ကျွန်တော် ရူပဗေဒကိုသင်ရင် ကလေးတွေနဲ့တစ်ခါတလေ ပေါက်ကရတွေကောက်ပြောနေတတ်တယ်။ ပေါက်ကရဆိုပေမယ့် သိပ္ပံအကြောင်းအရာတွေပါ။ သူတို့ရဲ့သင်ရိုးထဲမှာမပါတဲ့ဟာတွေပေါ့။ တစ်နေ့တော့ အဲသလိုတပည့်တွေနဲ့အပြန်အလှန်ကောက်ပြောနေရင်း တပည့်တစ်ယောက်က အခုလိုမေးလိုက်ပါတယ်…

“ဆရာ…အလင်းရောင်ဆိုတာ နေ ကပဲ ရတာလား” တဲ့…

အဲဒါနဲ့ ကျွန်တော်ကပြန်ပြောလိုက်တယ်…

“တပည့် နေ ကရတယ်ဆိုတာထက် အလင်းရောင်ဟာ ကြယ်တွေနဲ့အပူပြင်းထန်စွာ တိုက်ထားတဲ့ ဝတ္တုတွေကရတယ်လို့ပြောရင်ပိုမှန်လိမ့်မယ်” ။

သူက နေဆိုတာကြယ်မှန်း သိထားလေတော့ ကျွန်တော်ပြောတာ ချက်ချင်းဆိုသလိုရိပ်မိသွားတယ်။ ဒါပေမယ့် ပြဿနာက အဲဒီမှာပြီးသွားခဲ့တာမဟုတ်ဘူးဗျ။ ကျွန်‌တော့်ကို မေးခွန်းတစ်ခုထပ်မေးလာတယ်…

“ဆရာ… ဒါဆို…ကြယ်တွေနှင့် အပူတိုက်ထားတဲ့ဝတ္ထုတွေက အလင်းရောင်ကိုဘာ့ကြောင့် ထုတ်လွှတ်သလဲတဲ့” ဗျ။

ကျွန်တော့်စိတ်ထဲမှာ ထိကနဲ ဖြစ်သွားတယ်။ အမှန်တိုင်းဝန်ခံရရင် ကျွန်တော်အရမ်းပျော်သွားပါတယ်။ ကျွန်တော် တစ်ရက် တစ်ရက် အချိန်ကုန်ခံပြီး ကလေးတွေကို ကောက်ပြောနေတာ အခုလို မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်လေးရစေချင်လို့ဗျ။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေမေးခွန်းတွေကို ချစ်တတ်လာပြီ။ ကျွန်တော်တော့ very happy ပေါ့။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ကိုးတန်းကလေးတွေကို ကွမ်တမ်သီအိုရီအကြောင်း တရားဟောရတော့မယ်ဆိုတာ သိနေတယ်။ ဟောရတာတော့ မခက်ခဲပေမယ့် သူတို့အသိနဲ့ အဲဒီသီအိုရီကို လက်ခံနိုင်မလားဆိုတာ တွေးနေမိတယ်။ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ပညာရပ်စကားလုံးတွေကိုရှောင်ရှားပြီး သူတို့နားလည်နိုင်လောက်တဲ့ အကြောင်းအရာတစ်ချို့နဲ့ ညှပ်ညှပ်ပြောသွားရင် နားလည်သွားမှာပါဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဆိုတော့ ကျွန်တော် ဟောရတော့တာပေါ့..

