လေဟာနယ်အတွင်းရှိ အလင်း၏အမြန် c (အများအားဖြင့် c ဟုမှတ်သားကြသည်)သည် ရူပဗေဒနယ်ပယ်တွင် အရေးပါ၊ အပြောကျယ်သည့် ရူပဗေဒကိန်းသေတစ်ခုဖြစ်သည်။ ၎င်း၏တန်ဖိုးအတိအကျမှာ ၂၉၉,၇၉၂,၄၅၈ meter per second ဖြစ်၏။ ၁ စက္ကန့်လျှင် ၃၀၀,၀၀၀ ကီလိုမီတာ သို့မဟုတ် ၁၈၆,၀၀၀ မိုင်ဝန်းကျင်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွင် ၁ စက္ကန့်၏ ၂၉၉,၇၉၂,၄၅၈ ပုံ ၁ ပုံအချိန်အတွင်း လေဟာနယ်တွင် အလင်းဖြတ်သန်းသွားသော လမ်းကြောင်း၏ အလျားကို ၁ မီတာအဖြစ်သတ်မှတ်ထားသောကြောင့် ဤမျှတိကျရခြင်းဖြစ်သည်။ အများအားဖြင့် ဤအမြန်ကို အလင်းနှင့်ဆက်စပ်သိရှိကြသော်လည်း ၎င်းမှာ လျပ်စစ်သံလိုက်ဓာတ်ဖြာထွက်ခြင်း၊ ဒြပ်ဆွဲအားလှိုင်းများ စသည်တို့အပါအဝင် ဒြပ်ထုမဲ့အမှုန်များ(ဥပမာ Photonနှင့် Gluon)နှင့် မတည်ငြိမ်သောစက်ကွင်းများ လေဟာနယ်အတွင်းဖြတ်သန်းသွားလာသည့် အမြန်လည်းဖြစ်သည်။

ရပ်နေဒြပ်ထု သုညမဟုတ်သော အမှုန်များသည် အလင်းအလျင်နီးပါးပြေးနိုင်သော်လည်း မည်သည့်အခါမျှ အလင်းအလျင် c အထိမရောက်ရှိနိုင်ပါ။ ဖန် သို့မဟုတ် လေထုကဲ့သို့ ဖောက်ထွင်းမြင်နိုင်သည့် အရာထဲသို့ ပျံ့နှံ့ရောက်ရှိလာသော အလင်း၏အလျင်မှာ c အောက်လျော့နည်းပါသည်။ ထိုနည်းတူစွာ ဝါယာကေဘယ်ကြိုးအတွင်းရှိ လျပ်စစ်သံလိုက်လှိုင်းများ၏ အလျင်မှာလည်း c အောက်နည်း၏။ အလင်းအမြန် c နှင့် ဝတ္ထုတစ်ခုအတွင်းဖြတ်သွားသော အလင်းအမြန် v တို့၏အချိုးကို ထိုဝတ္ထု၏ယိုင်ညွန်းကိန်း n ဟုခေါ်သည်။ (n=c/v)

အလင်းသည် ကန့်သတ်အလျင်ဖြင့်ပြေးကြောင်းကို ဒိန်းမတ်ပြည်သား နက္ခတ္တပညာရှင် အိုလက်ရိုမာ Ole Christensen Romer (1644-1710) သည် ကြာသပတေးဂြိုဟ်ကို ပတ်နေသော  lo အမည်ရှိအတွင်းကျလ တစ်စင်း၏ လကွယ်အချိန်များကို တစ်နှစ်ပတ်လုံးတိုင်းတာရာမှ ရရှိခဲ့သည်။


