီခိုဘူးဆိုတာပဲ။ perception ကတော့ လူပေါ်မူတည်ပြီး တစ်ယောက်တစ်မျိုး ပြောင်းချင်ပြောင်းနေတတ်တယ်။ အဲ့ တကယ့် အရှိတရားကျတော့ အဲ့လိုမျိုး ပြောင်းချင်တိုင်းပြောင်းလို့မှ မရတာ။ perception ကြောင့် ဂရိခေတ်တုန်းက အလွဲအကြီးကြီး လွဲခဲ့ရတဲ့အကြောင်းလေးတောင် သွားသတိရမိတယ်။

ကျွန်ုပ်။  ။ ဂရိခေတ်တုန်းက အလွဲအကြီးကြီးဆိုတော့ အရစ်တိုတယ်လ်နဲ့ ပလေတိုတို့ရဲ့ ကမ္ဘာဗဟိုပြု စကြဝဠာအကြောင်းများလား။

ဆရာကီး။ ။ အဟုတ်ပဲဗျို့၊ ကိုယ့်လူ။ တစ်ခုတော့ ကြိုပြောထားမယ်နော်။ သူတို့ကို လွဲနေတယ်ဆိုပြီးလည်း ငါ အပြစ်တင်နေတာမဟုတ်ဘူး။ perception ပေါ်အခြေခံနေသမျှတော့ ဒီလိုအလွဲတွေက ရှိနေဦးမှာပဲ။ အခုငါတို့သင်နေရတဲ့ သိပ္ပံဘာသာတွေမှာတောင် perception ကြောင့် ဖြစ်ရတဲ့ အလွဲတွေပါချင်ပါနေဦးမှာ။ နောင်အနှစ် ၅၀၀ လောက်နေရင် နောက်ထပ် ဆရာ့ဆရာကီးတွေက ငါတို့ရဲ့ တွေ့ရှိချက်တွေကို ခုလိုပဲ အာဝါးလုပ် အတင်းတုတ်ရင် တုတ်နေလောက်မှာ။ ဒါကြောင့်လည်း စမ်းသပ်ချက်တွေကို သတိကြီးကြီးထားစမ်းပြီး perception တွေ bias တွေ နည်းနိုင်သမျှ နည်းအောင်လုပ်နေကြရတာပဲကွ။

ကျွန်ုပ်။  ။ အင်း ဟုတ်ပါပြီ။ ဒါနဲ့ ခုနကပြောတဲ့ ဂရိခေတ်အကြောင်း ဆက်ပါဦးဗျို့။ ဘယ်လိုတွေများ အတွေးချော်ကုန်တာလဲ သိရအောင်။

ဆရာကီး။ ။ ပြောရတာပေါ့ကွာ။ ဂရိခေတ်ကလူတွေက motion ခေါ် အရွေ့အကြောင်းကို စပြီးလေ့လာကြတဲ့အခါမှာ အရွေ့ဟာ သက်ရှိတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်ခဲ့ကြတယ်။ ဥပမာ လူတွေ၊ ခွေးတွေ စတဲ့ အသက်ရှိတဲ့အရာတွေက ရွေ့လျားနိုင်တယ်။ အသက်မရှိတဲ့ ကျောက်တုံးတို့၊ အလောင်းကောင်တို့ကျ မရွေ့နိုင်တော့ဘူး။ ဒါပေမယ့် သက်မဲ့အရာဝတ္ထုတွေကို သက်ရှိတွေက လိုအပ်တဲ့ ‘တွန်းအား’ ပေးပြီးတော့ ရွေ့အောင်လုပ်လို့ရတယ်။ ဥပမာ ကျောက်တုံးကို လူက ပစ်တာမျိုး။ အဲ့တော့ motion လို့ပြောလိုက်ရင် အသက်ရှိခြင်းကြောင့် ဖြစ်လာရတာပဲ ဆိုပြီး ကောက်ချက်ဆွဲခဲ့ကြတာပေါ့။

ကျွန်ုပ်။  ။ လွဲတော့ လွဲနေသေးတယ်နော် ဆရာကီး။ ဘာလို့ဆို အသက်မရှိတဲ့ ဟိုး မိုးပေါ်က ကြယ်တွေ၊ ဂြိုဟ်တွေ၊ တိမ်တွေကျ ဘာလို့ ရွေ့နေပါလိမ့်။ ပြီးတော့ လေတိုက်တာကျတော့ရော ဘယ်လိုပြောမလဲ။ လေက အသက်ရှိပြီး သူ့ဘာသာလျှောက်သွားနေသလိုမျိုးကြီး ဖြစ်မနေဘူးလား။

