တီထွင်မှုတစ်ထောင်

နှစ်ပေါင်း ၃ သန်းသက်တမ်းရှိ တီထွင်နိုင်ခဲ့စွမ်းနှင့် သိလိုစိတ်ပြင်းပြမှုများက ထောင်ပေါင်းများစွာသော ရှာဖွေတွေ့ရှိမှုနှင့် တီထွင်မှုများကို ပေါ်ထွက်စေခဲ့သည်။ လူသားတို့အသက်ရှင်သန်ရပ်တည်ရန် လိုအပ်ချက်မှသည် တတ်သိလိမ္မာရန်လိုအပ်ချက်သို့တိုင် ကျွန်ုပ်တို့၏ကမ္ဘာကြီးကို ပုံဖော်ရာ၌ တီထွင်မှုက ကြီးမားသောအပိုင်းမှ ပါဝင်နေပါသည်။

ကျွန်ုပ်တို့၏ကမ္ဘာသည် ကျွန်ုပ်တို့ဘိုးဘေးဘီဘင်များ၏ ကမ္ဘာနှင့် အလွန်ပင်ခြားနားပါသည်။ ထောင်ပေါင်းများစွာသော ရှာဖွေတွေ့ရှိချက်များနှင့် တီထွင်ထားမှုများက ကျွန်ုပ်တို့၏လုပ်ဆောင်ပုံနှင့် စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲပေးခဲ့ပါသည်။ တီထွင်မှုဆိုသည်မှာ ဝတ္ထုပစ္စည်းများကို ဆန်းသစ်သောနည်းလမ်းသုံး စီစဉ်နေရာချခြင်းဖြင့် ဖန်တီးအပ်သည့် တစ်စုံတရာသော အရာဝတ္ထုအသစ်ကို ခေါ်ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိချက်ဟူသည် တွေ့ရှိဖို့ရန်သာလိုတော့သော ရှိနှင့်ပြီးဖြစ်သည့် အခြေခံသဘောတရား သို့မဟုတ် အရာဝတ္ထုဖြစ်၏။ သို့ရာတွင် မည်သည့်နေရာ၌ တီထွင်မှုအဆုံးသတ်ပြီး တွေ့ရှိမှုစတင်သည်ဆိုခြင်းကို ပြောရန်ခက်ပါသည်။ မည်သို့ပင်ဖြစ်စေ အနည်းငယ်သော တီထွင်မှုများ သို့မဟုတ် တွေ့ရှိမှုများကို နေ့ချင်းညချင်း ပြုလုပ်နိုင်ခဲ့သည်။ အများအားဖြင့် ထိုသို့ပေါ်ထွက်မလာမီ အချိန်ကာလအတိုင်းအတာတစ်ခုအထိ တစ်စုံတစ်ယောက်က ရှေ့ပြေးတင်ကြိုလုပ်ဆောင်ထားခဲ့မှုရှိတတ်သည်။ သို့တိုင် ၎င်းတီထွင်ထားချက်ကို ထပ်တိုးမြှင့်တင်လုပ်ဆောင်ရန် အချိန်လိုအပ်ပေသေးသည်။ တီထွင်မှုအသစ်တစ်ခုဖြစ်တည်ဖို့အရေး ရှိနှင့်ပြီးသောနည်းစနစ်များကို ဖယ်ထုတ်နိုင်ရန် နှစ်နှင့်ချီ၍ကြာမြင့်တတ်ပါသည်။ ရှာဖွေတွေ့ရှိချက်တစ်ခုက စဉ်းစားတွေးခေါ်မှုအလေ့အကျင့်ကို ပြောင်းလဲရန် မျိုးဆက်များစွာ ကြာနိုင်ပါသည်။

အသုံးချရန် သို့မဟုတ် မိမိတို့၏ပတ်ဝန်းကျင်ကို ပြောင်းလဲရန် ပစ္စည်းကိရိယာများပြုလုပ်ဖန်တီးခြင်းဖြင့် လူသားတို့ရှင်သန်ရပ်တည်နိုင်ကြပါသည်။ အခြားသောတိရစ္ဆာန်များမှာ ထိုသို့မလုပ်နိုင်စွမ်းပါ။  တက္ကနိုလော်ဂျီဟု ခေါ်ဆိုသော အခြေခံတီထွင်ထားချက်များနှင့် ရှာဖွေတွေ့ရှိချက်များ၏အုတ်မြစ်ဖြစ်ပေါ်လာရန် နှစ်ပါင်းထောင်ချီ ကြာညောင်းခဲ့ပါသည်။

ကျောက်လက်နက်များ (ဘီစီ ၃ သန်း)

ကျွန်ုပ်တို့နှင့် အခြားသောတိရစ္ဆာန်များအကြား အဓိကခြားနားချက်မှာ ကျွန်ုပ်တို့က လက်နက်ကိရိယာများအသုံးပြုခြင်းဖြစ်၏။ အစောဆုံးသိရသည့် လက်နက်ကိရိယာများကို အာဖရိကတိုက်တွင်တွေ့ရှိခဲ့ပြီး ၎င်းတို့အား လွန်ခဲ့သောနှစ်ပါင်း နှစ်သန်းကျော်က ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။ ထိုပစ္စည်းများမှာ သားငါး သို့မဟုတ် သစ်ပင်များခုတ်ထစ်ရန်အတွက် ကျောက်တုံးတစ်တုံးကို ထက်နေအောင် အခြားကျောက်တုံးတစ်ခုဖြင့် ဖဲ့ခြွေထုဆစ်ထားသော ကျောက်လက်နက်များသာဖြစ်သည်။ ထိုပစ္စည်းများကို ပြုလုပ်ခဲ့သူများသည် သစ်သားဖြင့်လည်း လက်နက်ကိရိယာများ ပြုလုပ်သွားခဲ့ပုံရသော်လည်း တစ်ခုတလေမျှ ကျန်ရစ်ခဲ့ခြင်းမရှိပါ။

လက်ကိုင်ပါ ပုဆိန် (ဘီစီ ၁ သန်း ၈ သိန်း)

မညီညာသော လက်နက်ကိရိယာများမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၁ သန်းကျော်ကမှ လှပစွာပုံဖော်ထားသော အသွားထက်ကိရိယာများအဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။ လက်နက်ကိရိယာပြုလုပ်သူတို့က မီးခတ်ရာတွင်သုံးသော ကျောက်စရစ်တုံးအကြီးများ၏ မျက်နှာပြင်များကို အနားစောင်းများထက်နေသည့်တိုင် အထပ်ထပ်တိုက်ချွတ်ပြီး အရာဝတ္ထုများဖြတ်တောက်ခြင်း သို့မဟုတ် လုံးချောနေအောင်ပြုခြင်းအတွက်သုံးကြ၏။ ကျန်ရှိနေသည့် အစွန်းတစ်ဖက်ကို လက်ကိုင်အဖြစ် လုံးချောနေအောင်ပြုပြီး ထိုးဖောက်ရာ၌သုံးနိုင်အောင် အစွန်းနားတွင် အချွန်ပြုလုပ်ထားသည်။ ဤအသွားထက်လက်နက်ကိုပင် လက်ကိုင်ပါပုဆိန် ဟုခေါ်ခြင်းဖြစ်သည်။
ဘီစီ ၁ သန်း ၆ သိန်းခန့်၌ ကမ္ဘာကြီးမှာ ရေခဲခေတ်သို့ချင်းနင်းဝင်ရောက်လာသည်။ နောက်ဆုံးတွင် ဥရောပမြောက်ပိုင်းနှင့် အမေရိကမြောက်ပိုင်းကို ရေခဲများဖုံးလွှမ်းသွားမည်ဖြစ်သည်။ ထိုရေခဲအများစုကြီးမှာ ဘီစီတစ်သောင်းခန့်တွင် ပျက်ယွင်းသွားပြီး မြေမျက်နှာပြင်ပြောင်းလဲကျန်ခဲ့၏။

မီးကိုအသုံးပြုခြင်း (ဘီစီ ၁ သန်း ၄ သောင်း)

မီးမည်ကဲ့သို့ပေါ်ထွက်လာအောင်လုပ်ရမည်ကို မသိရှိခင် နှစ်များစွာကပင် မီး၏အသုံးဝင်ပုံကို လူတို့သိရှိခဲ့ကြပြီးဖြစ်သည်။ ပွတ်တိုက်ခြင်း၊ လျှပ်ပြက်ခြင်း စသည်ကြောင့် မီးကိုသဘာဝအတိုင်းရနိုင်ပါသည်။ ရှေးဦးလူတို့ကသုံးစွဲရန် မီးကိုမသေအောင် ထိန်းသိမ်းထားကြပါသည်။ အစားအစာချက်ပြုတ်ရန်နှင့် အနွေးဓာတ်ရရန် မီးကိုအသုံးပြုကြ၏။ သစ်ပင်ခြုံနွယ်များကို ရှင်းလင်းရန်အတွက်လည်း မီးကိုသုံးတတ်ကြသေးသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မြက်ပင်များထူထပ်စွာပေါက်ရောက်စေပြီး လူတို့အစာအတွက် ဖမ်းယူစားသောက်ရန် တိရစ္ဆာန်တို့ကို မျှားခေါ်ရာလည်းရောက်ပါသည်။