ဝီကီပီဒီယာတွင်တင်ထားသော အိုလက်ရိုမာ ၏ပုံ

လောင်ဂျီကျုမျဉ်းသတ်မှတ်ရေးသည် ပင်လယ်ရေကြောင်းသွားလာမှုနှင့် မြေပုံဆွဲပညာရပ်တွင် အရေးကြီးသော လက်တွေ့ပြဿနာတစ်ရပ်ဖြစ်ခဲ့သည်။ စပိန်နိုင်ငံ၏ တတိယမြောက် ဖိလစ်ဘုရင်က ကမ်းလွန်ပင်လယ်ပြင်တွင် လောင်ဂျီကျုမျဉ်းသတ်မှတ်သည့် နည်းလမ်းတစ်ရပ်ကို လုပ်ဆောင်ပေးနိုင်သူအား ဆုတော်ငွေချီးမြင့်မည်ဟု ကြေညာခဲ့သည်။ ဂျူပီတာဂြိုဟ်ရှိ ဂြိုဟ်ရံလများ၏ လကွယ်ချိန်များအပေါ်အခြေခံသည့် ဂျိုဗီယန်စနစ် စကြာဝဠာနာရီတစ်မျိုးကို ဂါလီလီယိုက အဆိုပြုတင်ပြခဲ့ဖူးသည်။ “ဂါလီလီယန်ဂြိုဟ်များ” ဟုအမည်ပေးထားသည့် ဂျူပီတာဂြိုဟ်၏ အကြီးဆုံးလ ၄ စင်းဖြစ်သည့် လို၊ ယူရိုပ၊ ဂနီမီဒီ၊ ကယ်လစ္စတို (Lo, Europa, Ganymede and Callisto ) အပါအဝင် ဂျူပီတာဂြိုဟ်ပေါ်ရှိ ကြီးမားလှသော အနီကွက်အစုအဝေးကို ဂျိုဗီယန်စနစ် (Jovian system) ဟုခေါ်ဆိုပါသည်။ ဤစနစ်မှာ အချိန်တိကျသော စက်နာရီများပေါ်ထွန်းလာသည့် ၁၈ ရာစုရောက်သည်အထိ သိသာထင်ရှားစွာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည်ကို တွေ့ရ၏။ ၁၆၁၆-၁၆၁၇ တွင် ဤစနစ်ကို ဂါလီလီယိုက စပိန်ဘုရင်ထံ တင်ပြခဲ့သော်လည်း  သူ့အချိန်ဇယားမတိကျမှုနှင့် သင်္ဘောပေါ်မှနေ၍ ဂြိုဟ်ရံလများကွယ်ခြင်း၊ ကြတ်ခြင်းကို လေ့လာရန်ခက်ခဲမှုတို့ကြောင့် ၎င်း၏လုပ်ဆောင်ချက်မှာ လက်တွေ့အကောင်အထည်ပေါ်လာခဲ့ဟန်မတူပါ။ သို့ရာတွင် စိစစ်ပြင်ဆင်၊ ဖြည့်စွက်မှုများလုပ်လျှင် ထိုစနစ်မှာ ကုန်းမြေပေါ်တွင် အသက်ဝင်၊ အလုပ်ဖြစ်နိုင်ပါသည်။

နာဆာမှရိုက်ယူထားသော ကြာသပတေးဂြိုဟ်နှင့် ၎င်း၏အတွင်းကျ လ ၄ စင်း

ဂိုပင်ဟေဂင် (Copenhagen) တွင် ပညာသင်ကြားပြီးနောက် ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလ lo ၏ လကွယ်မှုဖြစ်စဉ် ၁၄၀ ခန့်ကိုစူးစမ်းလေ့လာရန် ၁၆၇၁ ခုနှစ်တွင် ရိုမာက ဂျင်းပိုင်ကာဒ် (Jean Picard)နှင့် ပူးပေါင်းခဲ့သည်။ ယခင်က တိုင်ခိုဘရာဟီ တည်ထောင်ခဲ့သည့် Uraniborg အမည်ရှိ နက္ခတ်တာရာကြည့်မျှော်စင်တည်ရှိရာ ဂိုပင်ဟေဂင်မြို့အနီး၊ Hven ကျွန်းပေါ်တွင် လေ့လာကြခြင်းဖြစ်သည်။ ပြီးခဲ့သော လများအတွင်း ပဲရစ်တွင် ကတ်စီနီ ( Giovanni Domenico Cussini) ဆိုသူက အလားတူ လကွယ်မှုဖြစ်စဉ်များကို စူးစမ်းလေ့လာခဲ့သေး၏။ လကွယ်မှုများ၏ အချိန်တာကို နှိုင်းယှဉ်ပြီး ပဲရစ်နှင့် Uraniborg အကြား လောင်ဂျီကျုမျဉ်းခြားနားချက်ကို သူတို့တွက်ထုတ်ခဲ့ကြသည်။

