အရှေ့မှာ သင်္ချာအကြောင်း၊ စိတ်ပါရင်ပါသလို ဒြပ်ဆွဲအားအကြောင်း ‌၊ တွင်းနက်အကြောင်းရူပဗေဒအကြောင်း စသည်ဖြင့် ဆောင်းပါးလေးတွေ၊ သင်ခန်းစာမှတ်စုလေးတွေ ဟိုနည်းနည်း ဒီနည်းနည်း ရေးဖြစ်ခဲ့ပါတယ်။ အခုတစ်ခါ Lecture မှတ်စုသင်ခန်းစာလေးတွေ လုပ်ရင်ကောင်းမလား စဥ်းစားမိပြန်တယ်။ စာရေးသူမှာ ဒီလို စာလေးတွေ၊ လက်ချာလေးတွေကို ရေးတင်ပေးနေရတာကလည်း ရည်ရွယ်ချက်ကလေးနဲ့ပါ။

ပထမဦးဆုံး ရည်ရွယ်ချက်ကတော့ ဒီလိုမျိုး ရှင်းပြဖို့ အားထုတ်ရင်းနဲ့ ကိုယ်တိုင်လည်း ပြန်လေ့လာဖြစ်၊ ပြန်ဖတ်ဖြစ်လို့ အင်မတန်အကျိုးများရပါတယ်။ စာဖတ်သူတွေဆီက စိတ်ဝင်စားလို့ မေးခွန်းလေးတွေ၊ Comment လေးတွေ ပေးခံရတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ဟုတ်တယ်လေ။ ကိုယ်ရေးတဲ့ စာကိုစိတ်ဝင်စားတဲ့အပြင် မေးခွန်းလေးတွေပါမေးပေးလို့ တစ်ခါတစ်လေ ကိုယ်တိုင်မမြင်မိတာတွေ၊ လေ့လာဖို့လိုအပ်တာလေးတွေကိုပါ သိနိုင်တယ်လေ။ ဒါအရမ်းကောင်းတဲ့အချက်ပါ။ ဒုတိယအချက်ကတော့ စာရေးသူတို့ နိုင်ငံမှာ ရူပဗေဒတို့၊ (ရူပဗေဒမှ မဟုတ်ပါ) အခြားသော သိပ္ပံနဲ့ နှီးနွယ်နေတဲ့ ဘာသာရပ်တွေ၊ ဥပမာ အင်ဂျင်နီယာပညာ (Marine ၊ Civil နဲ့ Mechanical Major) တွေမှာ သင်ကြားရတဲ့ Solid Mechanics ၊ Fluid Mechanics ၊ Hydrodynamics ၊ Gas dynamics စတဲ့ မက္ကင်းနစ်ဘာသာရပ်တွေမှာ စိတ်ဝင်စားမှုတွေများ အားနည်းနေကြသလားပေါ့ (မြန်မာနိုင်ငံရဲ့ ပညာရေးကို ကျွန်တော်မြင်မိသ‌လောက် ပြောတာပါ။ လူတိုင်းကို မဆိုလိုပါဘူး။ တစ်ချို့လည်း တော်တော်ကို စိတ်ဝင်စားကြပါတယ်။ လေ့လည်းလေ့လာကြပါတယ်) ။ အဲ့ဒီမှာ ကျွန်တော်စဥ်းစားမိတာက အင်္ဂလိပ်လို သင်နေရတာကြီးက ဘာသာဗေဒဆိုင်ရာ နားလည်မှုတွေကို တစ်နည်းတစ်ဖုံများ အဟန့်အတားဖြစ်နေစေသလားပေါ့။ ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေ ဖြစ်ကြတဲ့အတွက် အင်္ဂလိပ်လိုတွေ မည်မျှပင် နားလည်စေဦးတော့ တကယ့် သာသာဗေဒရဲ့ အနှစ်သာရတွေကိုကျ မြန်မာလိုဖတ်ရှုနားလည်ခြင်းကသာ ပေးစွမ်းနိုင်ပါတယ်။ (ဒါကလည်း ကျွန်တော့်အမြင် သက်သက်မျှသာ ဖြစ်ပါတယ်)