“ဒီလိုကွ…တပည့်တို့…ဟိုးဂရိခေတ်လောက်ကတည်းက ပညာရှင်တွေဟာ အရာဝတ္ထုတွေကို ဘာတွေနဲ့ဖွဲ့စည်းထားသလဲဆိုတာ စဉ်းစားခဲ့ကြတယ်။ နောက်ဆုံးတော့ အရာဝတ္ထုတွေကို အသေးငယ်ဆုံးသော အမှုန်လို့ခေါ်တဲ့ အက်တမ် တွေနဲ့ ဖွဲ့စည်းထားကြောင်း ဂရိအတွေးအခေါ်ပညာရှင် ဒီမိုကရက်တပ် ကတင်ပြခဲ့တယ်။ အက်တမ် ဆိုတာ ဘာအကောင်လဲလို့ တွေးမနေနဲ့ တပည့်တို့။ အရာဝတ္ထုတစ်ခုကို ခွဲစိတ်… ခွဲစိတ်…ခွဲစိတ် သွားရင် နောက်ဆုံးမှာ ခွဲစိတ်လို့မရတဲ့ အမှုန်တစ်ခုရရှိလာမယ်။ အဲဒီ အမှုန်ကို အက်တမ် လို့ခေါ်တယ်။ ဥပမာ…ရုပ်ရှင်သရုပ်ဆောင် နေတိုး ကို ဓားနဲ့ ခွဲစိတ်…ခွဲစိတ် သွားရင် နောက်ဆုံးမှာ ခွဲစိတ်လို့မရတဲ့အမှုန်အမွှားတစ်ခုရလာမယ်… အဲဒီအမှုန်ကို အက်တမ်လို့ခေါ်တယ်။ အဲဒီ အက်တမ်တွေနဲ့ ကွီးနေတိုး ကိုဖွဲ့စည်းထားတယ်ပေါ့ကွာ။ ကျွန်တော် အဲသလိုလေး ဥပမာပေးတော့ ကလေးတွေခမျာ …. တဟီးဟီးတဟားဟားနဲ့ သွားမစိ ဖြစ်သွားကြရှာတယ်။ အနည်းဆုံးတော့ သူတို့စိတ်လန်းသွားရင် သင်ကြားရတာ ပိုအဆင်ပြေသွားတာပေါ့။ ဒါပေမယ့် 20 ရာစုလောက်မှာတော့ ဂျေဂျေသော်မဆင်နှင့် ရူသာဖို့ဒ် ဆရာတပည့်နှစ်ယောက်ကြောင့် အက်တမ်ဆိုတာ အသေးငယ်ဆုံးမဟုတ်မှန်း သိလာကြတယ်။ ဆရာဖြစ်သူ သော်မဆင် ဟာ အီလက်ထရွန်လို့ခေါ်တဲ့ အမလျှပ်စစ်ဓာတ်ဆောင်တဲ့ အမှုန်ဟာ အက်တမ်ထဲမှာရှိတယ်လို့ တွေ့လာတယ်။ ပြီးတော့ တပည့်ဖြစ်သူ နယူးဇီလန်နိုင်ငံသား ရူသာဖိုဒ့်ကအဖိုလျှပ်စစ်ဓာတ်ဆောင်တဲ့ ပရိုတွန်အမှုန်တွေဟာ အက်တမ်ရဲ့အလယ်မှာ စုဝေးနေကြောင်း ထပ်မံတွေ့ရှိပြန်တယ်။ ဒါ့ကြောင့် ရူသာဖို့ဒ်ဟာ အက်တမ်ထဲမှာ အဖိုလျှပ်စစ်နဲ့ အမ လျှပ်စစ်ရှိနေတာကိုသိနေတော့ စမ်းသပ်ချက်တွေလုပ်ပြီး Atomic Model (အက်တမ်တည်ဆောက်ပုံ) တစ်ခုကိုတင်ပြလာတယ်။ သူ့ရဲ့ Atomic Model က.ဒီလိုကွ။ အက်တမ်ရဲ့အလယ်မှာ အဖိုလျှပ်စစ်ဆောင်တဲ့ ပရိုတွန်အမှုန်တွေစုဝေးနေကြတယ်။ အဲဒီအစုအဝေးကို နယူးကလိယ ဆိုပြီး နာမည်ပေးလိုက်တယ်။ တနည်းအားဖြင့် အက်တမ်ရဲ့အလယ်မှာ နယူးကလိယရှိတယ်ပေါ့ကွာ။ ပြီးတော့ အီလက်ထရွန်တွေဟာ အဲဒီနယူးကလိယကို အီလစ်ပုံပတ်လမ်းအသီးသီးနဲ့ လှည့်ပတ်နေကြတယ်တဲ့ တပည့်တို့။ ဘာ့ကြောင့် လှည့်ပတ်နေရသလဲဆိုတော့ လျှပ်စစ်ရဲ့သဘောမှာ အဖိုနှင့်အမဟာ ဆွဲငင်နေကြရတယ်တဲ့။ အဲဒီ ဆွဲငင်အားကြောင့် အီလက်ထရွန်တွေဟာ နယူးကလိယကိုလှည့်ပတ်နေရတာတဲ့ တပည့်တို့။ နောက်တစ်ချက် မှတ်ထားကြဦး။ အဲဒီ နယူးကလိယထဲမှာ နယူထရွန် ဆိုပြီး လျှပ်စစ်ဓာတ်မရှိတဲ့အမှုန်တွေလည်း ရှိသေးတယ်။ ပြီးတော့ အဲဒီအီလစ်ပုံပတ်လမ်းတွေမှာ သတ်မှတ်ထားတဲ့စွမ်းအင်တန်ဖိုးအသီးသီးရှိကြတယ်။ အဲဒါကို ရူသာဖို့ဒ်ရဲ့တပည့်ဖြစ်သူ ဒိန်းမတ်နိုင်ငံသား ဗိုး ဆိုတဲ့ပညာရှင်က သင်္ချာပုံသေနည်းနဲ့တွက်ပြခဲ့တယ်။ ဆိုတော့ အီလက်ထရွန်တွေဟာ မိမိပတ်လမ်းမှာ သတ်မှတ်ထားတဲ့ စွမ်းအင်အကန့်အသတ်နဲ့ပဲ နယူးကလိယကိုလှည့်ပတ်နေရတယ်။ သဘောက ဒီလိုကွာ …. စွမ်းအင်တန်ဖိုး 10 ရှိတဲ့ပတ်လမ်းမှာ အီလက်ထရွန်ဟာ စွမ်းအင်တန်ဖိုး 10 နဲ့ပဲလှည့်ပတ်ရမယ်။ အဲတန်ဖိုးထက်များသွားလို့မရသလို နည်းသွားလို့လည်းမရဘူး။ အဲဒါကို ကန့်သတ်စွမ်းအင် လို့ခေါ်တယ်။ ဆိုတော့ အက်တမ်ဖွဲ့စည်းပုံကို အကျဉ်းချုပ်ပြောရရင်….