ဆရာကီး။ ။ ဒါပေါ့။ ဒါကိုကျတော့ ဘယ်လိုရှင်းခဲ့ကြသလဲဆိုတော့ နတ်ဘုရားတွေကြောင့်ပါတဲ့ဗျား။ ဥပမာ ကြယ်တွေ၊ ဂြိုဟ်တွေကို ရွေ့အောင်လို့ နတ်သားတွေ နတ်သမီးတွေက တွန်းပေးကြတယ်တဲ့။ လေတိုက်တာ မိုးရွာတာဘာညာကလည်း လေနတ်သား၊ မိုးနတ်သား စသဖြင့် အသီးသီးကြောင့်ပါတဲ့။

ကျွန်ုပ်။  ။ ဟားဟား။ ဒါကြောင့်လည်း ဂရိမှာ နတ်ကွန်းတွေများနေရတာကိုး။ ဒါနဲ့ နတ်ဘုရားတွေကတော့ ဟုတ်ပါပြီတဲ့။ မီးခိုးငွေ့တွေအပေါ်ကို ပြန့်ကြဲပြီး တက်သွားတာကျတော့ ဘယ်လိုရှင်းမလဲ။ ဦးတည်ရာ သတ်သတ်မှတ်မှတ်တောင်မရှိဘဲ ရောက်ချင်ရာရောက် သွားချင်ရာသွား ဖြစ်မနေဘူးလား။ ကြည့်ရတာ နတ်ဘုရားတွေ အုပ်စုလိုက်ကြီး ရှိနေပုံပဲ။ ဒါမှလည်း မီးခိုးငွေ့တစ်မှုန်ချင်းစီ သွားချင်ရာသွားနိုင်မှာ။ နောက်ပြီး ပစ္စည်းတွေအောက်ပြုတ်ကျတာမျိုးကျတော့ရော ဘာ ‘တွန်းအား’ မလိုဘဲ လွှတ်ချလိုက်ရင် သူ့ဘာသာ အောက်ကျသွားအောင် ခုနကပြောတဲ့ နတ်ဘုရားတွေက လိုက်ရွှေ့ပေးနေတာများလား။ တော်တော်ပင်ပန်းမယ့် အလုပ်ဗျာ။ ငါဖြင့် နတ်တောင် မဖြစ်ချင်တော့ဘူး။

ဆရာကီး။ ။ အေး မင်းပြောသလိုပဲ တချို့ဂရိဉာဏ်ကြီးရှင်တွေလည်း အဲ့လိုမျိုးတွေးမိကြတယ်။ ဒါကြောင့်လည်း ခုနကတွေ့ရှိချက်တွေကို နတ်ဘုရားတွေ မပါစေဘဲ လူတွေရဲ့ တွေးခေါ်ဆင်ခြင်ဉာဏ်သက်သက်နဲ့ပဲ ပြန်ဖြေရှင်းဖို့ ကြိုးစားကြတာပေါ့။ အဲ့လို စဉ်းစားပြတဲ့ နေရာမှာ အရစ်တိုတယ်လ် လို့ခေါ်တဲ့ ဖီလိုဆိုဖာ ဘိုးတော်က အင်မတန်လူသိများဆိုပဲ။ အရစ်တိုတယ်လ်က ဘာပြောလဲဆိုတော့ လောကမှာရှိရှိသမျှ အရာအားလုံးကို ‘မြေ’ ၊ ‘ရေ’၊ ‘လေ’၊ ‘မီး’ ဆိုတဲ့ ဓာတ်တွေနဲ့ ဖွဲ့စည်းထားတာပါတဲ့။ ဒါကတော့ သူ့ရဲ့ ယူဆချက်ပေါ့ဗျာ။ သူကဆက်ပြောတယ်။ ဓာတ်တစ်ခုချင်းစီမှာ ကိုယ်ပိုင်နေရာ ၊ အင်္ဂလိပ်လို natural place ဆိုတာ ရှိသတဲ့။ အကောင်အထည်ရှိတဲ့ အရာရာတိုင်းကို ‘မြေ’ ဓာတ်နဲ့ ဖွဲ့စည်းထားတယ်။ လူတွေ၊ ခွေးတွေ၊ ကြောင်တွေ၊ ကျောက်တုံးတွေ စတာတွေက ‘မြေ’ ဓာတ်ပေါ့ကွာ။ ‘မြေ’ ရဲ့ ကိုယ်ပိုင်နေရာက ကမ္ဘာကြီးရဲ့ အလယ်ဗဟိုချက်နဲ့ နီးနိုင်သမျှနီးနီး ဖြစ်ရမယ်။ ဗဟိုချက်ရှိတယ်ဆိုတော့ ကမ္ဘာကြီးကလည်း အလုံးကြီးဖြစ်ရမယ်။ ကမ္ဘာအလုံးကြီးက ‘မြေ’ လုံးကြီးပေါ့ကွာ။ အဲ့ဒီ ‘မြေ’ လုံးကြီးကို အပေါ်ကနေ ‘ရေ’ နဲ့ အုပ်ထားတာ။ တစ်ခါ ‘ရေ’ အပေါ်ကနေ ‘လေ’ နဲ့ ထပ်အုပ်ထားတယ်။ နောက်ဆုံးကျမှ ‘မီး’ ဓာတ်က အပေါ်ဆုံးကနေ ကာထားတာ။ ဆိုတော့ ‘မြေ’ ၊ ‘ရေ’ ၊ ‘လေ’ ၊ ‘မီး’ ဆိုပြီး အစဉ်အလိုက် သူ့နေရာနဲ့သူ ရှိနေကြတာဆိုပြီး သုံးသပ်ခဲ့တာပေါ့ကွာ။

