ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ (၂၀၁၉ ခုနှစ်) မှာ တွင်းနက် (Black hole) ရဲ့ ပုံကို အပြည်ပြည်ဆိုင်ရာ နက္ခတ်ပညာရှင်များအသင်းကနေ လူထုကို ပထမဆုံးအနေနဲ့ ချပြခဲ့ပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေ အတွက်သာမက လူသားမျိုးနွယ်တစ်ခုလုံးအတွက်ပါ အင်မတန်မှကောင်းတဲ့ သတင်းထူးတစ်ပုဒ်ပါ။ ဘာလို့လဲဆိုတော့ သိပ္ပံလောကမှာ ဒီတွင်းနက်ရဲ့တည်ရှိမှုအကြောင်းကို ဆွေးနွေးလာခဲ့ကြတာ အခုဆို နှစ်ပေါင်း (၁၀၀) မက ရှိလာခဲ့ပါပြီ။ ရူပဗေဒသီအိုရီတွက်ချက်မှုတွေကတော့ တွင်းနက်တည်ရှိတယ်ဆိုတာကို ပြသနေခဲ့ပေမယ့်လည်း တစ်ချို့သူတွေအတွက် တိုက်ရိုက်မမြင်ရသေးတော့ ယုံကြည်ဖို့ဆိုတာ ခက်ခဲနေတတ်ပါတယ်။ အခုတော့ ဒီတွေ့ရှိတဲ့တွင်းနက်ရဲ့ပုံကို အခြေခံပြီး ရှိပြီးသား တွင်းနက်ဆိုင်ရာသီအိုရီအချို့ကို အတည်ပြုနိုင်တော့မှာဖြစ်သလို၊ လေ့လာသုံးသပ်ချက်အသစ်တွေကိုလည်း လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း သိပ္ပံစာပေကို စိတ်ဝင်စားမှုလိုအပ်နေသေးတဲ့ စာရေးသူတို့ မြန်မာလူမျိုးတွေ အနေနဲ့ ဒီသတင်းကြောင့် သိပ္ပံအပေါ် စိတ်ဝင်စားမှုတွေ အထိုက်အလျောက်တက်လာကြပါတယ်။ ကဲ အထင်ရှားဆုံး ဥပမာအနေနဲ့ စာရေးသူကိုသာ ကြည့်လိုက်ပေတော့။ ဒီတွင်းနက်အကြောင်းသတင်းကြားပြီးကတည်းက စာရေးသူရဲ့ စိတ်အစဥ်ဟာ တွင်းနက်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ နဲနဲလေးကြာလာတော့ ကိုယ်တိုင်ရှာဖတ်ရုံနဲ့တင် အားမရနိုင်တော့ဘဲ ဒီအကြောင်းတွေကို စာပြန်ရေးပြီးရှယ်ဦးမဟ ဆိုတဲ့အတွေးတွေလည်း (ရုတ်ခြည်းဆိုသလို 😅) ဖြစ်ခဲ့ရပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ သိပ္ပံစာပေလောကမှာ တစ်တပ်တစ်အားလည်း ဖြစ်စေ၊ ဖတ်ရှုသူတို့လည်း ဗဟုသုတတိုးစေ၊ စတဲ့ ရည်ရွယ်ချက်များဖြင့် ရှင်းလင်းချက်တွေကို သင့်တော်တဲ့ ကျမ်းကိုးနဲ့ သရုပ်ဖော်ပုံတို့ကိုသုံးပြီး ရေးသားလိုက်ရပါသည်။
(၁) တွင်းနက်ဆိုတာ ဘာလဲ (တွင်းနက်မိတ်ဆက်)
