ပိုက်သဂိုရသည် ရှေးအိုင်အိုနီးယန်းဒေသသား ဂရိတွေးခေါ်ပညာရှင်ဖြစ်သည်။ သူ၏နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာသင်ကြားချက်များမှာ Magna Graecia ခေါ် စစ္စလီကျွန်းအပါအဝင်ဖြစ်သည့် ယခုခေတ်အီတလီနိုင်ငံတောင်ပိုင်းဒေသများအတွင်း အထူးလူသိများခဲ့ပြီး ပလေတိုနှင့်အရစ္စတိုတယ်တို့၏ အတွေးအခေါ်အပေါ်လွှမ်းမိုးမှုရှိ၏။ ထိုမှတဆင့်အနောက်တိုင်းဒဿနလောကတွင် ဩဇာညောင်းခဲ့သည်။ သူ့ဘဝဇာတ်ကြောင်းမှာ ဒဏ္ဍာရီဆန်လှသော်လည်း ဆမော့စ်ကျွန်းပေါ်နေ မက်ဆာခတ်စ် (Mnesarchus) အမည်ရှိကျောက်ထွင်းပညာသည်၏သားဖြစ်မည်ဟု ယူဆရပါသည်။ နှောင်းခေတ်ပညာရှင်တို့က ပိုက်သဂိုရ၏ ပညာသင်ဘဝနှင့် ဩဇာသက်ရောက်ခဲ့မှုတို့အပေါ် အငြင်းပွားနေဆဲဖြစ်သော်လည်း ဘီစီ ၅၃၀ ဝန်းကျင်အတွင်း ကရိုတွန်မြို့သို့ရောက်ရှိကာ ကျန်းသစ္စာကျိန်ဆိုပြီး ကျောင်းတော်တစ်ခုကိုတည်ထောင်လျက် အုပ်စုလိုက်ခြိုးခြံချွေတာခြင်းနှင့်ဆိုင်သည့် လူနေမှုပုံစံတစ်ရပ်အား ဖွဲ့စည်းခဲ့သည်ဆိုခြင်းကိုမူ လက်ခံကြပါသည်။ ပိုက်သဂိုရမှာ သက်သတ်လွတ်ဝါဒီဟုတ်မဟုတ်မသိနိုင်သော်လည်း ထိုလူနေမှုပုံစံမှ သက်သတ်လွတ်စားသည့် အစဉ်အလာတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ a²+b²=c² ဟူသည့်သီအိုရမ်ကို သက်သေပြနိုင်ခဲ့စဉ်က နွားကဲ့သို့သော တိရစ္ဆာန်ကို ယဇ်ပူဇော်ခဲ့ဖူးသည့်သာဓကရှိခဲ့ဖူးသောကြောင့် နှောင်းခေတ်ပညာရှင်တို့အတွက် သက်သတ်လွတ်စားခြင်းဟုတ်မဟုတ် ဒွိဟဖြစ်ရသည်။

ပိုက်သဂိုရ၏သင်ကြားမှုထဲတွင် အပေါ်လွင်ဆုံးမှာ ဝိညာဉ်တိုင်းသည် ထာဝရရှင်သန်နေနိုင်ပြီး လူသေဆုံးသောအခါ ပြန်ဝင်စားနိုင်သည့်အပေါ်လက်ကိုင်ပြုသော၊ သေလွန်ပြီးနောက် ခန္ဓာအသစ်သို့ ဝိညာဉ်ကူးပြောင်းမှီတွယ်ခြင်း သို့မဟုတ် metempsychosis အယူအဆအကြောင်းဖြစ်သည်။ သူသည် ဂြိုဟ်များမှာ သင်္ချာညီမျှခြင်းများအတိုင်း သွားလာလည့်ပတ်နေကြောင်း လက်ကိုင်ပြုသော musica universalis အယူအဆနှင့် လူတို့နားဖြင့်မကြားနိုင်သော ( သာမန်လူတို့မှာ 20 KHz အထိသာ ကြားနိုင်စွမ်းပါသည် ) ကြိမ်နုန်းမြင့်သံစုံဂီတ တီးလုံးများပဲ့တင်ပြန်မှုတို့ကဲ့သို့သော ပညာရပ်ကိုလေ့လာသည့်အလုပ်ကိုလည်း ကြံဆခဲ့ဟန်ရှိ၏။ ပိုက်သဂိုရ‌ရှေးဦးဂိုဏ်းဝင်များနှင့်သူကိုယ်တိုင်က လေ့လာတွေ့ရှိထားသည်များကိုစာဖြင့်မှတ်တမ်းမတင် (ပိုက်သဂိုရက ရေးခွင့်မပြုခဲ့ပါ) ခဲ့သောကြောင့်ကိန်းဂဏန်းနှင့် ဂီတဆိုင်ရာသင်ကြားမှုကို ပိုက်သဂိုရကလုပ်ဆောင်ခဲ့သလော၊ သို့တည်းမဟုတ် သူ၏နောက်လိုက်ပုဂ္ဂိုလ်များ (အထူးသဖြင့် ကရိုတွန်မှ ဖီလိုလောက်) က တိုးချဲ့လုပ်ဆောင်ခဲ့သည်လော ဆိုသည်ကို ပညာရှင်တို့က ငြင်းခုံ‌ ဝေဖန်နေကြမှုရှိသည်။