ကျွန်ုပ်။ ။ Wow စိတ်ဝင်စားစရာပဲ။ ဒါနဲ့ အဲ့ဒီ ‘မြေ’ ၊ ‘ရေ’ ၊ ‘လေ’ ၊ ‘မီး’ ဓာတ်ကြီးလေးပါးနဲ့ motion နဲ့ ကဘယ်လိုများဆက်စပ်နေတာတုန်း။

ဆရာကီး။ ။ လာမယ်လေ။ မူလနေရာ natural place မှာ ရှိနေတဲ့ အရာဝတ္ထုတွေကို အဲ့ဒီနေရာကနေ ရွှေ့လိုက်တဲ့အခါ သူ့နေရာသူပြန်သွားချင်တဲ့သဘောတရား eagerness ရှိကြတယ်တဲ့ ။ ဥပမာ – ကျောက်တုံးရဲ့ natural place က ကမ္ဘာ့ဗဟိုချက်နဲ့ နီးနိုင်သမျှနီးနီးရှိရမှာမလား။ လက်နဲ့အပေါ်ကို ယူလိုက်ရင် natural place ကနေ ဝေးမသွားဘူးလား။ အဲ့ လွှတ်ချလိုက်တဲ့အခါ ကျောက်တုံးဟာ သူ့ရဲ့ မူလနေရာကို ပြန်ချင်နေတာမို့လို့ ချက်ချင်းအောက်ပြန်ပြုတ်ကျသွားတာဆိုပဲ။ အရစ်တိုတယ်လ် ဆိုလိုချင်တာလည်း ဒီသဘောတရားပဲ။ အရာဝတ္ထုတွေဟာ ကိုယ်ပိုင်နေရာကနေ ဝေးသွားတဲ့အခါ သူတို့ရဲ့ မူလနေရာကို ပြန်သွားလိုကြတယ်။ ပြန်သွားဖို့အားထုတ်ကြတယ် ဆိုပါတော့။ ဒါကြောင့်လည်း ကျောက်တုံးကို ရေကန်ထဲပစ်ချလိုက်ရင် အောက်ကိုမြုပ်သွားမယ်။ ‘မြေ’က ‘ရေ’ ရဲ့အောက်မှာ ရှိရမှာမို့ အောက်ကိုကျရခြင်းဖြစ်တယ်။ တစ်ခါ မီးတောက်တွေကို ကြည့်မလား။ အပေါ်ကိုပဲ တက်ချင်နေတဲ့သဘောရှိတယ်။ ဘာလို့ဆို သူတို့ရဲ့ natural place က အပေါ်မှာကိုး။ မိုး ဘာလို့ရွာသလဲ။ ဘာလို့ဆို ‘ရေ’ ရဲ့ natural place က အောက်မှာဆိုတော့ အောက်ပြန်ဆင်းချင်ကြတာ သဘာဝပဲကိုး။ ဟားဟား သူ့ဟာနဲ့သူတော့ ရှင်းပြတာ ဟုတ်နေတာပဲ။