ဒီနေရာမှာ ပြောလိုတာက အင်္ဂလိပ်စာအရေးမကြီးဟု မဆိုလို။ အင်မတန်မှ အရေးကြီးပါတယ်။ အင်တာနေရှင်နယ်မှာ ဝင်ဆန့်ဖို့၊ ကိုယ့်ရဲ့ Idea တွေကို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် တင်ပြနိုင်ဖို့က ထိရောက်တဲ့ အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုပြန်ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကပြန်ကြည့်ရင် ဘာသာဗေဒတွေရဲ့ အနှစ်သာရကို ဘာသာစကား တတ်ကျွမ်းမှုနဲ့ မလဲသင့် မလဲအပ်လို့ ထင်မြင်မိပါတယ်။ ဥပမာ အင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်ပေမယ့် မိမိရဲ့ သက်ဆိုင်ရာ ဘာသာရပ်မှာ အင်မတန်ကျွမ်းကျင်တဲ့သူတွေ ကျွန်တော်ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီမှာပဲ ကျွန်တော့်ရဲ့ ဒုတိယရည်ရွယ်ချက် ဖြစ်ပေါ်လာတာပါ။ ကျွန်တော် mminsight.com ဝက်ဆိုဒ်ကို manage လုပ်နေရင်းနဲ့ တစ်ချိန်တည်းမှာ သင်ခန်းစာ မှတ်စုတွေ၊ လေ့ကျင့်ခန်းတွေကို မြန်မာလို ပြန်လည်ရေးသားဖို့များ ဖြစ်နိုင်လေမလားပေါ့။ ဒီလို မြန်မာလို သေချာပြင်ဆင်ပြုစုထားတဲ့ မှတ်စုတွေ၊ ဆောင်းပါးတွေကိုလည်း နောင်တစ်ချိန်မှာ ကျောင်းသားတွေရော (စိတ်ဝင်စားတဲ့သူတွေပါ) ကိုယ်တိုင် Self-study လုပ်နိုင်လောက်မယ့် online learning reference source တစ်ခုအဖြစ် အသုံးပြုနိုင်အောင်ပါ။ ထားပါတော့၊ ဒီရည်ရွယ်ချက်ကတော့ လက်ရှိလုပ်နေတဲ့ နှုန်းထားနဲ့ကြည့်လိုက်မယ်ဆိုရင်တော့ အပြောနည်းနည်းစောနေသလို ဖြစ်နေပါသေးတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ရည်ရွယ်ချက်တစ်ခုအနေနဲ့ စဥ်းစားထား ဆုံးဖြတ်ထားပြီးသားပါ။ သေချာဇောက်ချလုပ်နိုင်ဖို့တော့ လိုသေးတာပေါ့နော်။