  1. အရာဝတ္ထုတိုင်းကို အက်တမ်နဲ့ဖွဲ့စည်းထားတယ်။
  2. အက်တမ်ရဲ့အလယ်မှာ နယူးကလိယရှိတယ်။
  3. နယူးကလိယထဲမှာ အဖိုလျှပ်စစ်ဓာတ်ဆောင်တဲ့ပရိုတွန်အမှုန်တွေနှင့် လျှပ်စစ်ဓာတ်မရှိတဲ့နယူထရွန်အမှုန်တွေရှိတယ်။
  4. နယူးကလိယကို အီလက်ထရွန်တွေက ကန့်သတ်စွမ်းအင်တန်ဖိုးရှိတဲ့ အီလစ်ပုံပတ်လမ်းတွေနဲ့ လှည့်ပတ်နေကြတယ်။

အဲဒါ အက်တမ်ဖွဲ့စည်းပုံပဲ ကွ။

အဲဒီ လေးချက်ကိုသိရင် တပည့်တို့မေးထားတဲ့မေးခွန်းကို ရှင်းပြလို့ရပြီ။ အီလက်ထရွန်တွေဟာ ကန့်သတ်စွမ်းအင်ရှိတဲ့ပတ်လမ်းတွေမှာ လှည့်ပတ်နေတယ်ဆိုပေမယ့်  အခြားသောပတ်လမ်းတွေမှာ လှည့်ပတ်လို့မရကြတော့ဘူးလား။ ဒီမေးခွန်းကိုစဉ်းစားရမယ်။ အဖြေကတော့ လှည့်ပတ်လို့ရတယ် တပည့်တို့။