ဘီယာကို တစ်ကြိုက်ချပြီးနောက် ဆရာကီးက ဆက်ပြောသည်မှာ –

ဆရာကီး။ ။ အဲ့လို မူလနေရာကို ပြန်သွားလိုတဲ့ သဘောတရားဟာ အရာဝတ္ထုတွေရဲ့ အလေးချိန်ပေါ်မူတည်တယ်တဲ့။ ပိုလေးတဲ့အရာဝတ္ထုဟာ ပိုပေါ့တဲ့အရာဝတ္ထုထက် မူလနေရာကို ပိုပြီး မြန်မြန်ပြန်သွားချင်တယ်ဆိုပဲ။ အဲ့ဒီရှင်းလင်းချက်ကလည်း မင်းတို့ ငါတို့ ပတ်ဝန်းကျင်မှာ နည်းနည်းလောက် လေ့လာကြည့်လိုက်ရင် တွေ့ရတယ်။ ဥပမာ ကျောက်ခဲတွေ ၊ အုတ်နီခဲတွေလို လေးတဲ့အရာဝတ္ထုတွေကို လွှတ်ချလိုက်ရင် မြန်မြန်ပြုတ်ကျသွားပြီး၊ ပေါ့တဲ့အရာဝတ္ထုတွေဖြစ်တဲ့ ငှက်မွှေးတို့၊ သစ်ရွက်တို့ကျတော့ ဖြည်းဖြည်းလေးပြုတ်ကျကြတယ်။ ဆိုတော့ ခုနကရှင်းလင်းချက်တွေနဲ့ ကိုက်ညီနေပြန်ရော။

ကျွန်ုပ်။ ။ အရစ်တိုတယ်လ်ရှင်းတာ ဟုတ်တော့ဟုတ်မလိုလိုပဲ။ ဒါနဲ့ ကျောက်တုံးတွေကို လွှတ်မချဘဲ အဝေးကို ပစ်ပေါက်လိုက်မယ်ဆိုရင်ကော။ လက်မောင်းကအားကြောင့် ကျောက်တုံးက အပြင်ကို လွှတ်ထွက်သွားတာမလား။ လက်ကနေ ထွက်သွားပြီးတော့ရော ဘာလို့ ကျောက်တုံးက မူလနေရာကို ချက်ချင်း ပြန်မသွားတာလဲ။

ဆရာကီး။ ။ Good question ပါ ကိုယ့်လူ။ အရစ်တိုတယ်လ်ကလည်း ဒါကို ရှင်းထားပါတယ်။ အရင်ဆုံး လက်ကအားက ကျောက်တုံးဆီရောက်သွားမယ်။ တစ်ခါ ကျောက်တုံးဆီက အားက လေထဲထပ်ရောက်သွားတယ်။ အဲ့ဒီလေကနေ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လေတွေကို ဆက်ဆက်ပြီး လက်ဆင့်ကမ်းပြီး ‘အား’ ကို လွှဲပေးသွားမယ်။ ဒီလိုနည်းနဲ့ ကျောက်တုံးကို သယ်သွားတာပါတဲ့။ ဒါပေမယ့် လေထဲက အမှတ်တစ်ခုကနေ တစ်ခုဆီကို လက်ဆင့်ကမ်းလွှဲပေးတိုင်းမှာ မူလလက်မောင်းကနေ ပစ်လွှတ်လိုက်တဲ့ အားထက် တဖြည်းဖြည်းနည်းနည်းလာရမယ်။ နောက်ဆုံးမှာတော့ ကျောက်ခဲဟာလည်း သူရဲ့ မူလနေရာဖြစ်တဲ့ အောက်ကို ပြန်ပြုတ်ကျလာရတော့တာပဲ။ ဒါကို အရစ်တိုတယ်လ်က အပေါ်ကိုတက်သွားတဲ့ အရာဝတ္ထုတွေဟာ တစ်ချိန်မှာတော့ ပြန်ဆင်းလာပြီး မူလနေရာကို ပြန်လာကြလိမ့်မယ်။ မူလနေရာကို ပြန်ရောက်သွားရင်တော့ ရွေ့နေတာတွေရပ်သွားလိမ့်မယ်။ အဲ့လို မူလနေရာမှာ ရပ်ပြီးရှိနေတာကို natural state မူလအခြေအနေဆိုပြီး အဆိုပြုခဲ့တာပေါ့ကွာ။

ကျွန်ုပ်။ ။ ဒါလည်း ဟုတ်သလိုလိုတော့ ရှိတယ်နော်။ အသက်ရှိတဲ့ လူတွေ၊ ခွေးတွေက ရွေ့နေကြတယ်။ သေသွားကြတဲ့အခါကျတော့ မူလနေရာမှာပဲ ငြိမ်ငြိမ်သက်သက်နဲ့ အကုန်လုံးရှိနေကြမှာ ဆိုတော့ အရစ်တိုတယ်လ်ပြောတဲ့ natural state က ရပ်လျက်အနေအထားဖြစ်ရမယ် ဆိုတဲ့အချက်ကလည်း မှန်နေသလိုလိုပဲနော်။ ဒါနဲ့ ဟိုကြယ်တွေ၊ ဂြိုဟ်တွေကို ကျတော့ရော၊ ဘယ်လိုရှင်းပြခဲ့သေးလဲ။ ဘာလို့ဆို ဒီကောင်တွေက တချိန်လုံးရွေ့နေကြတာမလား။