နောက်ဆုံးရည်ရွယ်ချက်ကတော့ (အရှေ့ကဆောင်းပါးတွေမှာလည်း အလျင်းသင့်ရင် သင့်သလိုတော့ ထည့်ထည့်ပြောခဲ့ပါတယ်)။ လေ့လာခြင်း၊ သင်ယူခြင်းဆိုတာ Life long process တစ်ခုပါ။ သင်ယူတာ၊ လေ့လာတာ ရပ်လိုက်တဲ့ အချိန်ဟာ ဆုတ်ယုတ်သွားတဲ့ အချိန်ပါပဲ။ အသစ်အသစ်တွေဆိုတာ ထပ်ထပ်ပြီးတော့ ပေါ်နေဦးမှာဖြစ်သလို ၊ အဟောင်းတွေထဲမှာတောင် ကျွန်တော်တို့ လေ့လာဖို့ကျန်နေသေးတာတွေက တစ်ပုံတစ်ပင်ပါ။ အခု ကျွန်တော်လေ့လာနေရတဲ့ Research field မှာ ကိုပဲ လေ့လာစရာတွေက ကုန်ကိုမကုန်နိုင်သလို ခံစားရပါတယ်။ ကျွန်တော့်ရဲ့ Research field ဆိုတာလည်း အ‌ရှေ့ကဆောင်းပါးတွေမှာ ရှင်းပြခဲ့တဲ့ အလိုက်ပြောင်းညီမျှခြင်း (Differential equations) တွေကို သုံးပြီး အရာဝတ္ထုတွေရဲ့ အားသက်‌ရောက်တဲ့အခါ ဖြစ်လာနိုင်တဲ့ သဘောသဘာဝ (Deformation တို့၊ Stress တို့ Strain တို့၊ Eigen calculations တို့) စတာတွေကို သီအိုရီသုံးပြီး လေ့လာရတာပါ။ သီအိုရီရဲ့ သဘောအရ သင်္ချာကို တော်တော်လေးပြန်အသုံးချရသလို အဆိုပါသင်္ချာကို အသုံးပြုတည်ဆောက်ထားတဲ့ Prediction Model တွေကလည်း အံ့သြဖွယ်ကောင်းလောက်အောင် လက်တွေ့နဲ့ ပြန်စမ်းကြည့်လို့ရနေပါတယ်။ စာဖတ်သူတွေကိုလည်း ဒီလိုနယ်ပယ်မျိုးတွေဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် လေ့လာကြည့်စေချင် မြည်းစမ်းကြည့်စေချင်တဲ့သဘောပါ။ အကယ်၍ စာဖတ်သူက ဒီနယ်ပယ်နဲ့ လက်ရှိလုပ်ကိုင်နေတယ်၊ ဒါမှမဟုတ် ကျောင်းသားမို့လို့ လက်ရှိလေ့လာနေဆဲဆိုရင်လည်း တစ်နည်းတစ်ဖုံ အထောက်အကူပြုနိုင်စေဖို့ ရည်ရွယ်ရင်းနဲ့ပါ။

ကဲ ရည်ရွယ်ချက်တွေကတော့ ဟုတ်ပါပြီ။ နောက်ဆုံး ဘာအကြောင်းရေးရင် ကောင်းမည်လဲ ဆိုတာက လောလောဆယ် ကျွန်တော့် အချိန်ပေးနိုင်မှုအရ ရွေးချယ်ထားဖို့လိုအပ်လာပါတယ်။ မဟုတ်ရင် ဟိုမရောက်ဒီမရောက် ဖြစ်သွားမှာစိုးလို့ပါ။ ကျွန်တော် လက်ရှိမှာ Continuum mechanics ကို အတန်ငယ်လေ့လာရပါတယ်။ Non-linear finite element လို့ခေါ်တဲ့ numerical solvers တွေကို အသုံးပြုပြီး simulations စမ်းသပ်ချက်တွေ လုပ်နိုင်ဖို့၊ ရလာတဲ့ ရလဒ်တွေကို ကောင်းမွန်စွာ နားလည်လုပ်နိုင်ဖို့ ၊ လက်တွေ့နဲ့ ချိတ်ဆက်မြင်နိုင်ဖို့ ၊ ပြဿနာပေါ်လာခဲ့ရင်လည်း ဘာကြောင့်ဖြစ်တာလဲဆိုတာကို ကြောင်းကျိုးဆက်စပ် အဖြေရှာနိုင်ဖို့ ဒီ Continuum mechanics အကြောင်း အနည်းငယ် (ထမင်းစားရေသောက်လောက်တော့) သိထားဖို့လိုအပ်ပါတယ်။ အဲ့တော့ အခုသိထားတဲ့ Continuum mechanics ဘာသာရပ်ကိုပဲ နားလည်သလို ရှင်းရင်း မှတ်စုလေးတွေ ထုတ်သွားကြည့်ရင်ကောင်းမည်လားပေါ့။ ဒီနေရာမှာ Continuum mechanics ဆိုတာ အရာဝတ္ထုတွေရဲ့ တစ်ဆက်စပ်တည်း ဖြစ်နေတဲ့သဘောကို ပြောတာပါ။ မော်လီကျူးတွေအဆင့်လောက်ထိ မစဥ်းစားပဲ ဟင်းလင်ပြင်ပေါ်မှာ အရာဝတ္ထုတွေကို တစ်ဆက်တည်း ဖြန့်ထားတယ်၊ ထိုအရာဝတ္ထုတို့ရဲ့ ရွေ့လျားမှု၊ အားသက်ရောက်တဲ့အခါမှာ ခံစားရတဲ့ ဒဏ်၊ နောက်တစ်ခါ သူတို့နဲ့ ဆက်စပ်နေတဲ့ စွမ်းအင်ပြောင်းလဲမှု (အပူ၊ အရွေ့၊ တည်ငြိမ် စသဖြင့်) သဘောသဘာဝတွေကို လေ့လာရတဲ့ ဘာသာရပ်ပါ။ စာရေးသူ‌ရှေ့မှာ မိတ်ဆက်ပေးခဲ့တဲ့ သင်္ချာဟီးရိုးကြီး အွိုင်လာဟာ ဒီ Mechanics ဘာသာရပ်ရဲ့ ဖခင်ကြီးတစ်ဦးပါ (ဖခင်တွေက အများကြီး ဆိုတော့ကား 😅)။ သူ့ရဲ့ ညီမျှခြင်းအများအပြားကိုလည်း ခုချိန်ထိကို လေ့လာနေဆဲ အသုံးချနေကြဆဲပါ။ ဒါကတော့ continuum mechanics အကြောင်း အကျဥ်းချုပ်အနေနဲ့ ရှင်းပြရတာပါ။