ကတ်စီနီသည် ၁၆၆၆ မှ ၁၆၆၈ အထိနှစ်များအတွင်း ဂျူပီတာဂြိုဟ်၏  ဂြိုဟ်ရံလများကို လေ့လာစူးစမ်းခဲ့ပါသည်။ သူ၏တိုင်းတာမှတ်သားမှုတွင် ကွာဟချက်ကို တွေ့ရှိခဲ့ရာမှ အလင်းသည် တိကျသောအမြန်ရှိကြောင်း ပထမတွင် သူမှတ်ယူခဲ့သည်။ ရိုမာသည် ၁၆၇၂ တွင် ပြင်သစ်သို့သွားရောက်ပြီး ကတ်စီနီ၏လက်ထောက်အဖြစ် ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလများကို ဆက်လက်စူးစမ်းလေ့လာခဲ့ပါသည်။ ကမ္ဘာက ဂျူပီတာဂြိုဟ်နှင့်နီးရာသို့ ရောက်ရှိစဉ် ဂြိုဟ်ရံလများ၏လကွယ်ချိန် (အထူးသဖြင့် လ lo) များအကြား အချိန်တာမှာ တိုတောင်းပြီး ကမ္ဘာက ဂျူပီတာဂြိုဟ်နှင့်ဝေးရာသို့ခွာချိန်တွင် လကွယ်ချိန်တစ်လနှင့်တစ်လကြား အချိန်တာရှည်လျားကြောင်းကိုတွေ့ရှိပြီး ထိုတွေ့ရှိမှုကို ကတ်စီနီ၏ မူလတွေ့ရှိချက်ထဲ ထပ်လောင်းဖြည့်စွက်ပေးခဲ့သည်။ ၁၆၇၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်တွင် ကတ်စီနီက ပြင်သစ်အကယ်ဒမီတွင် အောက်ပါကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့၏။
ဒီစက္ကန့်မညီမျှချက်ဟာဆိုရင် ဂြိုဟ်ကနေကျွန်ုပ်တို့ဆီကို အလင်းရောင်ရောက်ရှိဖို့ အချိန်အတိုင်းအတာတစ်ခု ရယူနေရလို့ဖြစ်ဖွယ်ရှိတယ်။ ကမ္ဘာပတ်လမ်းကြောင်းရဲ့ အချင်း တစ်ဝက်လောက်ကို အလင်းရောင်ရောက်ရှိဖို့ အချိန် ၁၀ မိနစ်ကနေ ၁၁ မိနစ်ကြာအထိ ခရီးနှင်လာရပုံပဲ။

၁၆၇၁ နှင့် ၁၆၇၇ နှစ်များအတွင်း ရိုမာနှင့် ပိုင်ကာဒ်တို့အတူလုပ်ဆောင်ခဲ့သော လက်ရွေးစင်စူးစမ်းတွေ့ရှိချက်များကိုအသုံးပြုလျက် ရိုမာက ဆက်လက်ကျားကန် အားဖြည့်ပေးလိုက်သည့် မှားယွင်းကြောင်းမငြင်းဆိုနိုင်သော လုပ်ဆောင်ချက်အပေါ်ယုံကြည်မှုကို နောက်ပိုင်းတွင် ကတ်စီနီက ထူးဆန်းစွာစွန့်လွှတ်ခဲ့ဟန်တူပါသည်။
ရိုမာ၏ ကျိုးကြောင်းဆက်စပ်ပြပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ကမ္ဘာပတ်လမ်းကြောင်းတလျှောက် ကြာသပတေးဂြိုဟ်နှင့်ကမ္ဘာနီးကပ်ချိန်၊ ဝေးကွာချိန်ကိုလိုက်၍ ဂြိုဟ်ရံလကိုလှမ်းမြင်ချိန်ကွဲပြားသွားကြောင်း ဝီကီပီဒီယာမှ တင်ပြထားသောပုံ