ဆရာကီး။ ။ ကြယ်တွေ၊ ဂြိုဟ်တွေကျ ကမ္ဘာပေါ်က အရာဝတ္ထုတွေနဲ့ မတူဘူးလို့ ယူဆရမယ်။ ဘာလို့ဆို ကမ္ဘာပေါ်မှာ အရွေ့က အပေါ်နဲ့အောက်ဆိုပေမယ့် ကြယ်တွေ၊ ဂြိုဟ်တွေကျတော့ ကမ္ဘာဆီကိုလည်း နီးကပ်မလာသလို ဝေးပြီးတော့လည်း မသွားဘူး။ ဆိုတော့ စက်ဝိုင်းပုံစံ လည်နေတဲ့သဘောမှာရှိတယ်။ ကြည့်ရတာတော့ သူတို့လည်း သူတို့ရဲ့ မူလနေရာမှာ ရှိနေကြပုံပဲ။ ဒီတော့ ‘မြေ’၊ ရေ ၊ လေ၊ မီး အပြင် နောက်ထပ်ဓာတ်ကြီးတစ်ပါးရှိရဦးမယ်။ အဲ့ဒီပဉ္စမဓာတ်ကို ‘အီသာ’ (ဂရိစကားလုံး ‌လောင်မြိုက်ခြင်း) ဆိုပြီး နာမည်ပေးခဲ့တယ်လေ။ ‘အီသာ’ ဓာတ်ဟာ ‘မီး’ ဓာတ်ရဲ့ အပြင်ဖက်မှာ ဝန်းရံနေတယ်ပေါ့။

ကျွန်ုပ်။ ။ အင်း ။ ကြယ်တွေ၊ နေတွေကို ကြည့်လိုက်တော့လည်း တချိန်လုံးလင်းထိန်နေတာဆိုတော့ ဒီလိုတွေးတာ ဟုတ်သလိုလိုရှိသား။ ဒါနဲ့ နေပါဦး။ သူတို့ကျ natural place မှာလည်း ရှိနေပြီးသားကို ဘာလို့ရပ်မနေကြတာတုန်း။

ဆရာကီး။  ။ တချို့ ဂရိပညာရှင်တွေကတော့ ထုံးစံအတိုင်း ဟာ… ဒါက နတ်ဘုရားတွေ လက်ချက်အစစ်ပဲ ဆိုပြီးပြောကြပြန်တယ်။ အရစ်တိုတယ်လ်ကတော့ အဖြေရှာမရတိုင်း နတ်ဘုရားချည်းပုံချနေတာကို မကြိုက်ဘူး။ မစဉ်းစားချင်လို့ အလွယ်လေးအဖြေပေးနေတယ်လို့ သူကမြင်တယ်။ သူပြန်ရှင်းထားပုံက ကမ္ဘာပေါ်က အရွေ့နိယာမတွေဟာ ဟိုးမိုးပေါ်က ဂြိုဟ်တွေ၊ ကြယ်တွေရဲ့ အရွေ့နိယာမနဲ့ မတူဘူးဆိုပြီး ယူဆချက်အသစ်တစ်ခု ထပ်လုပ်လိုက်တယ်။ ဆိုလိုတာက ကမ္ဘာပေါ်က မူလအခြေအနေက ‘ရပ်’ နေတာဖြစ်ပေမယ့် ဟိုးမိုးပေါ်ကကောင်တွေရဲ့ မူလအခြေအနေကျတော့ ‘ရွေ့’ နေတာပဲ ဖြစ်ရမယ် တဲ့။

ကျွန်ုပ်။  ။ ဒီအကြောင်း နားထောင်ရတာတော့ အခုခေတ်မှာ ဖြစ်နေတာတချို့နဲ့ သိပ်မကွာသလိုပဲ။ ကြောင်းကျိုးဆက်စပ်ပြီး အဖြေရှာတာက ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် တစ်ခုခုလွဲနေသေးရင် အယူအဆအသစ်တွေထပ်ထုတ် ထပ်ရှင်း။ အဖြေရှာတဲ့နေရာမှာ ဘုရားသခင်တို့၊ နတ်ဘုရားတို့ ပါလာလို့က သိပ္ပံနည်းကျမဟုတ်လို့ အလုပ်မဖြစ်ဘူး။ တစ်ခါကျကျနနရှင်းပြဖို့ကလည်း ဂဂနနမသိသေးရင် အင်မတန်ခက်တာကလား။ ဒီလိုနဲ့ အယူအဆအသစ်တွေ ထပ်ထပ်ပြီး ထွက်လာကြရတဲ့ပုံပဲ။ အရစ်တိုတယ်လ်လည်း ဒီသဘောအတိုင်းပဲနဲ့ တူတယ်။ သူသေချာမရှင်းနိုင်တော့ အယူအဆအသစ်တွေထပ်ခေါ်သုံးပြီး သူပြောတဲ့အချက်တွေအားလုံးနဲ့ ယုတ္တိတန်မတန်ချိန်ထိုး စဉ်းစားကြည့်ပုံရတယ်။ ဒါတွေထားပါတော့လေ။ ဒါနဲ့ ဘာတွေဆက်ဖြစ်ကြသေးတုန်း။