ဟုတ်ပြီ။ နောက်ထပ် ရေးရင်ကောင်းမလား စဥ်းစားမိတဲ့ ဘာသာရပ်ကတော့ Composite material တွေရဲ့ မက္ကင်းနစ်အကြောင်း ဘာသာရပ်ပါ။ ခုနက continuum mechanics က isotropic လို့ခေါ်တဲ့ တသားတည်းဖြစ်နေသော ဒြပ်သားဂုဏ်သတ္တိကို လေ့လာတယ်ဆိုရင် Composite ရဲ့ သဘောသဘာဝက anisotropic လို့ခေါ်တဲ့ တစ်သားတည်းဖြစ်မနေတဲ့ ဒြပ်သားဂုဏ်သတ္တိသဘောကို လေ့လာရတဲ့ ဘာသာရပ်ပါ။ သူ့ရဲ့ Mechanical ညီမျှခြင်းတွေကလည်း ရှုပ်ပါတယ်။ Symmetry (ဘက်ညီနေခြင်း) ရဲ့ကျေးဇူးကြောင့် အတော်အတန်ရှင်းလင်းသွားတယ်ဆိုရင်တောင် ညီမျှခြင်းတွေဟာ Tensor (တန်ဆာ) ပုံစံ၊ တစ်နည်းအားဖြင့် မက်ထရစ် ညီမျှခြင်းတွေနဲ့ အစုလိုက်အပြုံလိုက်ကြီးလာတာပါ။ ဒီဘာသာရပ်ကတော့ ခုနက Continuum ထက်စာရင် စာရေးသူလက်ရှိလေ့လာနေတဲ့ သုတေသနဘာသာရပ် ဖြစ်တာကြောင့် ပိုပြီးကျွမ်းဝင်ပါတယ်။ (ကျွမ်းတယ်လို့ ပြောတာမဟုတ်ဘူးနော် 😅။ အဲ အထိုက်အလျှောက်တော့ တွက်နိုင်ချက်နိုင် ပြန်ရှင်းပြနိုင်တာပေါ့ဗျာ) ဒီတော့ ဒီဘာသာကိုပဲ ပြန်ရှင်းရမည်လားပေါ့။ လက်ရှိမြန်မာပြည်မှာ Composite (တစ်နည်း Fibre glass/epoxy တို့ CFRP လို့ခေါ်တဲ့ ကာဗွန်အခြေပြု ပလပ်စတစ်တို့)ကို ဘယ်လောက်အထိ ပြန်သုံးနေပြီလဲ ကျွန်တော်မသိလို့ပါ။ အနောက်နိုင်ငံတွေမှာတော့ Composite ကို သံမဏိ (သတ္တု)အစားထိုး အဖြစ်နဲ့တောင် ပြန်သုံးဖို့ အကြီးအကျယ် သုတေသနတွေ လုပ်နေကြလေရဲ့ ။ အလေးချိန်လျှော့ချနိုင်မှာကိုး။ နောင် Composite သုံးပြီး ကိုယ်ပိုင် design ထုတ်ချင်၊ အဆောက်အဦးတွေ တည်ဆောက်ချင်တယ်ဆိုရင်တော့ သိထားသင့်လှတဲ့ မက္ကင်းနစ်ဘာသာရပ် တစ်ခုလို့ ဆိုချင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ MATLAB ပရိုဂရမ်ရေးပြီး လက်တွေ့နယ်ပယ်က