သရုပ်ဖော်ပြချက်ပါပုံအရ ကမ္ဘာသည် အမှတ် L ၌ရှိသည်ဟုယူဆပါ။ ပြီးလျှင် ကြာသပတေးဂြိုဟ်၏လ lo က ထိုဂြိုဟ်ပတ်လမ်းပေါ်ရှိ အမှတ် D နေရာ၊ အမှောင် ( နေရောင်ကွယ်ရာဘက်ရှိ ဂြိုဟ်၏အရိပ်) ထဲမှထွက်ပေါ်လာသည်ဟုထားပါ။ lo က ၄၂.၄၅၉၃ နာရီကြာတိုင်း တစ်ပတ်ကျနှုန်းဖြင့် ဂျူပီတာဂြိုဟ်ကိုပတ်နေရာက အပတ်ရေအတန်ငယ်ပတ်မိချိန်တွင် ကမ္ဘာမှာ အမှတ် K နေရာ၌ ရောက်ရှိနေပေမည်။ အကယ်၍ အလင်းသည် တမုဟုတ်ချင်း ပျံ့နှံ့ရောက်ရှိလာသည်မဟုတ်လျှင် သူက 3 ½ မိနစ်ဟု တွေ့ရှိမှတ်သားထားသော၊ အမှတ် K သို့ရောက်ရှိရန် ထပ်ဆောင်းကြာမြင့်ချိန်မှာ စောင့်ကြည့်လေ့လာမှုထဲမှ ဖင့်နွဲ့သောအချိန်ဟု ရှင်းပြရဖွယ်ရှိသည်။ C မှ D သို့ခရီးတစ်လျှောက် ဂျူပီတာဂြိုဟ်၏အရိပ်က လ lo ကို ကွယ်ထားချိန်နှင့် ထောင့်အနေအထားအမျိုးမျိုး၌ lo က ဂျူပီတာဂြိုဟ်၏နောက် ကွယ်ရာဘက်သို့ရောက်ရှိချိန်အတွင်း မရေရာမှုကိုရှောင်ရှားရန် လ အမှောင်ထဲတိုးဝင်ရာနေရာကို C အမှတ်ဖြင့်မှတ်သားပြီး F နှင့် G နေရာမှတဆင့် တိုင်းတာမှုပြုခဲ့သည်။ ဩဂုတ်လ ၇ ရက်အပါအဝင် အမှတ် H နှင့် ဆန့်ကျင်နေဖွယ်ရှိသည့် ၁၆၇၆ ခုနှစ်က သူ၏လေ့လာခဲ့မှုကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

ဝီကီပီဒီယာ၌ ပါရှိသော ရိုမာ၏မှတ်တမ်းပုံ

နိုဝင်ဘာလ ၉ ရက်သည် ပဲရစ်နက္ခတ်တာရာကြည့်မျှော်စင်မှတဆင့် စောင့်ကြည့်လေ့လာထားခြင်းဖြစ်ပြီး ၁၀ မိနစ်ခန့်နောက်ကျမည့် တွေ့ရှိချက်ဖြစ်သည်။

ရှစ်နှစ်တာစူးစမ်းလေ့လာမှုကာလအတွင်း မှားလိုက်၊ ပြင်လိုက်ဖြင့် လ lo ၏အချက်အလက်ကို မှတ်တမ်းပြုထားသော ဇယားထဲရှိ အချိန်၏အထနှေးရခြင်းကို သူအဖြေရှာလုံးပန်းနေခဲ့သည်။ သူတွက်ထုတ်ထားသော ညီမျှခြင်းမှာ-\displaystyle \Delta t=22 \left(\frac{\alpha}{180^{\circ}}\right) [minutes] ဖြစ်သည်။ ထောင့် \displaystyle \alpha=180^{\circ} ဖြစ်သောအခါ ကြန့်ကြာသောအချိန်မှာ ၂၂ မိနစ်ဖြစ်သည်။ ထို ၂၂ မိနစ်မှာ ကမ္ဘာပတ်လမ်းကြောင်း၏ အချင်းမျဉ်းဖြစ်သည့် H နှင့် E အမှတ်ကြားအကွာအဝေးကို အလင်းဖြတ်သွားရန် လိုသောအချိန်ဟု အဓိပ္ပါယ်ကောက်ရဖွယ်ရှိသည်။ (အမှန်မှာ ဂျူပီတာဂြိုဟ်ကို ဆက်စပ်အမှတ် E မှ မြင်ရခြင်းမရှိပါ။) အလင်းအမြန်နှင့် ကမ္ဘာက နေကိုပတ်သော အမြန်အချိုးကို ထိုစဉ်ကတွက်ခဲ့ပုံမှာ- \displaystyle \frac{365\cdot 24\cdot 60}{ \pi \cdot 22}\approx 7,600
ဖြစ်သည်။ ယခုခေတ်တွက်ရတန်ဖိုးမှာ- \displaystyle \frac{299,792\, km\, s^{-1}}{29.8\, km\, s^{-1}}\approx 10,100   ဖြစ်သည်။