ဆရာကီး။ ။ ဘာတွေဖြစ်ကြသလဲ ဆိုတော့ ထုံးစံအတိုင်း သီအိုရီတစ်ခုကနေ ရှေ့နောက်မညီညွတ်တဲ့ ကောက်ချက်နှစ်ခုထွက်လာပြီဆိုရင်တော့ ကျိန်းသေပေါက် အဲ့ဒီသီအိုရီမှာ တစ်ခုခုတော့လွဲနေရမယ်လေ။ အရစ်တိုတယ်လ်ရဲ့ ခုနကပြောတဲ့ မူလနေရာတို့၊ မူလအခြေအနေတို့ ဆိုတဲ့ ယူဆချက်တွေကို အတွေးစမ်းသပ်ချက်တွေလုပ်ပြီး ကောက်ချက်ဆွဲကြည့်လို့ရတယ်။ ဆိုပါတော့။ ကျောက်ခဲကို လေထဲမှာ လွှတ်ချတာနဲ့ ကျောက်ခဲကို ရေထဲမှာ လွှတ်ချတာ ဘယ်ဟာ ပိုမြန်မြန်ကျမလဲ။ လေထဲမှာ လွှတ်ချတာက မြန်မြန်ကျမှာပေါ့နော်။ ဒါဆို မူလနေရာပြန်ဖို့ ကြားထဲက ကြားခံနယ်ရဲ့ အထူအပါး သိပ်သည်းမှုအပေါ်မူတည်ပြီး အမြန်နှုန်းကွာသွားပုံပဲ။ ကြားခံနယ် သိပ်သည်းမှုများရင် ဖြည်းဖြည်းပဲကျမယ်။ ကြားခံနယ်သိပ်သည်းမှုနည်းရင်တော့ မြန်မြန်ပြုတ်ကျမယ်။ ဟုတ်ပြီ။ အကယ်၍ လေဟာနယ်ထဲမှာ လွှတ်ချမယ်ဆိုရင်ကော။ လေဟာနယ်ဆိုတာ ဘာမှမရှိတာမို့ သိပ်သည်းမှု သုညဖြစ်ရမယ်။ ဒါဆို ကျောက်ခဲက အနှိုင်းမဲ့အမြန်နှုန်းနဲ့ အောက်ကို ပြုတ်ကျရမှာပေါ့နော်။ ဟုတ်ပြီ။ ဒါက conclusion တစ်ခု။ ကဲ တစ်ခြားတစ်ဖက်ကနေ လှည့်ပြီးစဉ်းစားကြည့်မယ်။ ကျောက်တုံးကို လွှတ်ချတာမဟုတ်ဘဲ လက်နဲ့ပစ်လွှတ်လိုက်တဲ့ ဖြစ်စဉ်မှာကျတော့ လေကနေပြီး လက်ဆင့်ကမ်းသယ်သွားတာလို့ ပြောခဲ့တယ်မလား။ ဟုတ်ပြီ။ အတွေးစမ်းသပ်ချက်လာပြီ။ အဲ့ဒီကျောက်တုံးသွားနေတဲ့လမ်းကြောင်းမှာ လေဟာနယ်တစ်ခုရှိနေတယ် သဘောထားလိုက်။ ဟော ပစ်လွှတ်လိုက်တဲ့ ‘တွန်းအား’တွေကို အဆင့်ဆင့် လက်ဆင့်ကမ်းပေးနေတဲ့ လေတွေက လေဟာနယ်လည်းရောက်ရော မရှိတော့ဘူး။ ဒီတော့ ကျောက်တုံးက ရပ်သွားရမှာ‌ပေါ့နော်။ ဟုတ်ပြီ။ ဒါကတော့ ဒုတိယအတွေးစမ်းသပ်ချက်ကနေရတဲ့ အဖြေ။ ဘာတဲ့။ လေဟာနယ်ထဲမှာ ကျောက်တုံးရပ်သွားလိမ့်မယ် တဲ့။ ဆိုတော့ သီအိုရီတစ်ခုတည်းကို သုံးပြီးစဉ်းစားထားတာဆိုပေမယ့် ဖြစ်စဉ်တစ်ခုက လေဟာနယ်ထဲမှာ အနှိုင်းမဲ့အမြန်နှုန်းနဲ့ ရွေ့မယ်ဆိုပြီး ပြောနေတယ်။ နောက်တစ်ခုမှာကျတော့ ရပ်သွားလိမ့်မယ်တဲ့။ သေချာတယ်။ အရစ်တိုတယ်လ်ရဲ့ သီအိုရီ တစ်ခုခုလွဲနေပြီဆိုတာ။