Dynamics ညီမျှခြင်းတွေကို ဖြေရှင်းပုံဖြေရှင်းနည်းပါ။ ပရိုဂရမ် Knowledge ဦးစားပေးမဟုတ်ပဲ သင်္ချာအသိသုံးပြီး သိပ္ပံအသုံးချ တွက်ချက်မှုတွေကို လုပ်တဲ့ပုံစံပါ။ MATLAB ဆိုတာက ကြားထဲက ကိရိယာလေး တစ်ခုအဆင့်လောက်ပါ။ ဆိုလိုချင်တာက ဖြေရှင်းနည်းတစ်ခု (အခြေခံ သင်္ချာ၊ ရူပဗေဒ နဲ့ ၊ မက္ကင်းနစ်တို့ကိုသာ ပိုင်နိုင်ရင်) ဘယ်လို program tool ပဲ သုံးသုံး ဖြေရှင်းနိုင်မှာပါ။ လက်ရှိကျွန်တော်က MATLAB ကို မြန်မာပြည်တုန်းက ‘မ’ လာတဲ့ ဖရီးဗားရှင်းနဲ့မို့လို့ သုံးနိုင်တာပါ 😁။ ကုမ္ပဏီက Scilab ပြောင်းသုံးဟ၊ C++ ပဲ ရှိတယ်ဟ၊ Python နဲ့ပဲ ‌ရေးပေးပါဟ ဆိုရင်လည်း ပြန်လေ့လာပြီး ရေးပေးသင့်ရေးပေးရမှာပါ။ ဒါပေမယ့် တစ်ခုကို တတ်ထားတယ်၊ နားလည်ထားတယ်ဆိုရင် နောက်ပိုင်း အခြား programming ဘာသာစကားတစ်ခု တတ်ဖို့က မြန်ပါတယ်။ လောလောဆယ် ဒီအပိုင်းကိုတော့ ကျွန်တော့်အနေနဲ့ priority ထားပြီး မရေးချင်သေးပါ။ စာဖတ်သူတို့ဆီမှာ ရှိမယ့်ပရိုဂရမ်ရယ်၊ တစ်ခါ စိတ်ဝင်စားမှုအပိုင်းရယ် အပေါ်မှာတော့ မူတည်နေတာပေါ့နော်။ ကြုံကြိုက်မှပဲ ရံဖန်ရံခါ တင်ပေးပါတော့မယ်။

ကဲ ဒီလောက်နဲ့ပဲ နားပါရစေခင်ဗျား။ စာဖတ်သူတို့လည်း ကျွန်တော့်ကို အကြံပေးကြပါဦး။ ဘာရေးလို့ ဘာသင်လျှင် ကောင်းမည်နည်း။

Continuum mechanics (OR)

Composite materials

စိတ်ဝင်စားတယ်ဆိုရင် Comment လေး Feedback လေးတွေ ရေးပေးခဲ့ပါဦး။ Thanks!

မှတ်ချက်။ တစ်ခြားအခြေခံ mechanics အကြောင်းအရာတွေ Static တို့ Dynamics တို့ကိုလည်း လိုအပ်ရင် လိုအပ်သလို ပြန်ရှင်းပြဖို့ လိုကောင်းလိုပါမယ်။ ဒါကတော့ လိုအပ်ချက်အရ နောက်မှပဲ ပြန်စဥ်းစားပါမယ်။

 

အားလုံး ပညာရေးဖြင့် ဘဝတိုးတက်ကြပါစေ

#yp