ဆောင်းရာသီကာလ သင့်အိပ်ရာကိုနွေးထွေးနေစေမယ့် နည်းလမ်း ၁၀ မျိုး

အေးခိုက်တဲ့ညတွေကို ကြုံတွေ့နေရသူအဖို့သတင်းကောင်းကတော့ အိပ်ရာကိုအေးမြနေအောင်လုပ်ရတာထက် နွေးထွေးသွားအောင်လုပ်ဖို့က ပိုလွယ်တယ်ဆိုတာပါပဲ။

ပြောရရင် သင့်ခန္ဓာကိုယ်ဟာ အပူငွေ့တွေ ဆက်တိုက်ထုတ်လွှတ်ပေးနေတဲ့ သဘာဝ အနွေးပေးပစ္စည်းဖြစ်လို့နေပါတယ်။ ဒါဟာနွေရာသီမှာ ပြဿနာတစ်ရပ်ဖြစ်နိုင်ပေမယ့် ဆောင်းဥတုအဖို့ သော့ချက်အဖြေဖြစ်မှာပါ။

အခြေခံအားဖြင့် သင့်ကိုယ်အပူရှိန်ကို မှန်ကန်တဲ့အလွှာတွေကြား ပိတ်လှောင်ထားမယ်ဆိုရင် အိပ်ရာထဲမှာပဲနေရင်းက သင့်အိပ်ရာအလုံအလောက် နွေးနေမှာဖြစ်ပါတယ်။

သို့ပေသိ အဲဒီနည်းနဲ့ အိပ်ရာကိုနွေးစေတာက အချိန်ကြာပါလေရဲ့။ ပြီးတော့ရှည်လျားလှတဲ့နေ့ရဲ့အဆုံးမှာ အပန်းဖြေအနားယူဖို့လုပ်နေသူတွေအတွက် အေးစိမ့်နေတဲ့အိပ်ရာထဲဝင်ကွေးဖို့ ဘယ်သူမှလည်းမကြိုက်ကြပါ။ ဒါကြောင့် အခြေခံအားဖြင့် သင်ဟာ အေးတဲ့ဒေသမှာနေထိုင်တယ်ဆိုရင် မှန်ကန်တဲ့ ဆောင်းရာသီ အိပ်ရာခင်းပြင်ဆင်နည်းအပြင် အိပ်ရာခင်းအနွေးပေးစနစ်တစ်ခုခုကိုသုံးတာက အထောက်အကူရပါလိမ့်မယ်။

ဘာက အသင့်လျော်ဆုံးအိပ်ရာတွင်းအပူချိန်ဖြစ်မလဲ?

ကျဆင်းနေတဲ့အပူချိန်က ညဘက်ရောက်ရှိပြီဖြစ်ကြောင်း သင့်ရဲ့ကိုယ်တွင်းစနစ်ကို အချက်ပြနေပါတယ်၊ ဒါဟာ အိပ်စက်ရမယ့်အချိန်ပါပဲ။ သင့်အိပ်ရာကို အလွန်အမင်း အနွေးပေးလိုက်ရင် အိပ်စက်မှုဖြစ်အင်ကို အနုတ်လက္ခဏာဆောင်စေတတ်ပါတယ်။

အိပ်စက်မှုရေးရာကျွမ်းကျင်သူတွေက အိပ်ရာခင်းရဲ့အပူချိန်ကို ၆၀ နဲ့ ၆၇ ဒီဂရီဖာရင်ဟိုက် (၁၅.၅ နဲ့ ၁၉.၅ ဒီဂရီ ဆဲလ်စီးယပ်စ်) ကြား ထားအိပ်ဖို့ အကြံပြုကြပါတယ်။ ဒီထက်ပိုအေး၊ ပိုနွေးတာကို တချို့တလေက ပိုနှစ်သက်ကြလိမ့်မယ်ဆိုပေမယ့် ဒီအကြံပြုချက်က များစွာပိုကောင်းမွန်တယ်ဆိုကြလေရဲ့။ ဒါကြောင့် အိပ်ရာခင်းကို အနွေးပေးတာကကောင်းပေမယ့် အနွေးပေးလွန်သွားလို့ ချွေးပြန်တာ၊ အဆင်မပြေဖြစ်တာကြုံရရင် အနွေးပေးတာလေး လျှော့ချအိပ်စမ်းကြည့်ပါ။