ကဲ ဘယ်လိုလှည့်ပတ်နိုင်သလဲဆိုတော့…ဒီလိုကွ…။

ဥပမာ…အေးစက်နေတဲ့ သံတုံး ကိုအပူပြင်းထန်စွာပေးလိုက်ရင် အဲသံတုံးဘာဖြစ်သွားမလဲ။ တဖြည်းဖြည်းနဲ့ပူလာမယ် … ပြီတော့ နီရဲတဲ့အရောင်အဖြစ်သို့ရောက်ရှိမယ်။ ဆိုတော့ အနီရောင်တောက်လာရင် အလင်းရောင်ထွက်နေပြီလို့ တပည့်တို့ ကောက်ချနိုင်တယ်။ အာ့ဆို အနီရောင် ဘာ့ကြောင့်ထွက်လာသလဲကွာ။ အပူပေးထားလို့ပေါ့ ဆရာရဲ့။ ဟုတ်ပြီကွ…အပူပေးတယ်ဆိုတာ ဘာကိုပေးနေတာလဲသိလား။

သူတို့တွေ (တပည့်တွေ) ငြိမ်သွားရှာတယ်။

”အပူပေးနေတယ် ဆိုတာ သံတုံးမှာရှိတဲ့ အီလက်ထရွန်တွေကို စွမ်းအင်ပေးနေတာ တပည့်တို့။ တိတိကျကျပြောရရင် အပူစွမ်းအင်တွေကို အီလက်ထရွန်တွေဆီကို ပေါင်းထည့်နေတာ။ ဒါဆို  အီလက်ထရွန်တွေမှာ စွမ်းအင်တန်ဖိုးနည်းလာမလား (သို့) များလာမလား။ ဟာ…ဆရာ..လွယ်လွယ်လေး…ပေါင်းထည့်တယ်ဆိုတော့ များလာမှာပေါ့။ ကဲ… အီလက်ထရွန်တွေမှာ စွမ်းအင်တန်ဖိုးများလာတယ်ဆိုတော့ သူ့ရဲ့ ကိုယ်ပိုင်ပတ်လမ်းတွေမှာ လှည့်ပတ်နိုင်ခွင့်ရှိတော့မလား။ ဘယ်ရှိတော့မလဲ တပည့်တို့။ နဂိုကတည်းက ကန့်သတ်စွမ်းအင်တန်ဖိုးနဲ့ လှည့်ပတ်နေကြရရှာတာ။ အခုက  အပူစွမ်းအင်ပေါင်းထည့်လိုက်တော့ စွမ်းအင်တန်ဖိုးများသွားပြီး သူတို့ရဲ့ကိုယ်ပိုင်ပတ်လမ်းမှာ လှည့်ပတ်လို့အဆင်မပြေတော့ဘူး။ ဒါဆိုရင် ဘာလုပ်ကြမလဲ… ပတ်လမ်းပြောင်းပြီးလှည့်ပတ်ရုံပဲပေါ့။ ကဲ…မှတ်ထားကြ တပည့်တို့ … အီလက်ထရွန်တွေဟာ ပတ်လမ်းတစ်ခုကနေတစ်ခုကို ကူးပြောင်း (Jump) ပြီးလှည့်ပတ်ကျတဲ့အခါ အလင်းဆိုတာ ဖြာထွက်လာတယ်။ ဥပမာ – စွမ်းအင်တန်ဖိုး 10 ရှိတဲ့ပတ်လမ်းမှာလှည့်ပတ်နေတဲ့ အီလက်ထရွန်တစ်လုံးဟာ စွမ်းအင်တန်ဖိုး 3 ရှိတဲ့ပတ်လမ်းသို့ Jump လုပ်သွားရင် ဘာဖြစ်သွားမလဲ။ ဘာဖြစ်သွားမလဲဆိုတော့ ခုန်ကူးသွားတဲ့ အီလက်ထရွန်ဟာ စွမ်းအင်တန်ဖိုး 3 နဲ့ပဲ နယူးကလိယကိုလှည့်ပတ်ရတော့မှာ…ဆိုတော့ သူ့မှာ ပိုနေတဲ့ စွမ်းအင်တန်ဖိုး 7 ကိုအလင်းအနေနဲ့ ဖြာထုတ်လိုက်ရတယ်။ ဆိုတော့ အလင်းရောင်ထွက်လာပြီပေါ့ကွာ