ရိုမာက အလင်း၏အမြန်ကိုသော်လည်းကောင်း၊ အထက်ပါအချိုးကိုသော်လည်းကောင်း တွက်ထုတ်ပေးခဲ့သည်မဟုတ်ပါ။ လူအများက သူ၏အချက်အလက်မှ တွက်ထုတ်ကြခြင်းဖြစ်ပါသည်။ ပထမဦးစွာ တွက်ထုတ်ပြသော ပုဂ္ဂိုလ်မှာ ခရစ္စတိန်းဟိုင်ဂင် (Christiaan Huygen) ဖြစ်သည်။ ရိုမာ၏တွေ့ရှိချက်နှင့် အခြားသောအချက်အလက်များကို တွက်ထုတ်ပြီးနောက် အလင်းသည် ၁ စက္ကန့်လျှင် ကမ္ဘာ့အချင်းမျဉ်း၏\displaystyle 16\frac{2}{3}

ဆနှုန်းဖြင့် ပြေးနိုင်သည်ဟု ဟိုင်ဂင်က တွက်ထုတ်ပြခဲ့သည်။ 212,000 km/s နီးပါးရှိသည်။

၁၈၀၉ ခုနှစ်တွင် ရာစုနှစ်တစ်ခုစာမျှ ပိုမိုခေတ်မှီပြီး တိကျမှုရှိသည့် lo အပေါ် ထပ်မံလေ့လာတွေ့ရှိချက်အသစ်များ၏အကျိုးကျေးဇူးကြောင့် နေမှကမ္ဘာသို့ အလင်းရောက်ရှိရန် အချိန် ၈ မိနစ်နှင့် ၁၂ စက္ကန့်ကြာသည်ဟု လျန်းဘပ္ပတစ်ဂျိုးဇက်ဒီလဲမ္ဗရာ ဆိုသူနက္ခတ်ပညာရှင်က တင်ပြခဲ့သည်။ နက္ခတ္တဗေဒဆိုင်ရာယူနစ်တွင် လက်ခံထားသော ကိန်းဂဏန်းအရ ဤပုဂ္ဂိုလ်၏ တွေ့ရှိချက်မှာ အလင်းသည် ၁ စက္ကန့်လျှင် ၃၀၀,၀၀၀ ကီလိုမီတာအနည်းငယ်ကျော်မျှပြေးကြောင်းတွေ့ရသည်။ ယနေ့ခေတ်တန်ဖိုးမှာ 299,792.458 km/s ဖြစ်ပြီး နေမှ ကမ္ဘာသို့ အလင်းရောက်ရှိရန် အချိန် ၈ မိနစ်နှင့် ၁၉ စက္ကန့် ကြာမြင့်ပါသည်။ အလင်းသည် လျပ်စစ်သံလိုက်လှိုင်းတစ်မျိုးဖြစ်ခြင်းကြောင့် ကိန်းသေအလျင်ဖြင့်ပြေးခြင်းဖြစ်ကြောင်းကို ၁၈၆၅ ခုနှစ်တွင် မက္ကစဝယ် ဆိုသူစကော့အမျိုးသား သင်္ချာနှင့်ရူပဗေဒပညာရှင်က သူ၏လျပ်စစ်သံလိုက်သီအိုရီတွင် အဆိုပြုခဲ့သည်။ မှန်သည်ဟုယူဆစရာ နှိုင်းရသဘောမဟုတ်ပဲ လက်တွေ့တိုင်းတာမှုရလဒ်မှ အတည်ပြုထားခြင်းဖြစ်သောကြောင့် အလင်းမှာ ကိန်းသေအလျင်ဖြင့်ပြေးသည်ဟု ဆိုကြခြင်းဖြစ်သည်။

Wikipedia မှ speed of light ကို ဆီလျော်အောင်ပြန်ဆိုထားပါသည်။