၁ အိပ်ရာကိုအနွေးပေးပါ၊ တစ်အိမ်လုံးအနွေးပေးဖို့မလို

တစ်အိမ်လုံးကို ညလုံးပေါက်အနွေးပေးဖို့ဆိုတာ ကုန်ကျစရိတ်ကြီးမားပြီး အသုံးမကျရာရောက်ပါတယ်။ ဒါကြောင့် အလွန်အေးတဲ့ညတွေမှာ လေကိုအခန်းတွင်းမှာပဲထိန်းသိမ်းထားဖို့ရန် အခန်းတံခါးပိတ်ထားပြီး အိပ်ခန်းကိုပဲအနွေးပေးတာက ပိုကောင်းပါလိမ့်မယ်။

၂ ဆောင်းတွင်းသုံး ဖလန်နယ်အိပ်ရာခင်းတွေကိုသုံးပါ

ဖလန်နယ်က ဆောင်းတွင်းကာလအတွက် ရွေးချယ်သင့်တဲ့အိပ်ရာခင်းပါ။ သူက ချောမွေ့တဲ့ သာမန် ဝါချည်မျှင်ထည်လိုမဟုတ်ပဲ အမွေးဖွာထားတဲ့ ချည်ထည်တစ်မျိုးဖြစ်ပါတယ်။ အမွေးဖွာထားတဲ့အတွက်ကြောင့် ပိုကောင်းတဲ့ လျပ်ကာနိုင်စွမ်းရှိပြီး ပိုများတဲ့လေကို ပိတ်လှောင်ထိမ်းသိမ်းထားစေနိုင်မှာပါ။

၃ အိပ်ရာခင်းနဲ့ စောင်တွေကို တစ်ထည်မကထားပါ

ပိုပြီးကရိကထနည်းတဲ့ ငှက်မွေးဂွမ်းကပ်စောင်၊ ထူထဲတဲ့စောင်တစ်ထည်ကိုပဲသုံးမယ့်အစား အလွှာလိုက်ဖြစ်အောင် စောင်နှစ်ထည်သုံးထည်ကိုထပ်ပြီး ခြုံလွှမ်းအိပ်ပါ။ လျပ်ကာပေးတဲ့အလွှာတွေဖြစ်စေပြီး လေတွေကိုပိတ်လှောင်ထားဖို့ ယူဆချက်နဲ့ပါ။ ညညဆိုပူနွေးလွန်းနေရင် တချို့ကိုဖယ်ထုတ်လို့ရတဲ့အတွက် အလွှာလိုက်ထားသုံးတာက အလုပ်ဖြစ်ပါတယ်။
လျပ်ကာနိုင်စွမ်းကိုမြှင့်တင်ဖို့ရာ ပါးလွာတဲ့စောင်နဲ့ ပိုမိုထူထဲတဲ့စောင်တွေကို တစ်လှည့်ချင်းစီ ထက်အောက်လဲလှယ်သုံးကြည့်ပါ။

၄ ပိုကောင်းတဲ့စောင်ကိုသုံးပါ

တိရစ္ဆာန်ထွက်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ထုတ်ကုန်ကိုသုံးရတာနှစ်သက်ရင် ဂွမ်းကပ်၊ ငှက်မွေးဂွမ်းကပ်စောင်တွေကိုသုံးပါ။ နောက်တစ်မျိုးကသိုးမွေးထည်။ သူက လေကိုကောင်းကောင်းကြီးပိတ်လှောင်ထားနိုင်ပါတယ်။ ပြီးတော့ synthetic ခေါ် အစိတ်အပိုင်းတွေကိုတစ်စုထဲဖြစ်အောင် ပေါင်းချုပ်ထားတဲ့စောင်ထက် အသက်ရှူရပိုကောင်းသေး။ တိရစ္ဆာန်အခြေခံပစ္စည်းတွေပါတဲ့စောင်တွေကိုမကြိုက်ရင်တော့ အခေါင်းပေါက်နဲ့ ဖိုင်ဘာစောင် က ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါမယ်။

tog values ဆိုတာ?