ဘီစီ ၅ သောင်းခန့်တွင် တိုက်တန်းအဆောက်အအုံကြီးတစ်လုံးအရွယ်ရှိ ကြီးမားလှသောဥက္ကာခဲကြီးမှာ ယခုအရီဇိုးနားနယ်တွင် ကျရောက်ခဲ့သည်။ ဥက္ကာခဲကြီးမှာ ၄၄၀ ၀၀၀ တန်မျှလေးပြီး ၀.၇၅ မိုင် (၁.၂ ကီလိုမီတာ) အကျယ်နှင့် ၄၉၀ ပေ (၁၅၀ မီတာ) နက်သည့် ချိုင့်ကြီးကိုဖြစ်ပေါ်စေခဲ့သည် (ပုံကိုကြည့်ပါ) ။

ဥက္ကာခဲကြီးကြောင့် ဖြစ်ပေါ်လာသည့် ချိုင့်ခွက်ကြီး (အရီဇိုးနားပြည်နယ်) – image courtesy: wikipedia

သတ္တုတူးဖော်ခြင်း (၄၀၀၀၀ ဘီစီ)

ရှေးဦးလူတို့သည် လက်နက်ကိရိယာလုပ်ရာ၌သုံးသည့် ကျောက်အပါအဝင် သူတို့ပတ်ဝန်းကျင်တဝိုက်ရှိ အရာရာတိုင်းကို အပြည့်အဝအသုံးတည့်အောင် ဖန်တီးခဲ့ကြသည်။ တစ်ချိန်ချိန်တွင် မြေပြင်ပေါ်ရှိကျောက်ကောင်းများမှာ သုံး၍ကုန်သွားပြီး သူတို့လိုချင်သည့်အရာကို မြေကြီးထဲမှတူးထုတ်၍ ရယူဖို့ရန်အကြောင်းဖန်လာပါသည်။ ပထမ၌ သတ္တုတွင်းများမှာ တွင်းတိမ်ကလေးများသာဖြစ်သော်လည်း နောက်ပိုင်းတွင် မနက်နက်အောင်တူးဖော်ခဲ့ကြရသည်။ သူတို့အလိုရှိသည့်သတ္တုများအနက်တစ်ခုမှာ ဂူတွင်းပန်းချီဆေးရေးခြင်းနှင့် ရိုးရာဓလေ့အရ ရောင်ခြယ်ပစ္စည်းအဖြစ်သုံးသည့် အနီရောင်မြေစေးဖြစ်သည်။ ထိုတွင်းမှာ အာဖရိကတိုက်၊ ဇွာဇီလန်နိုင်ငံ၊ ဘွန်ဗူရစ်ရှိသတ္တုတွင်းဖြစ်သည်။ အောက်တွင် ထိုသတ္တုတွင်းပုံကို ဝီကီပီဒီယာ၌ ရှာဖွေဖော်ပြထားပါသည်။

 

Ngwenya Mine
Ngwenya_Mine (ပုံ- ဝီကီပီဒီယာ) ဤမိုင်းတွင်းသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးမိုင်းတွင်းဟုယူဆရပြီး ကျောက်ခေတ်လယ်တွင် မြေစေးနီထုတ်ယူခဲ့ကြသည်။ Haematite သံသတ္တုကြောရှိသည့် ဤသတ္တုတွင်းကို နှောင်းပိုင်းတွင် သံထုတ်ယူအရည်ကျိုပြီး သံရိုင်းကို နိုင်ငံခြားသို့တင်ပို့ရောင်းချခဲ့သည်။

လွန်စူး

အစောဆုံးသောလွန်စူးများမှာ အချွန်ပြုလုပ်ထားသောကျောက်တုံးကို လက်ဝါးနှစ်ဖက်ကြားထား၍ လှည့်ကြခြင်းဖြစ်ဖွယ်ရှိသည်။ နောင်တွင် သစ်သားချောင်းကိုလှည့်၍ မီးမွှေးခဲ့ကြ၏။ လွန်စူးကိုကြိုးဖြင့်သိုင်းချီပြီးလှည့်ပေးလျှင် ပို၍မြန်မြန်လှည့်နိုင်ကြောင်းကိုလည်း တွေ့ရှိခဲ့ကြသည်။ လွန်စူး၏လက်ကိုင်တွင် လေးကိုင်းတစ်ခုဆင်ကာ လေးကိုင်းအစွန်းနှစ်ဘက်ကို ကြိုးစချည်ပြီး ကြိုးအလယ်ပိုင်းကို လွန်စူးလက်ကိုင်ထိပ်တွင်ချည်နှောင်၍ လေးကိုင်းကိုလှည့်ပေးခြင်းဖြစ်သည်။ ဤနည်းကို အချို့ဒေသများတွင် ယခုတိုင်အသုံးပြုကြဆဲဖြစ်သည်။

Roger Bridgman ရေးထားသည့် 1000 Inventions and Discoveries စာအုပ်ရှေ့ပိုင်းပါ ရေးသားချက်များကို ဆီလျော်အောင်ပြန်ဆိုထားပါသည်။

Bun Gon