တချို့က မြန်မာ့ပညာရေးကို ကြက်တူရွေးနှုတ်တိုက်ပညာရေး ( parrot teaching ) ပြောသူကပြော၊ Spoon feeding ပညာရေးစနစ်လို့ဆိုသူကဆိုနေကြပါတယ်။ တက္ကသိုလ်ဝင်တန်းကလွဲရင် ကျန်တဲ့အတန်းတွေက ဒီနည်းစနစ်နဲ့ အဆင်ပြေ အံဝင်ပုံပဲ။ ဒါနဲ့တောင် ကျေးလက်ဒေသအတော်များများမှာ ဒါကျက်၊ ဒါဖြေလုပ်နေတာကို စာသင်သားတွေက မလိုက်နိုင်ဘူး ဆိုနေကြသူတွေရှိဆိုလား။ သူတို့ထုတ်နုတ်ပြပုံအရ အောက်ပါပုံထဲက ပညာရေးအဆင့်အတန်း ပြောင်းလဲလာမှုနဲ့ခပ်ဆင်ဆင်ပါ။

photo credit

တက္ကသိုလ်ဝင်တန်းရောက်တော့ ကျောင်းမှာသင်ပေးတာက အခြေခံ၊ အိမ်စာပေးတာကျတော့ နဲနဲစိမ်းနေတဲ့စာတွေလို့ ခံစားမိကြ။ ဟုတ်ကဲ့၊ နိုင်ငံတော်စစ် စာမေးပွဲကြီးလည်းရောက်ရော••••• ဘာတွေမေးထားမှန်းကိုမသိပါဘူး။ သူတို့အများစုအဖို့ အောက်က ပုံထဲက စာကို ဖတ်တတ်ချင်ဖတ်တတ်ပြီး အဓိပ္ပါယ်နားလည်ချင်နားလည်အုံးမယ်၊ အဲထဲက နောက်ဆုံးမေးခွန်းကိုဖြေဖို့ လမ်းစ မရှိသလိုပဲ။

photo credit

နောက်တစ်ခုက တက္ကသိုလ်ဝင်တန်းဆိုတာ ကာယကံရှင် ကျောင်းသားကျောင်းသူတွေကိုယ်တိုင် အချိန်ကုန်ခံစဉ်းစား၊ လက်တွေ့စမ်းသပ်၊ တိုက်ဆိုင်စစ်ဆေးလုပ်နေဖို့ အချိန်မရှိကြပါ။ ကျောင်းမှာတစ်နေကုန်စာသင်၊ ကျောင်းဆင်းတော့ ကျူရှင်သွားနဲ့ တစ်နေ့တွင်မှ ကိုယ်ပိုင်စာကြည့်ချိန် ၅ နာရီလောက်ပဲ အနိုင်နိုင်ယူနေကြရတာ။ စာရတယ်ဆိုတာကလည်း စာသင်သားဦးရေနည်းတဲ့ တချို့ကျူရှင်ဆရာ၊ ဆရာမတွေက စိတ်ရှည်လက်ရှည် ဆွေးနွေး၊ ကျက်မှတ်ကူပေးတဲ့ကျေးဇူးက ခပ်များများရယ်။ ပြီးတော့ ကိုယ့်အသိနဲ့ကိုယ် စာကြည့်ဖြစ်သူ မရှိသလောက်ပါ။

လမ်းလျှောက်ခါစ နှစ်နှစ်သာသာအရွယ် ကလေးတွေမတော်တဆချော်လဲရင် မိဘတန်မဲ့ ထူ မပေးပဲ သူ့ဘာသာသူထ လာတဲ့အထိ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပေးတတ်တဲ့ အနောက်ဥရောပလို နိုင်ငံတွေရဲ့အယူအဆကျတော့တမျိုး။ ချော်လဲရင် ပြန်ထဖို့အခွင့်အရေးရ သွားတာလိုလို။ စာသင်သားတွေကို ပြုစု ပျိုးထောင်တဲ့နေရာမှာ အရှေ့တိုင်းသားတွေထက် အစစ အရာရာပိုကောင်းနေသလားမပြောတတ်။ သူတို့သင်ကြားပုံနည်းစနစ်ကနေ တစ်နည်းနည်းနဲ့ လူချွန်လူကောင်းတွေထွက်ပေါ်၊ နေရာရလာတတ်တာလည်းထူးခြားချက်ပါ။ ဒီအထဲက သင်္ချာမင်းသားလို့ ဂုဏ်ပြုခေါ်ဆိုကြတဲ့ ဂေါက် ( Gauss ) အကြောင်းဖတ်ကြည့်ရအောင်။