ဆရာကီးမှာ အတန်ငယ်မောသွားဟန်နဲ့ ဘီယာကို နှစ်ကြိုက်လောက် ကြိတ်လိုက်ပြန်သည်။ ဆက်လက်၍

ဆရာကီး။ ။ ဒီတစ်ခါ နည်းနည်းပိုမြင်သာလောက်မယ့် အတွေးစမ်းသပ်ချက်ပေးကြည့်မယ်။ ၁ ပေါင်လေးတဲ့ အိတ်နဲ့ ၂ ပေါင်လေးတဲ့ အိတ် နှစ်လုံး မင်းဆီမှာရှိတယ်ဆိုပါစို့။ အရစ်တိုတယ်လ်ရဲ့ အဆိုအရ ၂ ပေါင်လေးတဲ့ကောင်က ၁ပေါင်အလေးထက်ကို ပိုမြန်မြန်အောက်ကျရမှာပေါ့နော်။ အကယ်၍ အဲ့ဒီ အိတ်နှစ်အိတ်ကို ကြိုးနဲ့ အကျအနချည်ပြီး အောက်ကိုလွှတ်ချလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ စဉ်းစားကြည့်။ ၁ ပေါင်အလေးက အေးဆေးပြုတ်ကျချင်တယ်။ ၂ပေါင် အလေးကတော့ မြန်မြန်ပြုတ်ကျချင်တယ်။ နှစ်ခုစလုံးကို ကြိုးနဲ့သေချာချည်ထားတာမို့လို့ နောက်ဆုံးတကယ်ပြုတ်ကျတဲ့ အမြန်နှုန်းက ၁ ပေါင်နဲ့ ၂ ပေါင်ကြားတဲ့က တန်ဖိုးဖြစ်ရမယ်။ ဆိုလိုတာက ကြိုးနဲ့ချည်ထားတဲ့ကောင်က ၁ ပေါင်အလေးထက်ပိုမြန်မြန်ပြုတ်ကျပြီး ၂ ပေါင်အလေးထက် ပိုနှေးနှေးပဲ ပြုတ်ကျမယ်ဆိုပြီး ကောက်ချက်ချလို့ရတယ်။ ဟုတ်ပြီ။ ဒီလိုလေး ထပ်စဉ်းစားကြည့်။ ၁ ပေါင် နဲ့ ၂ ပေါင် အလေးပေါင်းလိုက်ရင် ၃ ပေါင် မရဘူးလားဟေ့။ ၃ ပေါင် အလေးက ၁ ပေါင် အလေးထက်ရော ၂ ပေါင် အလေးထက်ပါ ပိုပြီး မြန်မြန်ပြုတ်ကျသင့်တာပေါ့နော်။ ဟော ကြည့်စမ်း။ ကောက်ချက်ချကြည့်တာ အဖြေနှစ်ခု ထွက်မနေဘူးလား။ တစ်ခုက ကြိုးနဲ့ချည်ထားတဲ့အိတ်က ၂ ပေါင်အိတ်ထက် ပိုနှေးနှေးကျမယ်ပြောနေပြီး နောက်တစ်ခုကျတော့ ကြိုးချည်ထားတဲ့အိတ်က ၂ ပေါင်အိတ်ထက် မြန်မြန်ကျရမယ်ပြောနေတယ်။ သီအိုရီမှာ ပြဿနာ တစ်ခုခုရှိနေတာသေချာနေပါပြီ။

ကျွန်ုပ်။ ။ အဟုတ်ပဲဗျို့။ ဆရာကီးရေ့။ ကောက်ချက်နှစ်ခုက ရှေ့နောက် ‌ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်ရော။ ဒါနဲ့ ၂ ပေါင်လေးတဲ့အိတ်က ၁ ပေါင်လေးတဲ့ အိတ်ထက်ပိုပြီး မြန်မြန်ပြုတ်ကျတယ် ဆိုတာလောက်နဲ့ မလုံ‌လောက်သေးဘူး ထင်တယ်နော့။ ဘယ်လောက်မြန်မြန် ပြုတ်ကျသလဲ တိုင်းကြည့်ခဲ့သင့်တာ။ ဥပမာ ၂ ပေါင်အိတ်က ၁ ပေါင်အိတ်ထက် ၂ ဆ ပိုပြီး မြန်မြန်ပြုတ်မကျဘူးလား။ ဘာလို့ဆို သူ့ရဲ့ မူလနေရာကိုပြန်ချင်စိတ် eagerness က ၂ ဆ ပိုပြီးများတာမလား။