စာရေးသူတို့ရဲ့ စကြဝဠာကြီးဟာ ဆန်းကျယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီဆန်းကြယ်မှုတွေအထဲမှာ တွင်းနက်ဆိုတာကလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ကဲ ဒါဆိုရင် ဒီတွင်းနက်ဆိုတာ ဘာများပါလိမ့်။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရတော့ တွင်းနက်ဆိုတာ စကြဝဠာကြီးထဲက နယ်နိမိတ်တစ်ခုပါ။ အဲဒီနယ်နိမိတ်ထဲက ဒြပ်ဆွဲအား (ခေါ်) gravity ဟာ သိပ်ကို ကြီးမားလွန်းတဲ့အတွက် အလင်းတောင် သူ့ထဲကျသွားရင် ပြန်ထွက်လို့မရတော့ဘူးလို့ ပြောပါတယ်။ ဪ ဒါကြောင့်လည်း မည်းနက်နေပေတာကိုး။ ဒါဆို ‘’နက်’’ တယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဘာဖြစ်လို့ ‘’တွင်း’’ လို့ ခေါ်တာပါလိမ့်။ ဒါကို သိရဖို့အတွက် နာမည်ကျော်သိပ္ပံပညာရှင် အယ်လ်ဘတ်အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီ (theory of general relativity) အကြောင်း အနည်းငယ်သိဖို့ လိုအပ်ပါတယ်။ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီက ဘာပြောသလဲဆိုတော့ အရာဝတ္ထုတစ်ခုနဲ့တစ်ခုအကြားက ဒြပ်ဆွဲအားဟာ အာကာသဟင်းလင်းပြင် (space) နဲ့ အချိန် (time) ကိုတောင်မှ ပုံပျက်ကွေးကောက်သွားစေနိုင်သတဲ့။ ဒါကို ပညာရပ်ဆိုင်ရာမှာတော့ ဟင်းလင်းပြင်-အချိန်တို့ရဲ့ ပုံပျက်ကွေးကောက်ခြင်း (warping of spacetime) လို့ ခေါ်ပါတယ် [1]။ ပုံ ၁ မှာ နေရဲ့ဒြပ်ဆွဲအားကြောင့် သူ့ရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းလင်းပြင်ပုံပျက်ကွေးကောက်သွားပုံကို အပြာရောင် လမ်းကြောင်းများဖြင့် သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် အာကာသထောက်လှမ်းရေးစက် (Space probe) ဆီကနေ ကမ္ဘာကို ထုတ်လွှတ်လိုက်တဲ့ ရေဒီယိုလှိုင်း (ပုံပါ အစိမ်းရောင် အလင်းတန်းလေး) ဟာ နေရဲ့ ဒြပ်ဆွဲအားကြောင့် လမ်းကြောင်း သွေဖီသွားတာကိုလည်း တွေ့မြင်ရမှာပါ (ပစ်လွှတ်လိုက်တဲ့ လမ်းကြောင်းအတိုင်း တည့်တည့်မသွားတော့ဘဲ လမ်းကြောင်းပြောင်းသွားတာကို ပြထားတာပါ)။
ပုံ ၁ ကနေ အောက်ဖော်ပြပါ အရေးပါတဲ့ သုံးသပ်ချက် ၂ ခုကို ပြုလုပ်နိုင်ပါတယ်။
- အရာဝတ္ထုတစ်ခုဟာ ဒြပ် (mass) ရှိလာပြီ ဆိုရင် ဒြပ်ဆွဲအား (gravity) လည်း ရှိလာပါတယ်။
- ဒြပ်ဆွဲအားရှိသော အရာဝတ္ထုတိုင်းဟာ သူ့ရဲ့ ဘေးနားက ဟင်းလင်းပြင်-အချိန် တို့ကို ပုံပျက်ကွေးကောက် (warp) စေနိုင်ပါတယ်။