တချို့နိုင်ငံလုပ် ငှက်မွေးဂွမ်းကပ်စောင်တွေဆို tog values နဲ့လာတတ်ပါတယ်။ tog က အဝတ်အစားနဲ့ ဂွမ်းကပ်တွေရဲ့ လျပ်ကာနိုင်စွမ်းကိုဖော်ပြတာမှာသုံးတဲ့ အပူခံအားယူနစ်ပါ။ စောင်တစ်ထည် ဘယ်လောက်အထိနွေးထွေးတယ်ဆိုတာကို tog က ဖော်ပြပေးပါတယ်။
ရာသီအလိုက် tog values တွေက-

  • နွေမှာ ၃.၅ ကနေ ၇.၅
  • ဆောင်းဦးနဲ့နွေဦးမှာ ၇.၅ ကနေ ၁၀.၅
  • အေးတဲ့ဆောင်းရာသီမှာ ၁၃.၅ ကနေ ၁၅

ဖြစ်ပါတယ်။

၅ ပိုနွေးတဲ့စောင်တွေကိုရွေးပါ

စောင်တွေမှာအနွေးဆုံးက သိုးမွေးထည်၊ ဆိတ်မွေးထည်စောင်ပါ။ ဒီအမွေးအမျှင်တွေဟာဆိုလို့ရှိရင် ပိုတွန့်လိမ်ပြီး သင့်ကိုယ်တဝိုက် လေနွေးနွေးကို ပိတ်လှောင်ထားနိုင်စွမ်းပြီး synthetic စောင်ထက် ပိုကောင်းပါတယ်။ သားမွေးထည်မှာဆိုရင် သိုး၊ သိုးငယ်လေးကနေရတဲ့ သိုးမွေးကိုအသုံးများလေရဲ့။ အရမ်းနွေးထွေးတာတွေရ ချင်ရင်တော့ Merino သိုး၊ Cashmere ဆိတ်၊ Alpaca ကုလားအုတ်၊ Yak လို့ခေါ်တဲ့ တိဘက်နွားရိုင်း စတာတွေဆီကရတဲ့ အမွေးတွေနဲ့ရက်လုပ်ထားတဲ့စောင်ကို သုံးပါ။

၆ အနွေးပေးထားတဲ့အိပ်ရာခင်းကိုသုံးပါ

မိမိတို့ရဲ့အိပ်ရာကို မိမိတို့ကိုယ်ငွေ့နဲ့ နွေးအောင်လုပ်လိုရတယ်ဆိုပေမယ့် တချို့အတွက်တော့မလုံလောက်ပါ။ တစ်ညတာကိုဖြတ်သန်းဖို့ အိပ်ရာခင်းကိုနွေးရမယ့်အချိန်မျိုးမှာ အေးစက်နေတဲ့အိပ်ရာထဲဝင်ရမှာ သင်မဝံ့မရဲဖြစ်နေမယ်ဆိုရင်လည်း ဒါဟာအိပ်ရာခင်းကို နွေးပေးဖို့လိုတဲ့အကြောင်းပြချက်တစ်ခုပါပဲ။ အနွေးဓာတ်ပေးအိပ်ရာခင်းအတွက် mattress pads ခေါ် အနွေးဓာတ်ပေးမွေ့ရာ ဒါမှမဟုတ် လျှပ်စစ်စောင် (electric blankets) ဆိုပြီးရွေးချယ်စရာရှိပါတယ်။ အနွေးဓာတ်ပေးမွေ့ရာဆို သင့်အောက်ကနေအနွေးဓာတ်ပေးတဲ့အတွက် ပိုပြီးအကျိုးများပါတယ်။