….ကဲ ဒါဆိုရင် ကြယ်တွေဆီက ဘာ့ကြောင့် အလင်းရောင်ထွက်ကျလာသလဲဆိုတာ ဆရာ့တပည့်တို့ရိပ်မိကြလောက်မှာပါ။ ကြယ်ဆိုတာ လောင်ကျွမ်းနေတဲ့ မီးတောက်ကြီးနော် တပည့်တို့။ ဆိုတော့ သူ့မှာအီလက်ထရွန်တွေဟာလည်း အမြဲတမ်း ပတ်လမ်းပြောင်းနေကြရတယ်။ ဆိုတော့ အလင်းထွက်ပြီပေါ့ကွာ။ ကျွန်တော် သက်ပြင်းချလျက်…. တပည့်တွေလည်း ပါးစပ်အဟောင်းသားနဲ့ ဆွေးနွေးပွဲကြီး နိဂုံးချုပ်လိုက်ရတယ်။ သူတို့ဆီက နိဂုံးချုပ်မှာကြားလိုက်ရတဲ့ Reply ကတော့ ” သြော်” ဆိုတဲ့ စကားလုံးတစ်ခုပဲ။ ကျွန်တော့်အနေနဲ့ လက်တွေ့ရလိုက်တဲ့ မက်ဆေ့(စ်)ကတော့ ပညာဆိုတာ သင်ရိုးထက်အများကြီးပိုတယ်ဆိုတာပါပဲ။ တစ်ခါတရံ ကလေးတွေမှာ ချစ်စရာကောင်းတဲ့ မေးခွန်းလေးတွေရှိနေတတ်ကြတယ်။ အဲဒါ အသက် ပဲခင်ဗျ။ အဲ့ မေးခွန်းလေးတွေကို သတ်ပစ်လိုက်ရင် ကလေးတွေရဲ့ဘဝတွေကို သတ်လိုက်တာနဲ့ အတူတူပါပဲ။ ကိုယ်မသိရင်တောင် မေးလာတဲ့အခါ ကလေးတွေ ကိုနှစ်သိမ့်ပြီး မနက်ဖြန်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ အဖြေပေးလိုက်ရင် သင့်အတွက် ဒီနေ့ဟာ အင်မတန်သိက္ခာရှိသွားပါပြီ။ ကျွန်တော် ဆယ်တန်းက ကျွန်တော့်ဆရာပြောခဲ့တဲ့ စကားလေးကို အရမ်းသတိရတယ်။ သူစာသင်လို့ပင်ပန်းလာတဲ့နေ့ဆိုရင် ဒီလိုလေးပြောပါတယ် …

“စာအုပ်ထဲကအကြောင်းအရာတွေကို ပညာနဲ့တူအောင် သင်ရင်တကယ်ပင်ပန်းတယ် .. တပည့် … စာကိုစာအတိုင်း သင်ရင်တော့ တစ်မျိုးပေါ့ကွာ”

ဆိုပြီးပြောပါတယ်။ ကျွန်တော် အခုနားလည်လိုက်ပါပြီ။ တကယ်ပါ….ဒါဟာ ..အမှန်တရားတွေပါဗျ။ စာသင်ရတဲ့အလုပ်က အင်မတန် မလွယ်ကူပါဘူး …. အကြောင်းအရာတစ်ခုကို ကိုယ်နားလည်ရင်တောင် အဲဒီအကြောင်းအရာကို ကလေးတွေအတွက် ဘယ်လို လက်ဆင့်ကမ်းပေးရမလဲဆိုတဲ့ အပိုင်းကတော်တော်နက်နဲပါတယ်။

ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်လျက်…

ဆရာသောင်း

ဆက်စပ်ဆောင်းပါး