၅၁၀ ဘီစီဝန်းကျင်အတွင်း ကရိုတွန်မြို့သားတို့က ဆိုင်ဘားရစ်မြို့ကို ပြတ်ပြတ်သားသားအောင်နိုင်ခဲ့ခြင်း၏နောက်ဆက်တွဲအဖြစ် ဒီမိုကရေစီထောက်ခံသူများနှင့် ပိုက်သဂိုရဂိုဏ်းဝင်တို့အကြား ပဋိပက္ခဖြစ်ပွားပြီး ပိုက်သဂိုရ စာပေဟောပြောပို့ချမှုပြုသည့်အိမ်များ မီးရှို့ဖျက်ဆီးခံရသည်။ ဤစီးနင်းတိုက်ခိုက်မှုအတွင်း ပိုက်သဂိုရအသတ်ခံရခဲ့ဖွယ်ရှိ၏။ သို့တည်းမဟုတ် မီတာပွန်တမ် (Metapontum) သို့ထွက်ပြေးလွတ်မြောက်ခဲ့ကာ ထိုအရပ်တွင်ပင်သေလွန်ခဲ့ဖွယ်ရှိသည်။

ရှေးဂရိနှင့် ရောမခေတ်အခါက ပိုက်သဂိုရသီအိုရမ်၊ ပိုက်သဂိုရအသံညှိနည်း (Pythagorean tuning)၊ ဥဿုံညီထုငါးမျိုး (the five regular solids)၊ အချိုးတူသီအိုရီ၊ ကမ္ဘာလုံးဝန်းကြောင်းအယူအဆ စသည်တို့အပါအဝင် များစွာသောသိပ္ပံနှင့် သင်္ချာဆိုင်ရာတွေ့ရှိမှုများအတွက် ပိုက်သဂိုရကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။ Pythagorean tuning ဆိုသည်မှာ ကြားပိုင်းအသံများ (intervals) အားလုံး 3:2 ရှိသော အသံကြိမ်နှုန်းအချိုးအဆအပေါ်အခြေခံသည့် အသံညှိစနစ်ဖြစ်သည်။ Pure perfect fifth ဟုလည်းခေါ်၏။ Octaves က (2:1) ပါ။ ဥဿုံညီထုငါးမျိုးမှာ အနားများ၊ ထောင့်များအားလုံးတူညီပြီး ထပ်တူကျလျက်ရှိသည့် သုံးဖက်မြင်ထုလုံးများဖြစ်သည်။ တက်ထရာဟီဒရွန်ခေါ် မျက်နှာပြင် လေးဖက်ပါထုလုံးမှစ၍ မျက်နှာပြင် ၂၀ ပါ အိုင်ကိုဆာဟီဒရွန်အထိိ ၅ ခုကိုဆိုလိုသည်။ ပုံတွင်ရှုပါ။

ဥဿုံညီထုငါးမျိုး (Image courtesy: wikipedia)