ဆရာကီး။ ။  ဂရိတွေသာ မင်းပြောသလိုတွေးမိပြီး စမ်းသပ်ချက်လုပ်ကြည့်လိုက်ရင်တော့ သီအိုရီမှားနေတာကို သူတို့သိသွားမှာပဲ။ ဒါပေမယ့် အရစ်တိုတယ်လ်ခေတ် မပြောနဲ့။ အရစ်တိုတယ်လ်ပြီးတော့ နောက်ထပ်နှစ်ပေါင်း ၂၀၀၀ လောက် ဂယ်လီလီယိုခေတ် မရောက်ခင်ထိ ဘယ်သူမှ ပြန်မစမ်းကြည့်ကြဘူးကွ။ ဒါကြောင့်လည်း အလွဲအကြီးကြီး လွဲရလေခြင်းလို့ ပြောရတာပေါ့။ အဲ့ တစ်ခုတော့ ရှိတာပေါ့။ အဲ့ဒီခေတ်တုန်းက စမ်းသပ်ချက်တွေ လုပ်ဖို့ကလည်း ခုခေတ်လိုမျိုး ကိရိယာတွေအစုံအလင်မှ မရှိသေးတာ။ နောက်ပြီး ဂရိတွေက ဂျီသြမေတြီလိုမျိုး သင်္ချာ concept တွေမှာ ဆရာကျတယ်လေကွယ်။ ဆိုတော့ စကြဝဠာကြီးကို သင်္ချာ concept တွေ၊ သီအိုရီတွေထုတ်ပြီး ရှင်းပြလို့ရမယ် ထင်ကြတယ်။ ဒါ့ကြောင့်လည်း စမ်းသပ်ချက်တွေလုပ်ဖို့ မလိုဘူးလို့ထင်ခဲ့ကြတယ် နေမှာပေါ့။

ကျွန်ုပ်။ ။ ရှိတဲ့ ကိရိယာတွေနဲ့ရော စမ်းကြည့်လို့မရတော့ဘူးတဲ့လား။ ဥပမာ အဲ့ဒီခေတ်က ပေရွက်နဲ့ စာရေးကြတာမလား။ ဆိုတော့ ပေရွက်ကို အပြားလိုက်ပစ်ချတာနဲ့ လုံးပြီးပစ်ချတာမျိုး လုပ်ကြည့်ခဲ့သင့်တာ။ ပေရွက်က တစ်ခုတည်းဖြစ်တာကြောင့် အလေးချိန်က အတူတူပဲ။ ဒါပေမယ့် လုံးပြီးပစ်ချလိုက်တော့ လေခုခံအားလျော့သွားမယ်။ ဒီတော့ ပိုမြန်မြန်ပြုတ်ကျမယ်။ ဒီလိုသာဆို ဝတ္ထုရဲ့အလေးချိန်က သူပြုတ်ကျတာ မြန်ခြင်း၊ နှေးခြင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ဒီလူတွေ သဘောပေါက်သွားကြမှာပဲ။

ဆရာကီး။ ။ သူတို့သဘောပေါက်တာ မပေါက်တာ အသာထားပါကွယ်။ လောလောဆယ် မင့်ရဲ့ insight page က ရုပ်ချော/ဉာဏ်ကောင်းတဲ့ ကွီးတို့၊ မွီးတို့ရော သဘောပေါက်ကြဖို့ပဲ ပိုအ‌ရေးကြီးပါတယ်။ ကဲကဲ အချိန်လည်းလင့်လို့ ဘီယာတွေလည်း ကုန်ပါပေါ့။ လစ်လိုက်ဦးမယ် ကိုယ့်လူရ။

ပြောပြောဆိုဆိုနှင့် ဆရာကီးလည်း သူ၏ ထီးကောက်ကြီးကို ဆွဲ၍ ထွက်သွားလေသတည်း။

ဆက်လက်ကြိုးစား ရေးသားသွားပါဦးမည်။

#yp

Gravity အကြောင်း စာရေးသူ ယခင်ကရေးခဲ့ဖူးသည့် ဆောင်းပါးများ ---

Ref.
Issac Asimov, 1966. Understanding Physics, Vol. I: Motion, Sound and Heat.