တစ်ခုသောစနေနေ့၌ ပန်းရံဆရာတစ်ဦးသည် သူ့လက်အောက်ငယ်သားများ၏ အပတ်စဉ်လုပ်အားခစာရင်းကို ပြုစုနေခဲ့စဉ် ဘေးနားတွင် စာရင်းဇယားကို အာရုံစိုက်ဆန်းစစ်နေသော သုံးနှစ်အရွယ်သားငယ်ကို သတိမထားလိုက်မိပေ။ စာရင်းလုပ်ပြီးသွားချိန်မှာတော့ “ဖေဖေ တွက်ထားတာလေးမှားနေပါတယ်၊ အဖြေက __________ ဖြစ်ရမှာ” ဟူသောအသံစာစာကို အလန့်တကြား ကြားလိုက်ရသည်။ စာရင်းကိုတစ်ခါ ပြန်စစ်ဆေးကြည့်လိုက်တော့ သားငယ်ပြောတာမှန်နေ၏။ ထိုကလေးငယ်မှာ ဂေါက် ပင်ဖြစ်ပါသည်။

ဂေါက် ကို ၁၇၇၇ ခုနှစ်၊ ဧပြီ ၃၀ တွင် ဂျာမနီမြောက်ပိုင်း၊ ဘရန်းစဝှစ်၌ ဆင်းရဲသားမိဘနှစ်ပါးမှ မွေးဖွားခဲ့ပါသည်။ ဉာဏ်ရည်ထက်မြက်သောဦးလေးနှင့် စာမတတ်သော်လည်း အမြော်အမြင်ရှိသူ မိခင်တို့၏လမ်းပြ၊ ပညာသင်ကြားစေမှုကြောင့် ဆင်းရဲပင်ပန်းသည့် ဖခင်၏လုပ်ငန်းကို ဆက်ခံရမည့်အဖြစ်မှ လွတ်မြောက်ခဲ့သည်။ သူ၏အမည်အပြည့်အစုံမှာ Johann Friedrich Carl Gauss ဖြစ်သည်။ နောက်ပိုင်းတွင် သူက Carl Friedrich Gauss ဟု ရိုးရိုးရှင်းရှင်းပင်သုံးခဲ့၏။ အသက်သုံးနှစ်မပြည့်မီမှာပင် ဗျည်းစာလုံးအသံထွက်များကို မိဘ၊ ဆွေမျိုးများထံမှနာယူမှတ်သားနိုင်ခဲ့သည်။ ထိုမှ သူ့နည်းသူ့ဟန်ဖြင့် စာဖတ်တတ်အောင် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ဗျည်းစာလုံးများနှင့်အတူ ၁၊ ၂၊ ၃၊ ၄ _____ ဂဏန်းရေတွက်နည်းကို သိရှိခဲ့ဖွယ်ရှိသော်လည်း ဂဏန်းသင်္ချာဘာသာရပ်နှင့် ပတ်သက်၍ မည်သူမျှ သူ့ကိုပြသခဲ့ဖူးခြင်းမရှိပါ။