ထောင့်မှန်တြိဂံ ABC တွင် AB²+BC²=AC² ဖြစ်ကြောင်းအသိသညာကို အိန္ဒိယနှင့် ဘေဘီလုံတို့က သူ့ထက်စောပြီး သိရှိနှင့်ခဲ့ကြသော်လည်း အနောက်တိုင်းသားတို့အား အဦးဆုံးပြသခဲ့သော ဂရိပြည်သား ပိုက်သဂိုရကိုသာ ထိုသီအိုရမ်ကိုသက်သေပြသူအဖြစ် သတ်မှတ်ကြ၏။ ပထမဦးဆုံးသော တွေးခေါ်ပညာရှင် (အသိပညာကိုမြတ်နိုးသူ) အဖြစ် သူ့ကိုညွှန်းဆိုကြပါသည်။ ပိုက်သဂိုရသည် သူ၏ယခင်ဘဝဇာတ်ကြောင်းများကို မှတ်မိနေသည့်အစွမ်းရှိကြောင်း မိန့်ဆိုခဲ့လိမ့်မည်ဟု အမ်ပီဒိုကယ်လ် (Ampedocles) ဆိုသူက သူ၏ကဗျာတွင် ရေးသားခဲ့၏။ တူရကီနိုင်ငံမှ အေသင်မြို့သို့ ပြောင်းရွေ့အခြေချခဲ့ကာ ” ကမ္ဘာသည် အနောက်မှအရှေ့သို့လည်နေပြီး၂၄ နာရီကြာတိုင်း မိမိဝင်ရိုးကို တစ်ပတ်ပတ်မိသည်” ဟူသောအဆိုပြုချက်ကို စတင်ဖော်ထုတ်ရေးသားခဲ့သူ ဟီရာကလိုက် ပွန်တီကပ် (Heraclides Ponticus) ထံရောက် ဒိုင်အိုဂျီးနီးစ် လာတီးယပ်စ် (Diogenes Laërtius) ၏အစီရင်ခံစာ၌ဖော်ပြထားသည်မှာ –

ပိုက်သဂိုရသည် သူအသေးစိတ်မှတ်မိနေသော ယခင် လေးဘဝအကြောင်းကို လူအများအားဟောပြောခဲ့ကြောင်း၊ ထိုဘဝများထဲမှ ပထမဘဝမှာ သူ၏အတိတ်ဘဝကိုမှတ်မိနေစေခဲ့သည့် အရာရာကိုမှတ်မိသိရှိသူ ဂရိရိုးရာကုန်သွယ်ရေးနှင့် အားကစားတို့အပါအဝင် အစိုးရမှုများစွာရှိသူ နတ်သား ဟာမက်၏သား အက်သလိုက်ဒ်ဖြစ်ခဲ့ကြောင်း၊ နောက်ဘဝတစ်ခုမှာ ကဗျာစာဆို ဟိုးမား ရေးသားခဲ့‌သည့် စာကြောင်းရေ ၁၅ ၆၉၃ ကြောင်းပါ အီးလီယက် ဟုခေါ်သော ထရွိုင်မြို့တိုက်ပွဲကဗျာတွင်ပါရှိသူ အရံလူစွမ်းကောင်း ယူဖိုးဘတ် (Euphorbus) ဖြစ်ခဲ့ကြောင်း၊ နောက်ထပ်ဘဝတစ်ခုမှာ ဟာမိုတီမတ်စ် (Hermotimus) ခေါ် တွေးခေါ်ပညာရှင်ဘဝဖြစ်ပြီး နောက်‌ဆုံးဘဝ၌ တံငါသည်ဖြစ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဒဏ္ဍာရီပုံပြင်အရ တစ်ခါက ပန်းပဲဖိုတစ်ခုရှေ့တွင် ဖြတ်သန်းလာသော ပိုက်သဂိုရသည် စည်းချက်ညီညီထွက်ပေါ်နေခဲ့သည့် ပေကိုအံတု၊တူထုရိုက်သံများကိုကြားမိရာက ဂီတသင်္ကေတ (notes)များကို သင်္ချာညီမျခြင်းများအဖြစ် ပြန်ဆို၍ရကြောင်းတွေ့ရှိခဲ့သည်ဆို၏။ တူသံများမှာ စည်းချက်ညီညာပြီး လှပသည်ကိုစဉ်းစားမိချိန်တခဏ၊ ပန်းပဲဖိုထဲပြေးဝင်ပြီး တူအများဖြင့်စမ်းသပ်ကြည့်ခဲ့သည်။ ထုရိုက်လိုက်‌သောတူက တူ၏အရွယ်အစားနှင့် တိုက်ရိုက်အချိုးကျသည့်အသံထွက်ပေါ်လာသည်ကို တွေ့ရသောအခါ ဂီတသည် သင်္ချာနည်းကျကြောင်း ကောက်ချက်ချလေတော့သည်။ သို့ရာတွင် ဆိုခဲ့သော အချိုးများမှာ တူ၏အလေးချိန်နှင့်မသက်ဆိုင်ပဲ ကြိုး၏အလျား (မိတ်ဖက်အသံတွဲတစ်ခု) နှင့်သာလျှင် ဆက်စပ်သောကြောင့် ဤဒဏ္ဍာရီမှာ လက်တွေ့အားဖြင့်မှားပါသည်။