မှတ်ချက်။ ကျွန်ုပ်တို့ ကမ္ဘာသူ ကမ္ဘာသားတွေမှာလည်း ဒြပ် (mass) ရှိပါတယ်။ ဒါပေမယ့် စကြဝဠာထဲမှာ ရှိတဲ့ ဂြိုလ်တွေ၊ ကြယ်တွေနဲ့ နှိုင်းယှဥ်လိုက်တဲ့အခါ ကျွန်ုပ်တို့ရဲ့ ဒြပ်ဟာ လွန်စွာမှ သေးငယ်လွန်းပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်ုပ်တို့ကြောင့် ဟင်းလင်းပြင်-အချိန်တို့ရဲ့ ပုံပျက်ခြင်းဟာ ရှိတော့ရှိပေမယ့် မပြောပလောက်အောင် သေးပါတယ်။
တွင်းနက်တစ်ခုရဲ့ ဒြပ်ဟာ နေထက် အဆပေါင်းများစွာ မြင့်မားပါတယ်။ ဒြပ်များလေ၊ ဒြပ်ဆွဲအားလည်း ပိုများလေ ဘေးနားမှာရှိတဲ့ ဟင်းလင်းပြင်-အချိန်တို့ရဲ့ ပုံပျက်ခြင်းကလည်း ပိုများလာလေ ဖြစ်တာမို့ နောက်ဆုံးမှာ တွင်းကြီးတစ်ခုလိုတောင် ဖြစ်သွားမှာ ဖြစ်ပါတယ် (ပုံ ၂ ကို ကြည့်ပါ)။ အလင်းမရှိလို့ မည်း ‘နက်’ နေတယ်ဆိုတာနဲ့ ပေါင်းစပ်ပြီး ခပ်လွယ်လွယ် (မြန်မာလို) ‘တွင်းနက်’ လို့ ခေါ်ဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။ အနောက်တိုင်းတွေမှာ ဒီ Black hole ဆိုတဲ့ စကားလုံးမူလရင်းမြစ်ကို အတော်လေးလိုက်ရှာလိုက်ရတယ်လို့လည်း ဖတ်လိုက်ရပါတယ်။ ၁၉၆၇ ခုနှစ်လောက်မှာ သီအိုရီဆိုင်ရာ ရူပဗေဒပညာရှင် ဂျွန်အာခီဘယ်ဝီလာ က သူ့ရဲ့သင်ခန်းစာပို့ချချက်တစ်ခုမှာ Black hole ဆိုပြီး စသုံးခဲ့ရာကနေ အသုံးကျယ်ပြန့်လာခဲ့တယ်လို့ ပြောကြပေမယ့်လည်း ဒီစကားလုံးကို ၁၉၆၀ ခုနှစ်အစောပိုင်းတွေကတည်းက အသုံးပြုခဲ့တဲ့ အထောက်အထားအချို့ကိုလည်း တွေ့ရပြန်ပါတယ်။ (Ref. [2])
(၂) တွင်းနက်တွေ ဘယ်လို ဖြစ်ပေါ်လာသလဲ
အထက်ပါ ရှင်းလင်းချက်တွေအရ တွင်းနက်ဆိုတာ ဘာလဲတော့ အကြမ်းဖျင်း သိလိုက်ရပါပြီ။ အခု ဒီတွင်းနက်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆွေးနွေးချင်ပါတယ်။ တွင်းနက်တွေဟာ တကယ်တော့ ဧရာမကြယ်ကြီးတွေ သက်တမ်းကုန်သွားတဲ့အခါမှာ ပေါ်ပေါက်လာတာပါ။ ကြယ်တစ်လုံးဟာ အပူနဲ့အလင်းတွေကို ထုတ်လွှတ်ဖို့ သူ့ရဲ့ဗဟိုချက်မှာ နျူကလိယပေါင်းစည်းခြင်း (nuclear fusion) တွေ ဖြစ်ပေါ်ပါတယ်။ ၎င်း နျူကလိယပေါင်းစည်းခြင်း (ခေါ်) အဏုမြူဓာတ်ပြုခြင်းကနေတစ်ဆင့် လုံလောက်တဲ့ စွမ်းအင် (energy) ကို ရရှိပါတယ်။ စာရေးသူကတော့ ဒီစွမ်းအင်ကို ကြယ်တစ်လုံးရဲ့ အတွင်းအား (internal force) လို့ ရှုမြင်ပါမယ်။ တစ်ခါ ကြယ်တွေမှာ ဒြပ်ထု အင်မတန်ကြီးမားတာကို သတိရပါ။ ဒါကြောင့်လည်း ကြယ်ရဲ့ ဒြပ်ဆွဲအားဟာလည်း လွန်စွာမှကြီးမားပါသည်။ ၎င်းဒြပ်ဆွဲအားကို အပြင်မှအား (external force) လို့ ရှုမြင်ပါမယ်။ ထိုအပြင်အားဟာ ကြယ်ကို အတွင်းဘက်ကို ကျုံ့ဝင်သွားအောင် ဆွဲချုံ့ပစ်မှာပါ။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ဘဲ ကြယ်ရဲ့ အတွင်းအားက သူ့ကိုယ်သူ ဆွဲချုံ့မခံရအောင် ခုခံပါလိမ့်မယ်။ ယင်းအခြေအနေကို ပညာရပ်ဆိုင်ရာမှာတော့ မျှခြေ (equilibrium) လို့ ခေါ်ပါတယ်။ ဒါကို ထင်သာမြင်သာရှိအောင် ပုံ ၃ မှာ သရုပ်ဖော်ထားပါတယ်။ ပုံပြပါ အနီရောင် မြားတွေက ကြယ်ရဲ့ မိမိကိုယ်ကို မိမိပြန်ဆွဲနေတဲ့ အပြင်မှအား (ခေါ်) ဒြပ်ဆွဲအားကို ကိုယ်စားပြုပါတယ်။ အနက်ရောင်မြားလေးတွေက နျူကလိယပေါင်းစည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အတွင်းမှအား (ဓာတ်ငွေ့ဖိအား) ကို ကိုယ်စားပြုပါတယ်။
မှတ်ချက်။ အပြင်အား ဆိုတာ မှတ်ရလွယ်အောင် အမည်နာမ သတ်မှတ်လိုက်တာပါ။ အပြင်ကနေ တကယ့် အားတစ်ခု သက်ရောက်လာတာမဟုတ်ဘဲ ကြယ်ရဲ့ ဒြပ်ကြောင့် ဖြစ်ပေါ်လာတဲ့အား သာဖြစ်ပါတယ်။
ကြယ်တစ်လုံးဟာ တစ်ချိန်ချိန်မှာတော့ သူ့ရဲ့ လောင်စာတွေဖြစ်တဲ့ ဟိုက်ဒရိုဂျင်တွေ ကုန်ခန်းသွားမှာပါ။ လောင်စာဘယ်တော့ကုန်မလဲ ဆိုတာတော့ ကြယ်ရဲ့ အရွယ်အစားပေါ် မူတည်ပါတယ်။ အရွယ်အစားကြီးတဲ့ ကြယ်တွေက အရွယ်အစားသေးတဲ့ ကြယ်တွေထက် လောင်စာကုန်တာ ပိုမြန်ပါတယ်။ ဇာတ်လမ်းလေးကလည်း ဒီက စတာပါ။ ကြယ်ဟာ သူ့ရဲ့ လောင်စာတွေလည်း ကုန်သွားရော ပုံ ၃ မှာ ပြထားတဲ့ မျှခြေ အခြေအနေလည်း ပျက်တော့တာပါဘဲ။ ဆိုလိုတာက ကြယ်တစ်လုံးလောင်စာခန်းသွားတဲ့အခါ သူ့ရဲ့ အပြင်ကအား (ဒြပ်ဆွဲအား) ဟာ အတွင်းကအားထက် ပိုကြီးသွားပါတယ်။ အဲဒီအချိန်မှာ ကြယ်ဟာ မိမိကိုယ်ကို မိမိ ပြန်ဆွဲချုံ့ပါတော့တယ်။ အကျိုးဆက်ကတော့ ကြယ်ရဲ့ အရွယ်အစားဟာ တဖြည်းဖြည်း ကျုံ့ဝင်လာတာပါဘဲ။ ဒါကို ပညာရပ်ဆိုင်ရာမှာတော့ ဒြပ်ဆွဲအားကြောင့် မိမိကိုယ်ကိုမိမိ ပြိုပျက်ခြင်း (gravitational collapse) လို့ ခေါ်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိပြုရမှာက ကြယ်သက်တမ်းကုန်တိုင်း တွင်းနက် ဖြစ်တာတော့ မဟုတ်ပါဘူး။ ကြယ်ကို မျှခြေပြန်ရောက်သွားအောင် ပြန်လုပ်ပေးနိုင်မယ့်အရာတွေ ရှိတာကိုလည်း သိထားသင့်ပါတယ်။ ထိုအရာတွေကတော့ –
(၁) ဆုတ်ယုတ် အီလက်ထရွန်ဖိအား (electron degeneracy pressure)
(၂) ဆုတ်ယုတ် နယူထရွန်ဖိအား (neutron degeneracy pressure)
ဆုတ်ယုတ် အီလက်ထရွန်ဖိအားကြောင့် တည်မြဲနေတဲ့ ကြယ်ကို ကြယ်ဖြူပု (white dwarf) လို့ခေါ်ပြီး နေရဲ့ ဒြပ်ထက် ၁.၄ ဆ အောက်မှာ ရှိတဲ့ ကြယ်တွေ သက်တမ်းကုန်သွားရင် ဖြစ်ပေါ်နိုင်တယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ ဆုတ်ယုတ် နယူထရွန်ဖိအားကြောင့် တည်မြဲနေတဲ့ ကြယ်ကိုတော့ နယူထရွန်ကြယ် (neutron star) လို့ ခေါ်ပါတယ်။ နေရဲ့ ဒြပ်ထက် ၁.၄ ဆ နဲ့ ၃ ဆ ကြားမှာရှိတဲ့ ကြယ်တွေ သက်တမ်းကုန်တဲ့အခါမှာ နယူထရွန်ကြယ် ဖြစ်ပေါ်ပါတယ်။ အဆိုပါကန့်သတ်ချက် (နေရဲ့ ဒြပ်ထက် ၃ ဆ) အထက်မှာရှိတဲ့ ကြယ်ကြီးတွေ သက်တမ်းကုန်သွားရင်တော့ တွင်းနက် ဖြစ်ပေါ်လာနိုင်ပါတယ်။
ပိုပြီး မြင်သာသွားအောင် ဥပမာလေးတစ်ခုပေးပြီး စဥ်းစားကြည့်ပါမယ်။ နေရဲ့ ဒြပ်ထက် အဆ ၂၀ လောက်ကြီးတဲ့ ကြယ်ကြီးတစ်လုံးကို မြင်ယောင်လိုက်ပါ။ ၎င်းကြယ် သက်တမ်းကုန်သွားတဲ့အခါမှာ မိမိကိုယ်ကို ပြန်ဆွဲပါလိမ့်မယ်။ အစက နေထက် အဆ ၂၀ လောက် ကြီးမားပေမယ့် မိမိကိုယ်ကို ပြန်ဆွဲရင်းနဲ့ (ကိုယ့်ကိုယ်ကိုတောင် ပြန်စားပစ်တာလို့ ခေါ်ရမလားဘဲ) တဖြည်းဖြည်း ကျုံ့ဝင်လာပါတော့တယ်။ နေထက် ၁၀ ဆ၊ ၅ ဆ၊ ၂ ဆ စသည်ဖြင့် တဖြည်းဖြည်း ကျုံ့ဝင်လာရင်း နောက်ပိုင်း ကမ္ဘာဂြိုလ် အရွယ်အစား၊ လ အရွယ်အစား စသည်ဖြင့် ပိုပို သေးလာမှာဖြစ်သလို ဒြပ်ဆွဲအားဟာလည်း ပိုပို ကြီးမားလာမှာ ဖြစ်တယ်။ ဒီလောက်နဲ့ မရပ်သေးဘဲ ပန်းသီးအရွယ်၊ ဇီးသီးစေ့အရွယ်၊ ခဲဆံအရွယ် စသဖြင့် ပိုပိုသေးလာမှာ ဖြစ်ပြီး နောက်ဆုံးမှာတော့ အမည်းစက်ကလေး တစ်ခုအနေနဲ့သာကျန်ခဲ့ပါတော့တယ်။ ၎င်း အမည်းစက်ကလေးကို အမှတ်ထူး (singularity) လို့ ခေါ်ပါတယ်။ ၎င်း အမှတ်ထူးဟာ တွင်းနက်ရဲ့ အလယ်ဗဟိုချက်မှာ ရှိနေမှာ ဖြစ်ပြီး တွင်းနက်ရဲ့ ဒြပ်အားလုံးက ထိုအမှတ်တစ်နေရာမှာဘဲ စုမိနေမှာ ဖြစ်ပါတယ်။