အသက်ခုနှစ်နှစ်အရွယ်တွင် ကျောင်းစ,နေရ၏။ ပထမနှစ်နှစ်အတွင်း မှတ်သားဖွယ်ရာ ထူးခြားချက်မတွေ့ခဲ့ပါ။ အသက် ၁၀ နှစ်အရွယ်တွင်မူ ဂဏန်းသင်္ချာအတန်း၌ ဆရာက ခဲရာခဲဆစ် အောက်ပါမေးခွန်းမျိုးကို ဂေါက် အပါအဝင် ကျောင်းသားများအား အတွက်ခိုင်းလေသည်။
81297 + 81495 + 81693 +•••••••• + 100899 ဟူသောပုစ္ဆာတွင် နောက်ကိန်းတိုင်းသည် ကပ်လျက်ရှေ့ကိန်းတိုင်းထက် 198 ကြီး၏။ ဤတွင်ပေးထားသော 81297 မှ 100899 အထိကိန်းလုံးရေ 100 ၏ပေါင်းလဒ်ကိုရှာပေးရန်ဖြစ်သည်။ (mobygeek.com တွင်မူ ၁ မှ ၁၀၀ အထိ ကိန်းအားလုံးပေါင်းလဒ်ကို အရှာခိုင်းထားပြီး ဂေါက် တွေးခေါ်တွက်ထုတ်ပုံ နည်းစနစ်ကိုပါ ရှင်းပြပေးထားသည်ကိုတွေ့ရသည်။) အခြားကျောင်းသားများ တစ်ခုချင်းစီကို ပေါင်းပြီးတွက်ချက်နေကြစဉ် ဂေါက်က တူရာစု၊ စစ်ထုတ်တွက်ချက်ရာ ခဏနှင့်ပင်အဖြေရသွား၏။ မည်သူတစ်ဦးတစ်ယောက်၏ နည်းပေးလမ်းပြမှု မပါပဲ မိမိအစွမ်းအစဖြင့် ထိုသို့တွက်ထုတ်နိုင်မှုအပေါ် သူ့ဆရာက အလွန်အမင်း အံ့ဩဝမ်းမြောက်ဖြစ်ခဲ့ရသည်။ သို့နှင့် မိမိပိုင်ငွေဖြင့် သင်္ချာစာအုပ်အချို့ဝယ်ယူပြီး ဂေါက်အားလက်ဆောင်ပေးကာ လေ့လာမှုပြုစေခဲ့သည်။

အသက် ၁၄ နှစ်အရွယ်တွင် ဘရန်းစဝှစ် နယ်စားမင်းက သူ၏ဉာဏ်ရည်ထက်မြက်မှုကို သဘောကျသောကြောင့် ကောလိပ်ပညာသင်ကြားရန် ငွေကြေးထောက်ပံ့ခဲ့သည်။ ကာရိုလိုင်းကောလိပ်ကျောင်းသားဘဝတွင် သင်္ချာပညာရှင်များအပါအဝင် မည်သူမျှဖြစ်နိုင်သည်မထင်သော အနား ၁၇ နားပါ ဥဿုံညီဗဟုဂံကို မျဉ်းတံနှင့် ကွန်ပါနှစ်မျိုးတည်းဖြင့် ဆွဲပြနိုင်ခဲ့သည်။

ထို့နောက် ဂျာမနီပြည်၏ ဂုဏ်သိက္ခာအကြီးမားဆုံးသော တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဂိုတင်ဂျင်တက္ကသိုလ်သို့ နယ်စားမင်း၏ထောက်ပံ့ငွေဖြင့် တက်ရောက်ခွင့်ရခဲ့သည်။ ထိုတွင်လေ့လာနေစဉ် ပညာတတ်အများအပြားအတွက် စိန်ခေါ်ချက်ဖြစ်နေသော အငြင်းပွားဖွယ်ရာ အက္ခရာသင်္ချာသက်သေပြချက်ကို ပြခဲ့သည်။ ထိုသက်သေပြချက်တွင် အက္ခရာသင်္ချာညီမျှခြင်းအားလုံး၌ အနည်းဆုံး အဖြေတစ်ခုရှိသည်ဟုဆိုထား၏။ ၎င်းကို the fundamental theorem of algebra ဟုခေါ်ဆိုကြသည်။

ထို့ပြင် နက္ခတ္တဗေဒနယ်ပယ်တွင်လည်း လေ့လာမှုများပြုခဲ့ပါသည်။ ဤသင်္ချာပညာရှင်ကြီးသည် နောက်ပိုင်းတွင် ဂိုတင်ဂျင်တက္ကသိုလ် နက္ခတ္တဗေဒဌာန၏ ဒါရိုက်တာဖြစ်လာပြီး သူကွယ်လွန်သည့် 1885 တိုင်အောင် ထိုရာထူးကို ရယူထားနိုင်ခဲ့သည်။

Bun Gon

Ref.

[1] E.T. Bell, men of mathematics,

[2] https://mobygeek.com/features/carl-friedrich-gauss-prince-of-mathematics-10805