ပိုက်သဂိုရသည် သင်္ချာသမားစစ်စစ်မဟုတ်ပဲ ဘာသာရေးနှင့် သိပ္ပံပညာကို ရောစပ်လေ့လာသူဖြစ်သည်။ နောက်ပိုင်းတွင် သူ့သင်ကြားချက်ကို စာအုပ်အဖြစ်ရေးသားခဲ့သူတစ်ဦးက သင်္ချာသီးသန့် ရွေးထုတ်ရေးသားလိုက်ခြင်းကြောင့် ပိုက်သဂိုရမှာ သင်္ချာပညာရှင်ဟူသောဂုဏ်ပုဒ်ကို အပြည့်အဝရရှိလာခဲ့ခြင်းဖြစ်သည်။ ဆမော့ကျွန်းတွင်သူနေထိုင်စဉ် ပင်လယ်ဓားပြအလုပ်ဖြင့်အဆင်ပြေနေသူ ပိုလီဂရိတ် ခေါ်ဆမော့ကျွန်းဘုရင်က သူ့အား ” လေးစားအပ်ပါသော တွေးခေါ်ရှင်ကြီး ပိုက်သဂိုရ၊ ကျွန်ုပ်၏မေးခွန်းကိုဖြေပါလော့၊ သင့်အိမ်တွင် ဒဿနပညာကိုဆည်းပူးနေသူ ဘယ်လောက်များများ ရှိပါသလဲ ” ဟုမေးမြန်းရာ သူက- ” အကျွန်ုပ်ဖြေဆိုပါမည်ကြီးမြတ်သောမင်းကြီးပိုလီဂရိတ်၊ တပည့်ထက်ဝက်အား ကျမ်းစာများရေးရာ၌ တာဝန်ပေးထားပါသည်။ လေးပုံတစ်ပုံကို လောကီပညာရပ်များလေ့လာရန် တာဝန်ပေးထားပါသည်။ ခုနှစ်ပုံတစ်ပုံကို သမာဓိအားကောင်းပြည့်ဖြိုးရန် ကမ္မဌာန်းအားထုတ်ခိုင်းထားပြီး အမျိုးသမီးသုံးဦးအား အိမ်မှုကိစ္စများလုပ်ခိုင်းထားပါသည်။ ဤမျှလောက်ဆိုလျှင် သင်သည် ကျွန်ုပ်အိမ်ရှိ လူပေါင်းကို အလွယ်တကူတွက်ယူနိုင်လောက်ပြီ ” ဟုဖြေကြားခဲ့ကြောင်း ဆိုကြပါသည်။ ဤအဖြေကိုသိပြီးသူများအနေဖြင့် ပုစ္ဆာတည်ဆောက်ပုံဖြင့် ဖြေကြားပေးပါရန်၊ မသိသေးသူများအနေဖြင့် အဖြေကိုရှာကြည့်ပါရန် ဖိတ်ခေါ်ပါသည်။

ကျမ်းကိုး။ ။ ဝီကီပီဒီးယား၊ လွဏ်းမောင်၏ သင်္ချာဘုရင်မ ( အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်လျှင် )

Bun Gon