သို့ပေမယ့် တချို့လူတွေအတွက် လျှပ်စစ်စောင်က ပိုသင့်လျော်ပါလိမ့်မယ်။ သင့်အောက်မှာဝါယာကြိုးတွေရှိနေတာမနှစ်မြို့ရင် ဒါမှမဟုတ် မွေ့ရာနဲ့သင့်ကိုယ်အကြား အပူပိတ်မိနေလို့ ပူလွန်းအားကြီးနေရင် လျှပ်စစ်စောင်က ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်မှာပါ။

၇ အိပ်ရာခင်းတွေကြားထဲ လေပူမှုတ်ထည့်ပါ

အိပ်ရာခင်းကိုအပူပေးဖို့ အခြားထိရောက်တဲ့နည်းက BedJet ခေါ် ရာသီဥတုထိန်းချုပ်စနစ်ဖြစ်ပါတယ်။ သူက‌ ကြွေထည်ကျောက်ပေါ်ကို မတူညီတဲ့ယူနစ်နဲ့ လေကိုနွေးစေပြီး အဲဒီလေနဲ့ သင့်အိပ်ရာခင်းကြား၊ သင့်ကိုယ်ပေါ်ကိုမှုတ်သွင်းပေးပါတယ်။ မြန်ဆန် ထိရောက်ပြီး အပူချိန်အစားစား၊ အင်္ဂါရပ်အသွယ်သွယ် သင်ကြိုက်တဲ့အပူချိန်အတိအကျနဲ့ သင့်အိပ်ရာကို နွေးပေးနိုင်ပါတယ်။

၈ နွေးထွေးတဲ့ညဝတ်အင်္ကျီကို ဝတ်ပါ

ဆက်ရရင် နွေးထွေးတဲ့ ဖလန်နယ်ညဝတ်အင်္ကျီတွေကိုဝတ်ဆင်ပါ။ ဒါဟာလည်းပဲ ညတရေးနိုးမှာ ခိုက်ခိုက်တုန်အောင်အေးမယ့်ဒဏ်ကို အတန်ငယ်လျှော့နည်းစေပါတယ်။

၉ ရေနွေးအိတ် ရေနွေးပုလင်းသုံးပါ

နောက်ထပ်အပိုဆောင်း နွေးထွေးစေမယ့်နည်းတစ်ခုက ရေနွေးအိတ်၊ ရေနွေးဗူးအသုံးပြုတာပဲဖြစ်ပါတယ်။ သူ့ထဲကိုရေနွေးဖြည့်ထည့်ပြီး အိပ်ရာမဝင်ခင်အိပ်ရာထဲထည့်ထားနှင့်ပါ။ ပြီးရင်တော့အဲဒါကို ထိတွေ့နိုင်မယ်၊ တစ်ညတာရဲ့အစောပိုင်းကာလမှာ သင့်ခြေထောက်တွေကို ပိုမိုနွေးထွေးအောင် ပြုပေးပါလိမ့်မယ်။

၁၀ သင့်အဖော်နဲ့ပူးပူးကပ်ကပ်နေပါ

သင်ဟာ သင့်အဖော်နဲ့အိပ်တာဆိုရင်တော့ ဒီနောက်ဆုံးတစ်ခုကို သိထားနှင့်ပြီးဖြစ်ပါလိမ့်မယ်။ အတူပူးပူးကပ်ကပ်နေတာက အပူကာနည်းလမ်းကောင်းဖြစ်ရုံမက တစ်ချို့အနွေးဓာတ်တွေလွင့်ထွက်မသွားစေတဲ့နည်းဖြစ်ပါတယ်။

သင့်အယူအဆ

ဒီရှည်လျားလှတဲ့ ဆောင်းရာသီညတွေကို ဘယ်လိုနည်းစနစ်နဲ့ သင်ဖြတ်သန်းကြောင်း အတွေ့အကြုံကို မှတ်ချက်ပြု မျှဝေပေးပါအုံး။

ဒီစာစုကို အောက်ပါဝက်ဘ်ဆိုက်ကနေ ဆီလျော်အောင် မြန်မာဘာသာပြန်ထားခြင်းဖြစ်ပါသည်။

www.nosleeplessnights.com

 

Bun Gon