(၃) ဖြစ်ရပ်စက်ဝန်း (Event horizon)
တွင်းနက်ကို မျက်လုံးထဲ ပုံဖော်ကြည့်ဖို့ အရင်ဆုံး စက်ဝိုင်းလေးတစ်ခုကို မြင်ယောင်ကြည့်ပါ။ စက်ဝိုင်းလေးရဲ့ အလယ်မှာ အမှတ်ထူးရှိပါတယ်။ စက်ဝိုင်းအတွင်းဘက်က ဒြပ်ဆွဲအားဟာ အရမ်းကို ကြီးမားတာ ဖြစ်လို့ အလင်းတောင် မမြင်ရနိုင်ပါဘူး။ ဆိုလိုတာက တွင်းနက်ထဲကနေ အလင်းရဲ့ မြန်နှုန်းနဲ့တောင် အပြင်ကို ထွက်ပြေးလို့တောင် မရနိုင်ပါဘူး။ အိုင်းစတိုင်းရဲ့ အထူးနှိုင်းရသီအိုရီအရ အလင်းရဲ့ မြန်နှုန်းဟာ စကြဝဠာထဲမှာ အမြန်ဆုံး လို့ သတ်မှတ်ထားကြပါတယ်။ အလင်းတောင် မထွက်နိုင်မှတော့ ကျန်တဲ့ အရာတွေလည်း မလွှတ်မြောက်နိုင်ပါ။ အဲ့လို ပြန်လမ်းမဲ့ နယ်ပယ်ကြီးရဲ့ နယ်နိမိတ်၊ တစ်နည်းအားဖြင့် ခုနက မြင်ယောင်ကြည့်ထားတဲ့ အနက်ရောင် စက်ဝိုင်းလေးရဲ့ စက်ဝန်းမျဥ်းကို ဖြစ်ရပ်စက်ဝန်း (Event horizon) လို့ ခေါ်ပါတယ်။ ဒီစည်းမျဥ်းကို ကျော်ပြီး ဘာရှိလဲဆိုတာကို လက်ရှိအချိန်မှာ ဘယ်သူမှမသိနိုင်ပါ။
(၄) တွင်းနက်ထဲကျသွားရင် ဘာဖြစ်သွားမလဲ
ဒါလေးကတော့ စာရေးသူငယ်ငယ်ကတည်းက (တွင်းနက်အကြောင်း စပြီးကြားဖူးတုန်းကတည်းက) သိချင်ခဲ့တာပါ။ တွင်းနက်ထဲများ ပြုတ်ကျသွားရင် ဘာဖြစ်သွားမှာလဲပေါ့။ ရူပနက္ခတ္တပညာရှင် စတီဗင်ဟောကင်းကတော့ သင် အီတလီခေါက်ဆွဲ (spaghetti) ဖြစ်သွားမှာပေါ့လို့ ပြောပါတယ်။ ပညာရပ်ဆိုင်ရာမှာလည်း ဒါကို spaghettification (ခေါက်ဆွဲဖြစ်သွားခြင်း) လို့ သုံးနှုန်းပါတယ်။ ဆိုပါတော့ သင်ဟာ ဘာြဖစ်လဲသိချင်တဲ့အတွက် တွင်းနက်ရဲ့ ဖြစ်ရပ်စက်ဝန်းထဲကို ခြေထောက်တစ်ဖက် အရင် ချကြည့်လိုက်ပါတယ်။ တွင်းနက်ရဲ့ ဒြပ်ဆွဲအားဟာ အမှတ်ထူးနဲ့ ပိုပြီးနီးလေ ပိုများလေဖြစ်တာမို့ သင့်ရဲ့ ခြေထောက်မှာ သက်ရောက်တဲ့ ဒြပ်ဆွဲအားဟာ သင့်ရဲ့ခေါင်းပေါ်မှာ သက်ရောက်တဲ့ ဒြပ်ဆွဲအားထက် အဆပေါင်းများစွာ ပိုများပါတယ် (ခြေထောက်က တွင်းနက်နဲ့ ဗဟိုချက်နဲ့ ပိုနီးလို့ပါ)။ အကျိုးဆက်ကတော့ သင်ဟာ ခေါင်းကနေ ခြေထောက် အပေါ်အောက် ပိန်ပိန်ရှည်ရှည်ကြီး ဖြစ်သွားအောင် ဆွဲဆန့်ခံလိုက်ရမှာပါ။ ဒါကြောင့် မတော်လို့ တွင်းနက်များ တွေ့ခဲ့ရင်တောင် မစမ်းကြည့်ကြပါနဲ့လို့ ကြိုမှာထားချင်ပါတယ် 😁။
နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ တွင်းနက်တွေတကယ်ရှိတာလား မေးရင် ဟုတ်ကဲ့၊ ရှိပါတယ် လို့ဖြေပါရစေ။ ဖြစ်ရပ်စက်ဝန်းအဝေးကြည့်မှန်ပြောင်း (Event horizon telescope) လို့ အမည်ရတဲ့ မြေပြင်အခြေစိုက်ချိတ်ဆက် အဝေးကြည့်ကိရိယာနဲ့ ဧရာမတွင်းနက်ကြီးရဲ့ ပုံရိပ်ကို ဧပြီ ၁၀ ရက်နေ့ကဘဲ ဖမ်းယူချပြနိုင်ခဲ့ပါတယ် (ပုံ ၄ မှာ ကြည့်ပါ)။ ဒီပုံအရ တွင်းနက်ရှိတယ်ဆိုတာတော့ ယုံကြည်လို့ရနိုင်ပါပြီ။ ဒါပေမယ့်လည်း အခြားဖြေရှင်းမရနိုင်သေးတဲ့ ပဟေဠိတွေတော့ ကျန်ရှိနေဆဲပါ။ ဥပမာ အမှတ်ထူးလို့ ခေါ်တဲ့ singularity ရှိမရှိဆိုတာကိုတော့ အတည်ပြုလို့ မရနိုင်သေးပါဘူး။ အိုင်းစတိုင်းရဲ့ သီအိုရီအရ အမှတ်ထူးရှိရမှာ ဖြစ်ပေမယ့် သေးငယ်အမှုန် မက္ကင်းနစ် (quantum mechanics) အရတော့ အမှတ်တစ်နေရာတည်းမှာ ထိုမျှလောက် များပြားအောင် ဖိသိပ်ထည့်ထားလို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြပါတယ်။ ကဲ ဘယ်သူကမှန်သလဲ၊ ဒီလို မတူကွဲပြားတဲ့ ရှုထောင့် (view point) ၂ ခုကို ဘယ်လို ဆက်စပ်လို့ရမလဲ ဆိုတာကတော့ စာရေးသူလည်း ဉာဏ်မမီလို့ မသိသေးပါ၊ စောင့်ကြည့်နေဆဲပါလို့ ဖြေကြားရင်း စာရေးသူရဲ့ တွင်းနက်အကြောင်း နားလည်ကြည့်ခြင်း ဆောင်းပါးကို ဒီနေရာမှာ နိဂုံးချုပ်ပါရစေ ခင်ဗျား။
(ဆွေးနွေးမေးမြန်းခြင်း၊ ဝေဖန်ထောက်ပြခြင်း၊ အကြံပြုခြင်းများ အားလုံးကို ကြိုဆိုပါတယ်။ အမှားအယွင်းများပါသွားကလည်း ထောက်ပြ ပြင်ဆင်ပေးပါ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါသည်။)
Ref.
[1] https://en.wikipedia.org/wiki/Introduction_to_general_relativity
[2] https://www.sciencenews.org/blog/context/50-years-later-its-hard-say-who-named-black-holes
[3] Brian Greene, 2000. The Elegant Universe, Vintage Books.
[4] စိုးစိုး (အင်္ဂပူ) ၊ ၂၀၁၈ (သြဂုတ်) ၊ အဆန်းတကြယ် စကြဝဠာ ၊ Knowledge Bridge Publishing House (KB).
ရှယ်ဘဲ
ကျေးဇူးပါ ဆရာ